DVB Logo
Home
မြန်မာသတင်း
မန္တလေးတွင် အိမ်စီးကား ပေါက်ကွဲမှုဖြစ်ပြီး ၁ ဦးသေဆုံး၊ ၁ ဦး ထိခိုက်ဒဏ်ရာရ
DVB
·
April 25, 2023
မန္တလေးတွင် အိမ်စီးကား ပေါက်ကွဲမှုဖြစ်ပြီး ၁ ဦးသေဆုံး၊ ၁ ဦး ထိခိုက်ဒဏ်ရာရ
Donate to DVB

မန္တလေးတိုင်း၊ ချမ်းမြသာစည်မြို့နယ်၊ မန္တလေး-စစ်ကိုင်း ကမ်းနားလမ်း ဇီဝိတသံဃာဆေးရုံ ရှေ့မှာ ဧပြီ ၂၅ ရက် နေ့လယ် ၂ နာရီကျော်လောက်က အိမ်စီးကားတစီး ပေါက်ကွဲမှုဖြစ်ပြီး ယာဉ်မောင်းသေဆုံးကာ ပေါက်ကွဲမှုအနီး ဖြတ်သန်းသွားလာတဲ့ နောက်ထပ် အိမ်စီးကားပေါ်က အမျိုးသားတဦးလည်း ထိခိုက်ဒဏ်ရာတွေ ရရှိခဲ့တယ်လို့ မြို့ခံတွေထံက သိရပါတယ်။

ချမ်းမြသာစည်မြို့နယ်အတွင်း နေထိုင်သူတဦးက “ပေါက်ကွဲသံက အတော်ကျယ်တယ်၊ လေယာဉ်နဲ့ ဗုံးကြဲတယ်ထင်ပြီး ပြေးကြတာ ကမ်းနားလမ်းဘက်က အသိတယောက် ပြန်လာမှ ကားဗုံးပေါက်တယ်ဆိုတာ သိတယ်။ လူအသွားအလာ နည်းတဲ့အချိန်ဆိုတော့ တော်သေးတယ်” လို့  ပြောပါတယ်။

အီစူဇူးအမျိုးအစား အဖြူရောင်အိမ်စီးကား မောင်းနေစဉ် ပေါက်ကွဲမှုဖြစ်ပွားခဲ့ကာ ယာဉ်မောင်းအမျိုးသား သေဆုံးခဲ့ပြီး သေဆုံးသူရဲ့ အမည်နဲ့ နေရပ်လိပ်စာတွေ မသိရသေးဘူးလို့ ပရဟိတအဖွဲ့ဝင်တဦးက ပြောပါတယ်။

“ဒီလို ပေါက်ကွဲမှု လမ်းကြောင်းမျိုးတွေကြ ကျနော်တို့က အကူအညီပေးလို့ မရဘူးဗျ။ သူတို့ (စစ်ကောင်စီ) ခိုင်းမှ လုပ်ရတယ်။ အခုက ပေါက်ကွဲသံကြားလို့ ပြည်သူထိခိုက်တာ ရှိ၊ မရှိလောက်ပဲ သွားကြည့်တာ။ ကားလည်း တစစီဖြစ်နေတယ်။ သေဆုံးသူ ရုပ်အလောင်းက စုတ်ပြတ်သွားပြီ။ တစစီပေါ့ဗျ။ သူတို့ စစ်ဆေးမှုတွေ လုပ်နေကြတယ်။ ကျနော်တို့ဆီကို ဆက်သွယ်လာတာ မရှိသေးဘူး။”

ပေါက်ကွဲမှုအနီးကနေ ဖြတ်သန်းသွားလာနေတဲ့ အိမ်စီးကားတစီးပေါ်က အမျိုးသားတဦးလည်း (မစိုးရိမ်ရ) ဒဏ်ရာတွေ ရရှိခဲ့တယ်လို့ ဆိုပါတယ်။

ဧပြီ ၂၃ ရက်ကလည်း မြိတ်မြို့မှာ အိမ်စီးကားတစီး ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး ယာဉ်ပေါ်ပါ အမျိုးသားတဦးနဲ့ အမျိုးသမီးတဦး သေဆုံးခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013