DVB Logo
Home
မြန်မာသတင်း
ရေစကြိုတောင်ပိုင်းက PDF ရဲဘော်များ စားနပ်ရိက္ခာ ပြတ်လပ်နေသဖြင့် အကူအညီတောင်းခံ
DVB
·
April 28, 2023
ရေစကြိုတောင်ပိုင်းက PDF ရဲဘော်များ စားနပ်ရိက္ခာ ပြတ်လပ်နေသဖြင့် အကူအညီတောင်းခံ
Donate to DVB

မကွေးတိုင်း၊ ရေစကြိုမြို့နယ်ထဲက ဒေသကာကွယ်ရေးတပ်ဖွဲ့တခုဖြစ်တဲ့ Southern YSO PDF က ရဲဘော်တွေအတွက် ရိက္ခာပြတ်လပ်နေပြီး စားသောက်ရေးအတွက် ပြည်သူလူထုရဲ့ အကူအညီတွေ လိုအပ်နေတယ်လို့ သိရပါတယ်။

ပြည်သူတွေရဲ့ ထောက်ပံ့ငွေတွေကို တိုက်ပွဲတွေ ဖော်ဆောင်ဖို့ လက်နက်နဲ့ တိုက်ခိုက်ရေး လိုအပ်ချက်တွေမှာပဲ ဖြည့်ဆည်းနေရလို့ လက်ရှိမှာ အဖွဲ့အတွက် စားနပ်ရိက္ခာပြတ်လပ်နေပြီး ပထမဆုံးအကြိမ်အဖြစ်နဲ့ အခုလို အကူအညီတောင်းခံရတာဖြစ်တယ်လို့ Southern YSO PDF အဖွဲ့ တာဝန်ခံ ကိုအောင်မောင်းက ပြောပါတယ်။

“ကျနော်တို့က လက်ရှိ တော်လှန်ရေးအရှိန်မြင့်လာနဲ့အမျှ ပြည်တွင်း ပြည်ပက ထောက်ပို့အလှူငွေတွေကို လက်နက်အနောက်ကို တကောက်ကောက်လိုက်ရတယ်။ လက်နက်ရှိတော့လည်း ကျည်က လုံလောက်တာမရှိဘူး။ ကျည် ၁၀၀ ကို ၁၁ သိန်း၊ ကျည် ၁,၀၀၀ ကို သိန်း ၁၁၀ ဖြစ်နေချိန်မှာ ကျနော်တို့က အစားအသောက်ကို ချွေတာတယ်။ အာ့လို တိုက်ပွဲအခြေအနေအပေါ် မူတည်ပြီး လက်နက်တွေ ဖြည့်တင်းနေရတော့ ကျနော်တို့မှာ အခုဆို အစားအသောက် ရိက္ခာတွေ လိုအပ်ချက်တွေ ရှိလာတာပါ။ အခုချိန်ထိ ရပ်တည်လာနိုင်တယ် ဆိုတာကလည်း ကျနော်တို့က ထုတ်လုပ်ရေးပိုင်းကို အားစိုက်ခဲ့လို့ပါ။ တခါမှ စားနပ်ရိက္ခာနဲ့ပတ်သက်လို့ အကူအညီ မတောင်းခဲ့ပေမဲ့ အဆင်မပြေတဲ့ ပြည်သူတွေကို အားနာနာနဲ့ပဲ ကျနော့်အနေနဲ့ အခုလို အကူအညီတောင်းရတာပါ။”

Southern YSO PDF အဖွဲ့က လက်နက်ကိုင်တော်လှန်ရေး စတင်ခဲ့ကတည်းက ပြည်သူနဲ့အတူ ၂ နှစ်နီးပါးကြာအောင် တိုက်ပွဲဝင်ခဲ့တဲ့ မကွေးတိုင်း ရေစကြိုမြို့နယ် ကာကွယ်ရေးတပ်ဖွဲ့တခု ဖြစ်ပါတယ်။ ငွေကြေးလိုအပ်ချက်တွေက များနေပြီး ပြီးခဲ့တဲ့ ၃ လလောက်ကတည်းက စားနပ်ရိက္ခာ ပြတ်လပ်တာကို ကြုံတွေ့နေခဲ့တာလို့ ဆက်ပြောပါတယ်။

“ကျနော်တို့က တစိုက်မတ်မတ် တော်လှန်ရေးကို လုပ်ခဲ့တာမှာ ၁၂ လပိုင်းမှာ ကျနော့်ရဲဘော်တွေ ကျတယ်။ အဲဒီနောက်ပိုင်း တောက်လျှောက် စခန်းမီးရှို့ခံရတယ်။ ၂ လပိုင်းမှာ ထပ်ပြီး ရဲဘော်တွေကျဆုံးတယ်။ ကား ၂ စီး ဖျက်ဆီးခံရတယ် ဆိုတော့ စခန်းအသစ် ဆောက်ရတယ်၊ အိုးခွက်ပန်းကန်ကအစ အကုန်အသစ်ဝယ်ရတယ် ဆိုတော့ အဲဒီမှာ ငွေက တော်တော်ပန်းသွားတာ။ လစဉ်ထောက်ပံ့ကြေးတွေရှိပေမဲ့ အဘက်ဘက်ကနေ ငွေကြေးလိုအပ်ချက်တွေ၊ လက်နက်ခဲယမ်း၊ မစ်ရှင်ဖော်ဆောင်မှု၊ ထုတ်လုပ်ရေး စတာတွေ ဘက်မှာလည်း ငွေကြေးက လိုအပ်နေတာဆိုတော့ ကျနော်တို့က စားသောက်ရေးကို အလေးအနက်ထားခဲ့တာ မဟုတ်ပါဘူး။ ပြီးခဲ့တဲ့ ၂ လ ၃ လလောက်ကတည်းက စားနပ်ရိက္ခာ ပြတ်လပ်တာကို ကြုံခဲ့ရတာပါ” လို့ ကိုအောင်မောင်းက ဆက်ပြောပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၈ ရက်က သဲတောကျေးရွာကို ဝင်လာတဲ့ စစ်ကောင်စီစစ်ကြောင်းက Southern YSO PDF စခန်းကို မီးရှို့ဖျက်ဆီးခဲ့ပြီး တပ်ဖွဲ့ထဲ အတူရှိနေတဲ့ Urban Underground Revolution Force က တပ်ဖွဲ့ဝင် စုံတွဲတတွဲလည်း မီးရှို့သတ်ဖြတ်ခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013