DVB Logo
Home
မြန်မာသတင်း
စစ်ကောင်စီကို တွန်းလှန်ရန် ၁ နှစ်အစီအစဉ် ချမှတ်ဆောင်ရွက်နေ၊ ၂၀၂၃ ခုနှစ်အတွင်း စခန်းသိမ်း တိုက်ပွဲ ၄၄ ပွဲရှိခဲ့ဟု NUG ပြော
DVB
·
April 27, 2023
စစ်ကောင်စီကို တွန်းလှန်ရန် ၁ နှစ်အစီအစဉ် ချမှတ်ဆောင်ရွက်နေ၊ ၂၀၂၃ ခုနှစ်အတွင်း စခန်းသိမ်း တိုက်ပွဲ ၄၄ ပွဲရှိခဲ့ဟု NUG ပြော
Donate to DVB

နှစ်ပေါင်းများစွာ အခြေတည်လာခဲ့တဲ့ အကြမ်းဖက်စစ်ကောင်စီကို အမြစ်ကနေ တွန်းလှန် ဖြိုဖျက်ရာမှာ ပြင်းပြင်းထန်ထန် ဖိအားပေး တိုက်ခိုက်မှုလိုတာကြောင့် One Year Plan ကို ချမှတ်ပြီး အကောင်အထည်ဖော် ဆောင်ရွက်နေတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက ပြောလိုက်ပါတယ်။

ဧပြီ ၂၇  ရက် ဒီကနေ့ပြုလုပ်တဲ့ ကြားကာလ ဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီ အစည်းအဝေးမှာ ခုလိုပြောလိုက်တာပါ။

ပြည်ထောင်စုဝန်ကြီးချုပ်က ခုတပတ်အတွင်း စစ်ရေးဖော်ဆောင်မှုကဏ္ဍပိုင်းမှာ အရှိန်အဟုန် မြှင့်လာပြီး အောင်မြင်မှုတွေရရှိတဲ့ သတင်းတွေကို ကြားသိရကြောင်းနဲ့ အသက်စွန့်ပြီး တာဝန်ယူ ဆောင်ရွက်ပေးနေကြတဲ့ တဦးချင်းစီကို အသိအမှတ်ပြု ကျေးဇူးတင်တယ်လို့လည်း ပြောပါတယ်။

ဒါ့အပြင် နယ်မြေသိမ်းပိုက်နိုင်တဲ့ ဒေသတွေမှာ အုပ်ချုပ်ရေးလုပ်ငန်းတွေ ဆောင်ရွက်နိုင်ဖို့ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့တွေက ဝင်ရောက်ပြီးတော့ ဆက်လက်ပုခုံးပြောင်း တာဝန်ကို ထမ်းဆောင်ကြရမှာကြောင့် အဆင့်ဆင့်လုပ်ငန်းတွေကို မလစ်ဟင်းစေရေးအတွက် ကြားကာလ ဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီကို ဖွဲ့စည်းပြီး အုပ်ချုပ်ရေးကိစ္စတွေ ကြိုတင်စီမံ အုတ်မြစ်ချနေတာ ဖြစ်တယ်လို့လည်း ပြောပါတယ်။

နွေဦးတော်လှန်ရေးမှာ NUG အစိုးရအနေနဲ့ စစ်ရေးနဲ့ အုပ်ချုပ်ရေးကို ယှဉ်တွဲပြီး အကောင်အထည်ဖော် ဆောင်ရွက်ရတာဖြစ်ပြီးတော့ မူဝါဒတွေ ချမှတ်ရာမှာလည်း မြေပြင်နဲ့ ကိုက်ညီပြီး အများသဘောဆန္ဒဖြစ်ဖို့ အလေးပြု ဆောင်ရွက်ကြဖို့ ဖြစ်တယ်လို့လည်း ပြည်ထောင်စုဝန်ကြီးချုပ်က ပြောပါတယ်။

ဒါ့အပြင် NUG အစိုးရ ယာယီသမ္မတ ဒူဝါလရှီးလကလည်း အခု ၂၀၂၃ ခုနှစ်ထဲမှာ စစ်ရေးရလဒ်နဲ့ နိုင်ငံရေးရလဒ်တွေ သိသိသာသာထွက်ပေါ်ဖို့ အထူးမျှော်လင့်ထားပြီး “NUG အစိုးရဟာ လေလှိုင်းထဲကအစိုးရ မဖြစ်စေရဘူး” လို့ ပြောထားပါတယ်။

“အာဏာရှင်နိဂုံး ၂၀၂၃” ဆိုတာ သာမန်ကြွေးကြော်သံ တခုမျှသာ မဟုတ်ပါဘူး။ စနစ်တကျ စီမံညှိနိုင်း ပြင်ဆင်ပြီးမှ ထုတ်ပြန်လိုက်တဲ့ တိုက်ပွဲခေါ်သံစစ်စစ်သာဖြစ်ပါတယ်လို့ NUG ကာကွယ်ရေးဝန်ကြီးဌာနကလည်း ဒီကနေ့ သတင်းထုတ်ပြန်ထားပါတယ်။

၂၀၂၃ ဇန်နဝါရီ ၁ ရက်နေ့ကစပြီး ဒီနေ့အထိ PDF တွေပါဝင်တဲ့ တပ်ပေါင်းစုတွေက စစ်ကောင်စီတပ်နဲ့ စခန်းသိမ်းတိုက်ပွဲ ၄၄ ပွဲ၊ လေတပ်စခန်းတိုက်ခိုက်မှု ၆ ခု၊  လက်နက်စက်ရုံများ တိုက်ခိုက်မှု ၉ ခုနဲ့ ရန်သူ့ဌာနချုပ်စခန်း တိုက်ခိုက်မှု ၁၁ ခုထိ ရှိခဲ့တယ်လို့လည်း ဆိုပါတယ်။

လတ်တလောမှာတော့ အာဏာသိမ်းစစ်အုပ်စုရဲ့ ပြည်သူလူထုအပေါ် အကြမ်းဖက် ဖိနှိပ်ဖမ်းဆီး တိုက်ခိုက်သတ်ဖြတ်နေမှုတွေကို ပြည်သူတရပ်လုံးက အသက်ရှင်သန်ရေး အတွက် ခုခံကာကွယ်ပိုင်ခွင့်အရ ပြည်သူ့ခုခံစစ်ကို ဆင်နွှဲနေကြပါတယ်။

နိုင်ငံတဝန်းမှာတော့ မြန်မာပြည်သူတွေဟာ စစ်အာဏာရှင်စနစ် မြန်မာ့မြေပေါ်မှ အပြီးတိုင် ချုပ်ငြိမ်းရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီ တည်ဆောက်ရေးအတွက် ငြိမ်းချမ်းစွာဆန္ဒပြတဲ့ လူထုသပိတ်တိုက်ပွဲတွေ တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေအနှံ့အပြား ပြုလုပ်နေကြသလို ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်တွေ၊ တိုင်းရင်းသား လက်နက်ကိုင်တပ်တွေနဲ့ စစ်ကောင်စီတပ်တွေကြား တိုက်ပွဲတွေ ပြင်းထန်နေပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013