
ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ်၊ မန္တလေး-ရန်ကုန်လမ်းဟောင်း၊ မိုင်တိုင်အမှတ် ၁၈၀/၃၊ သပြေတန်းရွာနဲ့ ကုန်းကြီးလမ်းဆုံကြားမှာ ဧပြီ ၂၇ ရက် မနက်က စက္ကူတင်ကား မီးလောင်ပြီး လူတဦး သေဆုံးခဲ့တယ်လို့ မြို့ခံကယ်ဆယ်ရေးအသင်းက ပြောပါတယ်။
အဲ့ဒီနေ့ မနက် ၇ နာရီဝန်းကျင်က လမ်းဟောင်းပေါ်မှာ မောင်းလာတဲ့ ဖောကားနောက်ခန်း စက္ကူဂျပ်ဖာတွေရှိတဲ့နေရာကို ယာဉ်မောင်းလွှင့်ပစ်လိုက်တဲ့ ဆေးလိပ်တိုနဲ့ မီးပွားစင်ပြီး မီးလောင်ခဲ့တာပါ။
“လမ်းမှာ ကားကြုံစီးလာကြတာ၊ ကုန်းကြီးလမ်းဆုံနားမှာ ကားပေါ်က စက္ကူတွေ မီးထလောင်တော့ ကောင်မလေးက လန့်ပြီးခုန်ချတာ ထင်တယ်၊ တွေ့ရတာတော့ လမ်းပေါ်ပါပဲ၊ အသင်းကရောက်တော့ DB ဖြစ်နေပြီ။ သူတို့ရွာကလူတွေနဲ့တော့ အဆက်အသွယ်ရပြီ” လို့ မြို့ခံကယ်ဆယ်ရေးအသင်းက ပြောပါတယ်။
အဆိုပါ ကားနောက်ခန်းမှာ အမျိုးသမီး ၂ ဦး ကားကြုံလိုက်စီးလာတာဖြစ်ပြီး စက္ကူဂျပ်ဖာတွေ မီးစလောင်တာကြောင့် အသက် ၁၇ နှစ်အရွယ် အမျိုးသမီးက လန့်ကာ လမ်းမပေါ် ခုန်ချတာကြောင့် သေဆုံးသွားတယ်လို့ သိရပါတယ်။
မီးလောင်မှုကို ရေတာရှည်မြို့နယ်က မီးသတ်ယာဉ် ၂ စီးနဲ့ မြို့ခံကယ်ဆယ်ရေးအသင်းတို့က မီးငြှိမ်းသတ် ကယ်ဆယ်ခဲ့ကြပြီး ဖောကားရဲ့ နောက်ဘက်ခြမ်းတခုလုံး မီးလောင်ကျွမ်းသွားပါတယ်။
သေဆုံးသူအမျိုးသမီး ရုပ်အလောင်းကို ရေတာရှည်ဆေးရုံ ပို့ဆောင်ထားပြီး ယာဉ်မောင်းအမျိုးသားကို ရေတာရှည်ရဲစခန်းမှာ အမှုဖွင့် စစ်ဆေးနေတယ်လို့ သိရပါတယ်။