DVB Logo
Home
မြန်မာသတင်း
တာ့ခ်ခရိုင်တွင် မိုးကြိုးပစ်ခံရသဖြင့် မြန်မာအလုပ်သမား ၂ ဦး သေဆုံး
DVB
·
April 26, 2023
တာ့ခ်ခရိုင်တွင် မိုးကြိုးပစ်ခံရသဖြင့် မြန်မာအလုပ်သမား ၂ ဦး သေဆုံး
Donate to DVB

ထိုင်း-မြန်မာနယ်စပ်၊ တာ့ခ်ခရိုင်၊ ဖုပ်ဖရမြို့နယ်ထဲမှာ ဧပြီ ၂၅ ရက် မနေ့ညနေပိုင်းက မြန်မာလုပ်သား ၂ ဦး မိုးကြိုးပစ်ခံရပြီး သေဆုံးသွားတယ်လို့ ထိုင်းသတင်းတွေမှာ ဖော်ပြပါတယ်။ 

မနေ့ ညနေ ၃ နာရီခွဲလောက်က ဖုပ်ဖရမြို့နယ် ဆီရိရတ်ဆဒွန်းကျေးရွာအုပ်စု ဘန့်ဟွေ့ဖိုင်ကျေးရွာမှာ မိုးကြိုးပစ်ခံရပြီး သေဆုံးသူရှိကြောင်း အကြောင်းကြားချက်ရတဲ့အတွက် သွားရောက်စစ်ဆေးခဲ့တယ်လို့ ဆီရီရတ်ဆဒွန်းနယ်မြေရဲစခန်း တာဝန်ရှိသူက သတင်းထောက်တွေကို ပြောပါတယ်။

အခင်းဖြစ်တဲ့နေရာဟာ တောင်ပေါ်တောလမ်းဖြစ်ပြီး လဲကျနေတဲ့ အနက်ရောင်ဟွန်ဒါဝေ့ဖ် ဆိုင်ကယ်တစီးဘေးမှာ ခြံအလုပ်သမားဝတ်စုံနဲ့ ပက်လက်အနေအထား လဲကျသေဆုံးနေတဲ့ အမျိုးသား တယောက်ကို တွေ့ရတယ်လို့ ဆိုပါတယ်။ 

အဆိုပါ နေရာနဲ့ နောက်ထပ် ၃- ၄ မီတာအကွာအဝေးမှာတော့  နောက်ထပ်အမျိုးသမီး တယောက်ရဲ့ အလောင်းကို တွေ့ရှိရကြောင်း၊ သေဆုံးသူ နှစ်ယောက်လုံးရဲ့ ခန္ဓာကိုယ်မှာ မိုးကြိုးပစ်ခံထားရတဲ့ ဒဏ်ရာတွေ့ရှိတယ်လို့ ဆိုပါတယ်။ 

မျက်မြင်ရွာသားတွေ ပြောပြချက်အရ သေဆုံးသူတွေမှာ မြန်မာအလုပ်သမား မောင်နှမတော်စပ်ပြီး ဒီမတိုင်ခင်က တောထဲမှာ ဟင်းသွားရှာမယ်ဆိုပြီး ဆိုင်ကယ်နဲ့ တောင်ပေါ်တက်လာကြောင်း၊ တောင်ပေါ်တနေရာမှာ ရာသီဥတုရုတ်တရက်ပြောင်းလဲပြီး မိုးသားတွေမည်းလာကာ မိုးခြိမ်းသံတွေပါကြားရလို့ ရှေ့ဆက်မသွားတော့ဘဲ နောက်ကိုလှည့်ပြန်စဉ် မိုးကြိုးပစ်ခံရပြီး ဆိုင်ကယ်လဲကျသွားကာ နှစ်ဦးလုံးမှာလည်း လျှပ်စစ်စီးဝင်ဓာတ်လိုက်ခံရပြီး သေသွားတာလို့ ဆိုပါတယ်။

အဆိုပါနေရာဟာ ကျဉ်းမြောင်းတဲ့ တောင်ပေါ်လမ်းဖြစ်တဲ့အပြင် ရာသီဥတုလည်း ဆိုးရွားနေ တာကြောင့် ဘယ်သူကမှ ဝင်ကယ်လို့မရဘူးလို့ ရွာသားတွေက ပြောပါတယ်။

သေဆုံးသူ ၂ ဦးနဲ့ပတ်သက်လို့ AEC အာဆီယံသတင်းမှာတော့ အမျိုးသားမှာ အသက် ၂၁ နှစ်အရွယ် ကိုအားချင်နဲ့ အမျိုးသမီးမှာ အသက် ၂၀ နှစ်အရွယ် မမွှေးတို့ဖြစ်တယ်လို့ ဆိုပါတယ်။ 

ချနယ်လ် ၇ ထိုင်းတီဗွီသတင်းမှာတော့ အသက် ၃၅ နှစ်ရွယ် နဲ့ ၃၀ နှစ်ရွယ် မြန်မာအမျိုးသား ၂ ဦး လို့ ဖော်ပြပါတယ်။

သေဆုံးသူတွေကို ဓလေ့ထုံးစံအတိုင်းသင်္ဂြိုဟ်ဖို့ တာဝန်ရှိသူတွေက သက်ဆိုင်ရာဆွေမျိုးတွေကို အလောင်းလာယူဖို့ အကြောင်းကြားထားပြီး လတ်တလော ရာသီဥတုဖောက်ပြန်မှုရှိတာကြောင့် ပြည်သူတွေအနေနဲ့ သတိထားနေထိုင်ကြဖို့ သက်ဆိုင်ရာက သတိပေးထားပါတယ်။

တချိန်တည်းမှာပဲ မယ်လမတ်မြို့နယ်ထဲမှာ မိုးသက်လေပြင်းတိုက်ခတ်ခဲ့တာကြောင့် ဟွေ့နုတ်လဲ၊ မဲ့စလောဝ်း၊ ဆာမ်မိန်၊ မဲ့တိန် အစရှိတဲ့ ကျေးရွာအုပ်စုထဲမှာ နေအိမ် ၂၆ လုံးပျက်စီးခဲ့ပြီး သစ်ပင်ကြီးတွေ၊ ဓာတ်မီးတိုင်တွေ လဲပြိုခဲ့တယ်လို့ AEC အာဆီယံသတင်းမှာ ဖော်ပြပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013