
အိန္ဒိယနိုင်ငံ မြောက်ပိုင်းနဲ့ အရှေ့မြောက်ပိုင်းဒေသတခုလုံးမှာ ရေကြီးရေလျှံမှုတွေကြောင့် ပျက်စီးဆုံးရှုံးမှုတွေ အကြီးအကျယ် ဖြစ်ပေါ်နေပြီး အာသံပြည်နယ်မှာတင် မိုးသည်းထန်စွာရွာပြီး အနည်းဆုံး လူ ၄၀ သေဆုံးသွားပြီလို့ ဒေသဆိုင်ရာတာဝန်ရှိသူက ဇူလိုင် ၂၃ ရက်မှာ ပြောပါတယ်။
အာသံပြည်နယ်မှာ နောက်ထပ် လူအယောက် ၇၀ ကနေ ၈၀ အထိ ပျောက်ဆုံးနေဆဲဖြစ်တယ်လို့ ပြည်နယ်ဝန်ကြီးချုပ် ဟီမန်တာ ဘိစ်ဝါဆာမာက မနေ့က ပြောပါတယ်။
အာသံပြည်နယ်ရဲ့ ခရိုင် ၁၁ ခုမှာ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် လူပေါင်း ၆ သိန်းခွဲကျော် ရေဘေးဒဏ်ခံနေရတယ်လို့ ပြည်နယ် သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲရေး အာဏာပိုင်အဖွဲ့က ဇူလိုင် ၂၂ ရက်မှာ ထုတ်ပြန်ပါတယ်။
အာသံပြည်နယ်မှာ ရေကြီးရတဲ့ အဓိကအကြောင်းအရင်းကတော့ အိမ်နီးချင်း နာဂလန်းပြည်နယ်မှာ ဇူလိုင် ၁၈ ရက်ကနေ ၂၀ ရက်အထိ မိုးသည်းထန်စွာ ရွာသွန်းခဲ့တာကြောင့် မြစ်ရေတွေ မကြုံစဘူး တဟုန်ထိုး မြင့်တက်လာခဲ့လို့ဖြစ်တယ်လို့ ပြည်နယ်အစိုးရ အစီရင်ခံစာမှာ ဖော်ပြပါတယ်။
ကမ္ဘာပေါ်မှာ အကြီးဆုံးမြစ်တွေထဲက တခုအပါအဝင်ဖြစ်တဲ့ ဗြဟ္မပုတ္တရမြစ် တည်ရှိရာ အာသံပြည်နယ်ဟာ နှစ်စဉ် မုတ်သုံရာသီရောက်တိုင်း မြစ်ရေလျှံမှုကြောင့် ပျက်စီးဆုံးရှုံးမှုတွေနဲ့ ကြုံတွေ့နေရတာ ဖြစ်ပါတယ်။
ဂူဂျရတ်ပြည်နယ်၊ နာဗ်ဆာရီမြို့မှာတော့ ကယ်ဆယ်ရေးသမားတွေက ဒေသခံတွေကို ဘေးလွတ်ရာ ရွှေ့ပြောင်းပေးဖို့ ဖောင်လှေတွေကို အသုံးပြုခဲ့ရပါတယ်။
ဒါ့အပြင် မဟာရပ်ရှ်ထရာပြည်နယ်၊ နာရှစ်ခ်မြို့မှာလည်း မနေ့က ပတ်ဝန်းကျင် ရေကာတာတွေထဲကနေ ရေတွေ လျှံထွက်လာတာကြောင့် ဘုန်းကြီးကျောင်းနေရာတချို့ ရေမြုပ်သွားခဲ့ပါတယ်။
Source: Reuters











