
တရုတ်အစိုးရအနေနဲ့ စစ်အာဏာရှင်ကိုထောက်ခံကူညီနေတာ၊ အသိအမှတ်ပြု ဆက်ဆံနေတာတွေ ကို ပြန်သုံးသပ်ဖို့ မြန်မာ့အရေးလှုပ်ရှားသူတွေက အမေရိကန်ပြည်ထောင်စု၊ မြို့တော်ဝါရှင်တန်ဒီစီ၊ တရုတ်သံရုံးရှေ့မှာ ဒေသစံတော်ချိန် မေ ၁၅ ရက်က ဆန္ဒပြ တောင်းဆိုလိုက်ပါတယ်။
Save Myanmar USA အဖွဲ့မှ ဦးရင်အေးက “၅ နှစ်တာအတွင်းမှာ မအလ စစ်အုပ်စုဟာ တရုတ်ရဲ့ ရင်းနှီးမြှုပ်နှံမှုတွေကို ထိထိရောက်ရောက် ကာကွယ်မပေးနိုင်ခဲ့တာ ထင်ရှားနေတာပါ။ ပကတိ မြေပြင်အခြေအနေတွေကို အမှန်အတိုင်းမြင်ပြီး လက်ရှိ တရုတ်ရဲ့ ရင်းနှီးမြှုပ်နှံမှုတွေရှိတဲ့ ဒေသ တွေကို ထိန်းချုပ်ထားနိုင်တဲ့ တိုင်းရင်းသားလက်နက်ကိုင်အင်အားစုတွေ၊ ဒေသခံ PDF တွေ၊ NUG PDF ၊ AA ၊ KIA၊ KNU တို့အပါအဝင် နောက်ဆုံးစုဖွဲ့ထားတဲ့ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုပေါ်ထွန်းရေးဦးဆောင်ကောင်စီ (SCEF) လို အင်အားစုတွေနဲ့ ထဲထဲဝင်ဝင်ထိတွေ့ ဆက်ဆံဖို့ လိုအပ်နေပါပြီ။ မဟာဗျူဟာကျကျ လက်တွဲဖို့ ပေါ်လစီ၊ မူဝါဒတွေကို ပြောင်းလဲ ချမှတ် ကျင့်သုံးရတော့မဲ့ အချိန်ဖြစ်ပြီဆိုတဲ့ သတင်းစကားကို ဒီနေ့ ပေးခဲ့တာ ဖြစ်ပါတယ်” လို့ ပြောပါတယ်။
အတုအယောင်ရွေးကောက်ပွဲနဲ့ စစ်အာဏာရှင်အစိုးရကို တရုတ်အစိုးရက အသိအမှတ်ပြု ဆက်ဆံ နေတာဟာ အကြမ်းဖက် ဖမ်းဆီးသတ်ဖြတ်ခံနေရတဲ့ မြန်မာပြည်သူတွေကို မျက်ကွယ် ပြုနေတာလို့ ဆန္ဒပြပွဲမှာ ပါဝင်သူတွေက ဝေဖန်ပါတယ်။
တရုတ်အစိုးရရဲ့ ထောက်ခံမှုကို အားပြုပြီး စစ်အာဏာရှင်က အသက်ဆက်နေတာဖြစ်တဲ့အတွက် မြန်မာနိုင်ငံအတွင်း စစ်တပ်က ကျူးလွန်ခဲ့တဲ့ လူမျိုးတုံးသတ်ဖြတ်မှုတွေနဲ့ စစ်ရာဇဝတ်မှုတွေကို တရုတ်အစိုးရက ပူးတွဲတာဝန်ခံရလိမ့်မယ်လို့လည်း ဆိုကြပါတယ်။










