DVB Logo
Home
မြန်မာသတင်း
အမေရိကန် လက်ထောက်နိုင်ငံခြားရေးဝန်ကြီး တိုင်းရင်းသားဒေသတွေ သွားရောက်လေ့လာ
DVB
·
June 23, 2014
အမေရိကန် လက်ထောက်နိုင်ငံခြားရေးဝန်ကြီး တိုင်းရင်းသားဒေသတွေ သွားရောက်လေ့လာ
Donate to DVB

မြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းရေး ဖြစ်စဉ်၊ အမျိုးသား ပြန်လည် သင့်မြတ်ရေးနဲ့ ရင်းနှီးမြှုပ်နှံရေး ကိစ္စရပ်တွေကို ဆွေးနွေးဖို့ အမေရိကန် ပြည်ထောင်စု ဒီမိုကရေစီ၊ လူ့အခွင့်အရေးနှင့် အလုပ်သမားရေးရာဆိုင်ရာ လက်ထောက်ဝန်ကြီး တွမ်မာလီနောင်စကီး ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့ဟာ မွန်ပြည်နယ် မော်လမြိုင်၊ ကရင်ပြည်နယ် ဘားအံနဲ့ နေပြည်တော်တို့ကို ဇွန် ၂၂ ရက်ကနေ ၂၈ ရက်နေ့ အထိ သွားရောက်မှာ ဖြစ်ပါတယ်။

Tom Malinowskiဒီကိုယ်စားလှယ်အဖွဲ့မှာ ကာကွယ်ရေး နိုင်ငံခြားရေးနဲ့ ဘဏ္ဍာရေး ၀န်ကြီးဌာနက ကိုယ်စားလှယ် တွေလည်း လိုက်ပါလာကြမှာဖြစ်သလို မြန်မာစစ်တပ်အရာရှိတွေနဲ့ လူ့အခွင့်အရေး ကိစ္စရပ်တွေ ကို စေ့စပ်ညှိနှိုင်းမှာဖြစ်တယ်လို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။

ဒါ့အပြင် လူမှုရေးအဖွဲ့အစည်းတွေ တိုင်းရင်းသား ကိုယ်စားလှယ်တွေ၊ နိုင်ငံရေး ခေါင်းဆောင်တွေ နဲ့ တွေ့ဆုံပြီး ၂၀၁၅ ရွေးကောက်ပွဲဆိုင်ရာ ကိစ္စတွေကို ပြုပြင်ပြောင်းလဲရေး အခြေအနေနဲ့ သူတို့ ဒေသခံနဲ့ မဲဆန္ဒနယ်က လူအသိုင်းအ၀န်းတွေ ရင်ဆိုင်နေရတဲ့ အခြေအနေတွေကို ဆွေးနွေးမှာ ဖြစ်ပါတယ်။

အမေရိကန်ဝန်ကြီး မာလီနောင်စကီးဟာ ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်မှာတော့ တိုင်းရင်းသားနဲ့ ဘာသာရေး ခေါင်းဆောင်တွေနဲ့ တွေ့ဆုံပြီး အမျိုးသားရင်ကြားစေ့ရေးနဲ့ မတူကွဲပြားမှုတွေအပေါ် စိတ်ရှည်သည်းခံဖို့အတွက် အမေရိကန်က ဘယ်လို ကူညီထောက်ပံ့ပေးနိုင်မလဲဆိုတဲ့ ကိစ္စရပ်တွေကို ဆွေးနွေးသွားဖို့ ရှိနေတယ်လို့ ထုတ်ပြန်ချက်က ရေးပါတယ်။

ဒါ့ပြင် ရခိုင်ပြည်နယ်က လူသားခြင်းစာနာမှုဆိုင်ရာ အခြေ အနေတွေနဲ့ပတ်သက်ပြီးတော့လည်း ဆွေးနွေးဖို့ရှိနေပါတယ်။

ဒီကိုယ်စားလှယ်အဖွဲ့နဲ့ တွေ့ဆုံဖို့ရှိနေတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ဗဟိုအလုပ် အမှုဆောင် အဖွဲ့ဝင် ဒေါ်နန်းခင်ထွေးမြင့်ကတော့ ဆွေးနွေးဖြစ်မယ့် အကြောင်းအရာတွေကို အခုလို ပြောပါတယ်။

“အန်တီတို့က သူတို့မေးလို့ရှိရင် လူ့အခွင့်အရေးဆိုရင်တော့ အန်တီကတော့ အန်တီတို့ ၄၃၆ တော့ သူတို့က ဟိုကန့်ကွက် ဒီကန့်ကွက်နဲ့။ သူတို့ ၉၆၉ က ဘုန်းကြီးကျောင်းမှာ အလွတ်ပဲ ပြောနေကြတယ်။ လတ်တလော အခြေအနေမှာ ပြောစရာတွေကတော့ အများကြီးပဲလေ။ သူတို့ ဘာတွေ ပြောကြမလဲဆိုတာ အန်တီတို့ နားထောင်မယ်။ ဒီ့ပြင်ပါတီတွေလည်း ပါတာကိုး။ ၄၃၆ ရှိတယ်၊ နောက် ပီအာ ကိုလည်း ပြောချင်တယ်။ အရင်တုန်းကတော့ သူတို့ တပါတီအာဏာရှင် စနစ်ကို သူတို့ သဘောမတူပဲနဲ့ အခုကျတော့ တပါတီ အာဏာရှင် စနစ်ဖြစ်မှာကြောက်လို့ ဆိုပြီး ပီအာ ကို အသုံးချတယ်။ ပီအာ က အန်တီတို့ တိုင်းရင်းသားဒေသတွေမှာ အန်တီတို့ တိုင်းရင်းသားတွေ နစ်နာတယ်။”

ရန်ကုန်မှာတော့ အမေရိကန်ဘဏ္ဍာရေးဝန်ကြီးဌာနက အရာရှိတွေနဲ့အတူ ဒေသတွင်းနဲ့ နိုင်ငံတကာ စီးပွားရေး လုပ်ငန်းရှင်တွေနဲ့ ပွင့်လင်းမြင်သာမှု၊ အများယုံကြည်မှု၊ လူ့အခွင့်အရေး၊ သဘာဝ ပတ်ဝန်းကျင်နဲ့ တာဝန်သိတဲ့ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ကိစ္စရပ်တွေဆွေးနွေးမှာဖြစ်ပါတယ်။

ဒါ့အပြင် နေပြည်တော်မှာတော့ တောင်နဲ့ အရှေ့တောင်အာရှ ကာကွယ်ရေးဆိုင်ရာ လက်ထောက် ၀န်ကြီးနဲ့ တခြား အမေရိကန် စစ်ဘက်ဆိုင်ရာ အဆင့်မြင့် အရာရှိတွေက မြန်မာစစ်ဘက်နဲ့ အရပ်ဖက်က ခေါင်းဆောင်တွေနဲ့ တွေ့ဆုံပြီး လူအခွင့်အရေး ကိစ္စတွေကို တွေ့ဆုံ ဆွေးနွေးကြဖို့ ရှိနေပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013