DVB Logo
Home
မြန်မာသတင်း
ခေါင်းဆောင်သစ်ပြန်ရွေးမည့် ကေအန်ယူ ၁၇ ကြိမ်မြောက် ကွန်ဂရက် ကျင်းပ
DVB
·
April 26, 2023
ခေါင်းဆောင်သစ်ပြန်ရွေးမည့် ကေအန်ယူ ၁၇ ကြိမ်မြောက် ကွန်ဂရက် ကျင်းပ
Donate to DVB

ကရင်အမျိုးသားအစည်းအရုံး (ကေအန်ယူ) ခေါင်းဆောင်ပိုင်းအပါအဝင် ဗဟိုကော်မတီဝင်တွေကို ပြန်လည်ရွေးချယ်မယ့် ၁၇ ကြိမ်မြောက် ကွန်ဂရက်ကို ဧပြီ ၂၄ ရက်နေ့က စတင်ကျင်းပနေပါတယ်။

အဆိုပါကွန်ဂရက်မှာ ခေါင်းဆောင်ပိုင်းအပြောင်းအလဲအတွက် ရွေးကောက်ပွဲတွေ လုပ်သွားမှာဖြစ်ပြီး ကရင်ပြည်သူတွေ လက်ရှိ တောင်းဆိုဖော်ပြနေတဲ့ ခေါင်းဆောင်ပိုင်းတချို့ရဲ့ ဒုစရိုက်မှုနဲ့မကင်းတဲ့  စီးပွားရေးပိုင်ဆိုင်ရာ လုပ်ဆောင်မှုတွေနဲ့ ပတ်သက်လို့ အရေးယူဆောင်ရွက်သွားဖို့ ရှိနေတယ်လို့ ကော်မတီနဲ့ နီးစပ်သူတဦးက ပြောပါတယ်။

ဒီကွန်ဂရက်မှာ တပ်မဟာအသီးသီးက ကိုယ်စားလှယ်တွေနဲ့ ကရင်လူမှုအဖွဲ့အစည်းပေါင်းစုံက ကိုယ်စားလှယ်တွေ တက်ရောက်သလို တချို့ တိုက်ပွဲဖြစ်ပွားတဲ့ဒေသတွေက ကိုယ်စားလှယ်တွေ ကတော့ အင်တာနက်အွန်လိုင်းကနေ တက်ရောက်ကြပါတယ်။

ကိုဗစ်-၁၉ ကပ်ရောဂါဖြစ်ပွားမှုနဲ့ စစ်တပ်အာဏာသိမ်းမှုကြောင့် ကွန်ဂရက်ကို မူလပုံမှန်ကျင်းပရမယ့် ကာလထက် သုံးနှစ်လောက် နှောင့်နှေးပြီး ကျင်းပရတာဖြစ်ပေမဲ့ လက်ရှိမှာတော့ ကွန်ဂရက်တက်ရောက်သူ ၇၅ ရာခိုင်နှုန်းကျော်တဲ့အတွက် အထမြောက် ကျင်းပနိုင်တာဖြစ်ပါတယ်။

ကေအန်ယူရဲ့ ဖွဲ့စည်းပုံအရ ရွေးကောက်ပွဲကျင်းပနိုင်ရေး တက်ရောက်သူ အနည်းဆုံး ၇၅ ရာခိုင်နှုန်းရှိပါက ကွန်ဂရက်ကျင်းပနိုင်တာဖြစ်လို့ အခုတခေါက် ညီလာခံမှာ‌တော့ လူပေါင်း ၂၀၀ နီးပါး တက်ရောက်ကြောင်းလည်း အဆိုပါ ကော်မတီနဲ့ နီးစပ်သူက ပြောပါတယ်။

ကေအန်ယူ ကရင်အမျိုးသားအစည်းအရုံးရဲ့ ၁၀ ဦးမြောက် ဥက္ကဋ္ဌကို ရွေးကောက်တင်မြှောက်ဖို့ ရှိတဲ့အတွက် ခေါင်းဆောင်သစ် ဘယ်သူဖြစ်လာမလဲဆိုတာ ကရင်လူထုအသိုက်အဝန်းအကြားမှာ စိတ်ဝင်စားမှု မြင့်တက်နေပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂၃ ရက်နေ့က ကမ္ဘာတဝန်းမှာရှိတဲ့ ကရင်အဖွဲ့အစည်း ၆၈ ဖွဲ့က ကေအန်ယူ ဗဟိုအလုပ်အမှုဆောင်တဖွဲ့လုံး နုတ်ထွက်ပေးဖို့ အိတ်ဖွင့်ပေးစာ ပေးပို့တောင်းဆိုထားပါတယ်။

ဒီလိုတောင်းဆိုထားတဲ့ အကြောင်းတွေထဲမှာ ကရင်ပြည်နယ်၊ မောထိုတလေးနယ်မြေမှာ ပြုလုပ်တဲ့ စီမံကိန်းဖွင့်ပွဲမှာ ကေအန်ယူ ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် ကာကွယ်ရေးဌာန ဌာနမှူး ပဒိုစောရောဂျာခင် တက်ရောက်ခဲ့တဲ့ကိစ္စ အရေးယူဆောင်ရွက်ခဲ့တာမရှိခြင်း၊ ရွှေကုက္ကိုမြို့သစ်နဲ့နီးတဲ့ ဟွမ်ယာမြို့သစ်စီမံကိန်းကို ပဒိုစောရောဂျာခင်က ခွင့်ပြုချက်ပေးခဲ့မှုကို အရေးယူဆောင်ရွက်ခဲ့မှုမရှိတာနဲ့ ကေအန်ယူရဲ့ မူဝါဒနဲ့ ဆန့်ကျင်လုပ်ဆောင်နေတဲ့ ခေါင်းဆောင်တွေကို အရေးယူမှုမရှိတဲ့ အချက်တွေကို ထောက်ပြထားပါတယ်။

ဒါ့အပြင် အာဏာသိမ်းစစ်ကောင်စီကပေးတဲ့ ဂုဏ်ထူးဆောင်ချီးမြှင့်ဆုကို လက်ခံခဲ့တဲ့ ကေအန်ယူ  ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး စောမူတူးစေးဖိုးနဲ့ ကေအန်ယူ ဆုံးဖြတ်ချက်နဲ့  ညွှန်ကြားမှုကို ဆန့်ကျင်ပြီး စစ်ကောင်စီနဲ့ လက်တွဲအလုပ်လုပ်နေတဲ့ ဗဟိုအမြဲတမ်းကော်မတီဝင် ခေါင်းဆောင်တချို့ရဲ့ အပြုအမူတွေဟာ ကေအန်ယူ ဗဟိုအလုပ်မှုဆောင်ကော်မတီနဲ့ ဗဟိုအမြဲတမ်းကော်မတီ နှစ်ရပ်လုံးရဲ့ ကျဆင်းနေတဲ့ ခေါင်းဆောင်မှုပြဿနာကို ပြသနေတာဖြစ်ကြောင်း ထောက်ပြခဲ့ပါတယ်။

လက်ရှိကျင်းပနေတဲ့ ကွန်ဂရက်ကနေ ဗဟိုကော်မတီအသစ်ကို ပုံမှန်အတိုင်း မဲစနစ်နဲ့ ရွေးချယ်မှာဖြစ်ပါတယ်။

ကွန်ဂရက်ကျင်းပတဲ့ကာလဟာ ကရင်ပြည်နယ်ဒေသအနှံ့အပြားမှာ တိုက်ပွဲတွေ အပြင်းအထန် နေ့စဉ်နဲ့အမျှ ဖြစ်ပွားနေချိန်နဲ့လည်း တိုက်ဆိုင်နေပါတယ်။

ကရင်အမျိုးသားအစည်းအရုံး (ကေအန်ယူ) မှာ ပထမဆုံးဥက္ကဋ္ဌက စောစံဖိုးသင် ဖြစ်ပါတယ်။  ခေတ်အဆက်ဆက် ကေအန်ယူ ဥက္ကဋ္ဌတွေအဖြစ် စောစံဖိုးသင် ၁၉၄၇၊ စောဘဦးကြီး ၁၉၄၇ မှ ၁၉၅၀၊ စကောလယ်တော ၁၉၅၀ မှ ၁၉၅၃၊ စောဟံတာသာမွေး ၁၉၅၃ မှ ၁၉၆၃၊ မန်းဘဇံ ၁၉၆၃ မှ ၁၉၇၅၊ စောဘိုမြ ၁၉၇၆ မှ ၂၀၀၀၊ စောဘသင်စိန် ၂၀၀၀ မှ ၂၀၀၈၊ စောတာမလာဘော ၂၀၀၈ မှ ၂၀၁၂၊ စောမူတူးစေးဖိုးကတော့ ၂၀၁၂ မှ လက်ရှိအချိန်အထိ တာဝန်ထမ်းဆောင်နေတာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013