DVB Logo
Home
မြန်မာသတင်း
ရှမ်းပြည်နယ်မှ ဦးခေါင်း ၁ လုံးသာပါရှိသည့် အမွှာကလေးငယ် ချင်းမိုင်တွင် ခွဲစိပ်
DVB
·
June 24, 2014
ရှမ်းပြည်နယ်မှ ဦးခေါင်း ၁ လုံးသာပါရှိသည့် အမွှာကလေးငယ် ချင်းမိုင်တွင် ခွဲစိပ်
Donate to DVB

ရှမ်းပြည်နယ် သီပေါမြို့နယ်က  ခေါင်းတစ်လုံးသာပါတဲ့ အမွှာကလေးငယ်တစ်ဦးဟာ  ထိုင်းနိုင်ငံ ချင်းမိုင်မြို့  မဟာရတ်ခ်ျဆေးရုံမှာ လာရောက်ခွဲစိပ်ဆေးကုသမှု ခံယူနေရပါတယ်။

photo7သီးခြား ဦးခေါင်းပါမလာဘဲ  ရင်ဘတ်ကနေ နောက်တဦးတွဲကပ်နေတဲ့  ၆ လရွယ် သမီးငယ် နောင့်ဆိုင်လောဝ်ကို ချင်းမိုင်မဟာရတ်ခ်ျဆေးရုံကြီးမှာ ဒီကနေ့မနက်ပိုင်းက ခွဲစိပ်ကုသ ခဲ့တယ်လို့  ဒီကိစမှာ  လိုက်ပါကူညီပေးနေတဲ့  ရှမ်းအမျိုးသမီးရေးရာ ဆက်သွယ်လှုပ်ရှားဆောင်ရွက်ရေး အသင်း က ပြောပါတယ်။

နောင့်ဆိုင်လောဝ်ကို မနက် ၈ နာရီက ခွဲခန်းကို ခေါ်သွားပြီး နေ့ခင်း ၁၂ နာရီမှာ ခွဲစိပ်ပြီးစီးကြောင်း ဆလိုက်ရှိုးနဲ့  ပြသချက်အရ သိရတယ်လို့ ဆေးရုံမှာ ရောက်ရှိနေတဲ့ ရှမ်းအမျိုး သမီးရေးရာအဖွဲ့ဝင် နန်းမွမ်းဟွမ်က ရှမ်းဘာသာနဲ့ ခုလိုပြောပါတယ်။

“မနက် ၈ နာရီက ခွဲခန်းထဲခေါ်သွားပြီး နေ့ခင်း ၁၂ နာရီလောက်မှ ခွဲပြီးတဲ့အကြောင်း ဆလိုက်ရှိုးနဲ့ ပြထားပါတယ်။ ကလေးက အပြင်တော့ မထွက်လာရသေးဘူး။ ဒီည အိုင်စီယူ (အရေးပေါ်) ခန်းမှာဘဲ ထားမယ်လို့ ဆရာဝန်က ပြောပါတယ်။ ခွဲစိပ်အထူးကုဆရာဝန်ကြီးက ဦးစီးပြီးတော့ ခွဲပေးတာပါ။ အဲဒီမှာ အရိုးဘက်ဆိုင်ရာ၊ အကြောဆိုင်ရာ၊ သွေးကြောဆိုင်ရာ၊ ကလေးဆရာဝန်တွေရော အဖွဲ့ဝင်တွေ အများကြီးပါပါတယ်။  ဓာတ်ပုံရိုက်ခွင့်တော့ မရှိပါဘူး။ ကုသမှုအားလုံးပြီးစီးသွားရင် သတင်းစာရှင်းလင်းပွဲ လုပ်မယ်။”

မိန်းကလေးကိုယ်မှာ တွယ်ကပ်နေတဲ့ နောက်ထပ်အမွှာဟာ အပြင်ပန်းကနေကြည့်ရင် ခြေနဲ့ လက် ၁ စုံစီ၊  အမျိုးသမီးအင်္ဂါ နဲ့ ကျင်ကြီးစွန့် အင်္ဂါပါရှိတာ တွေ့ရပြီး ဆရာဝန်တွေ ပြောပြချက်အရ အတွင်းပိုင်းမှာ ကျောက်ကပ်နဲ့ ဆီးလမ်းကြောင်း ပါရှိကြောင်း၊ နောင့်ဆိုင်လောဝ်မှာ ကျန်းမာရေး ပုံမှန်ရှိပြီး ဘေးရန်ကင်းစွာခွဲစိပ်ပေးနိုင်မယ်လို့ ယုံကြည်ကြောင်း နန်းမွမ်းဟွမ်က ဆက်ပြီး ရှင်းပြပါတယ်။

မိန်းကလေးရဲ့ မိဘတွေဟာ ရှမ်းပြည်မြောက်ပိုင်း သီပေါမြို့နယ် နောင်နိုင်းကျေးရွာက ဖြစ်ပြီး ပြည်တွင်းအလှူရှင်တွေက သူတို့အဖွဲ့အစည်းကို ဆက်သွယ်မေးမြန်းခဲ့ကြောင်း၊ သူတို့ကလည်း ကလေးဓာတ်ပုံနဲ့အတူ ထိုင်းနိုင်ငံက ဆေးရုံတွေဆီ ဆက်သွယ်စုံစမ်းရာမှာ ချင်းမိုင် မဟာရတ်ခ်ျ (ဆွန်ဒေါက်)က လက်ခံကုသပေးမှာဖြစ်ပြီး ကုန်ကျစရိတ်လည်း တာဝန်ယူမယ်ဆိုလို့  ခေါ်လိုက်တာလို့  ရှမ်းအမျိုးသမီးရေးရာ ရဲ့ ပြောခွင့်ရ နန်းဆိုင်မွန်းက ဖြည့်စွက်ပြောကြားပါတယ်။

“ကျမတို့အဖွဲ့ကလည်း ဒုက္ခရောက်နေတဲ့ အမျိုးသမီးတွေ ကလေးငယ်တွေကို အကူအညီ ပေးနေတဲ့ အဖွဲ့ဆိုပြီး သိကြတော့ ပြည်တွင်းကနေ ဆက်သွယ်လာတာပေါ့နော်။ ၆ လရွယ် မိန်းကလေးကို ခွဲစိပ်ကုသချင်တယ်ပေါ့။ ပြီးတော့ ကျမတို့အဖွဲ့အစည်းအနေနဲ့ ဒီဘက်ကနေ အစစအရာရာ တာဝန်ယူကူညီပေးဖို့ ခွဲစိပ်ပြီးတဲ့အထိ ကူပေးဖို့ ဆက်သွယ်လာပါတယ်။”

သမီးဦးကို ၂၀၁၃ ဒီဇင်ဘာလ ၁၁ ရက်နေ့မှာ သားဖွားဆရာမ ၂ ဦးနဲ့  အိမ်မှာဘဲ မွေးဖွား ခဲ့ကြောင်း၊ ကံအကြောင်းတရားကြောင့် သမီးလေးခုလိုဖြစ်ရပေမယ့် ခွဲစိပ်ကုသခွင့်မရခဲ့ ရင်တောင်မှ ဒီလိုအခြေနဲ့ဘဲ ကျွေးမွေးပြစုသွားမယ်လို့  မိခင်ဖြစ်သူ နန်းခမ်းငွေက  ပြောပါတယ်။

“သမီးကို ဆရာမ နန်းပိန်းပန်နဲ့ ဒေါ်နန်းဆွေတို့က မွေးပေးတာပါရှင့်။ မနက် ၅ နာရီမှာပါ။ ကိုယ်ဝန်ရှိတုန်းကလည်း ဘာမှမလုပ်ခဲ့ပါဘူး။ ပုံမှန်ပါဘဲ။ သမီးကို ဒီအတိုင်းဆိုရင်လည်း ကျွေးမွေးပြုစုသွားမှာပါ။ ဒီဆေးရုံလာရတော့လည်း ၀မ်းသာပါတယ်။ သမီးဘေးကင်းအောင်လို့ ဒီမနက် ဆေးရုံကဘုရားခန်းမှာ ဆွမ်းလောင်းပြီး ဆုတောင်းခဲ့ပါတယ်။”

ထိုင်းကိုမလာခင်က  မြန်မာပြည်မှာ  ကျန်းမာရေးဌာနက ဆရာဝန်တွေ အိမ်ကိုရောက်လာပြီး ကလေးကို ရန်ကုန်မှာ ခွဲစိပ်ကုသပေးရေး အကူအညီပေးမယ်လို့ ကမ်းလှမ်းခဲ့ကြပေမယ့် အလှူရှင်တွေရဲ့ သဘောဆန္ဒအလျောက်  ဒီကိုရောက်လာကြောင်း၊  ဖခင်ဖြစ်သူ စိုင်းလှမြင့်က ပြောပါတယ်။

“သီပေါက ဆေးရုံဆရာ၊ ဆရာမတွေ ၅ ဦး အိမ်ကိုလာပါတယ်။ ရန်ကုန်မှာ သွားခွဲဖို့၊ သူတို့ကူညီပေးမယ်ပြောတယ်။ ကျနော်တို့က ဗမာစကားလည်း မတတ်ဘူး။ အခက်အခဲရှိမှာစိုးလို့ အလှူရှင် ရှမ်းလူကြီးတွေကလည်း ထိုင်းကိုပို့ပေးမယ်လို့ပြောတယ်။ ဒါကြောင့် ဒီကိုလာတာ။ လမ်းမှာ လာတာ ဘာအခက်အခဲမှ မရှိပါဘူး။”

ရှမ်းပြည်နယ်မှာ မနှစ်ကလည်း ခြေလေးချောင်းပါ မိန်းကလေးငယ် ၁ ဦးကို ပင်လုံမြို့နယ် လွယ်မွတ်ကျေးရွာမှာ ဖွားမြင်ခဲ့ပြီး ဧရာဝတီဖောင်ဒေးရှင်းက ကုန်ကျစရိတ်အားလုံး တာဝန်ယူကာ ရန်ကင်းကလေးဆေးရုံကနေ  ပထမဆုံးအကြိမ် အောင်မြင်စွာ ခွဲစိပ်ကုသပေးခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013