DVB Logo
Home
မြန်မာသတင်း
မြိုင်မြို့နယ်နှင့် ပေါက်မြို့နယ်တို့တွက် စစ်တပ်က ရွာမီးရှို့၊ ရေစကြိုမြို့မရဲစခန်း လက်နက်ကြီးဖြင့် ပစ်ခတ်ခံရ
DVB
·
April 24, 2023
မြိုင်မြို့နယ်နှင့် ပေါက်မြို့နယ်တို့တွက် စစ်တပ်က ရွာမီးရှို့၊ ရေစကြိုမြို့မရဲစခန်း လက်နက်ကြီးဖြင့် ပစ်ခတ်ခံရ
1 / 7
Donate to DVB

မကွေးတိုင်း၊ မြိုင်မြို့နယ်မှာ ဧပြီ ၂၄ ရက် မနက်ပိုင်းက စစ်ကောင်စီစစ်ကြောင်း ညောင်တွင်းကျေးရွာကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

စစ်ကောင်စီစစ်ကြောင်းက ဧပြီ ၂၂ ရက် မနက် ၆ နာရီခွဲလောက်မှာ မင်းကန်ရွာကို သေနတ်တွေနဲ့ပစ်ခတ်ပြီး ရွာထဲကိုဝင်လာသို အဲဒီနောက် မင်းကန်ရွာမှာ တညအိပ်ပြီး ပန်းတိုင်တောရွာဘက်ကိုမနေ့ မနက် ၆ နာရီလောက်မှာ လက်နက်ကြီး လက်နက်ငယ်တွေနဲ့ ပစ်ခတ်ဝင်ရောက်လာတာလို့  ပန်းတိုင်းတောကျေးရွာ ဒေသခံက ပြောပါတယ်။

ပန်းတိုင်းတောရွာနားက တောထဲက ကာကွယ်ရေးစခန်းတခုနဲ့ ကားတစီးကို စစ်ကောင်စီစစ်ကြောင်းက မီးရှို့ဖျက်ဆီးပြီး ပန်းတိုင်းတောအရှေ့ ဘုန်းကြီးကျောင်းကို ဝင်ရောက်စခန်းချခဲ့ကြတယ်လို့ ဆိုပါတယ်။

အဲဒီနောက် ပြည်သူတွေမွေးမြူထားတဲ့ ကြက်တွေကို သတ်ဖြတ်စားသောက်တဲ့အပြင် ဘုန်းကြီးကျောင်းရဲ့ တောင်ဘက် တအိမ်ကျော်က နာရေးအိမ် ရက်လည်မှာ ကျွေးမွေးဖို့ ချက်ပြုတ်ထားတဲ့ အမဲသားဟင်းတွေနဲ့ ထမင်းတွေ အားလုံးကိုလည်း စားသောက်သွားကြပြီး ဘုန်းကြီးကျောင်းသုံးပစ္စည်း၊ စာကြည့်တိုက်မှာထားတဲ့ ပစ္စည်းတွေအားလုံးကို ဖျက်ဆီးသွားတယ်လို့ ပြောပါတယ်။

ဒီနေ့ ဧပြီ ၂၄ ရက် မနက်ပိုင်းမှာ ရွာရဲ့ အနောက်မြောက်ဘက်ကို အထွက်ပြပြီး အရှေ့တောင်ဘက်ကို ထွက်သွားကာ ညောင်တွင်း(အနောက်)ရွာက နေအိမ် ၃၂ လုံးကို မီးရှို့ဖျက်ဆီးခဲ့ပါတယ်။

စစ်ကောင်စီဘက်က စစ်ကြောင်းထိုးနေလို့ မင်းကန်၊ ပန်းတိုင်းတော၊ ညောင်တွင်း၊ အိုင်းမ၊ မြို့တင်၊ စိုင်ခေါင်း၊ ဒဟတ်ချောက် ကျေးရွာတွေက ဒေသခံပြည်သူတွေ ဘေးလွတ်ရာ နေရာတွေကို ထွက်ပြေးတိမ်းရှောင်နေရပြီး လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အရေးပေါ်အကူအညီတွေ လိုအပ်နေပါတယ်။

အလားတူ မကွေးတိုင်း၊ ပေါက်မြို့နယ် တောင်ပိုင်းက ကျေးရွာ ၂ ရွာကို ဧပြီ ၂၄ ရက် မနက်ပိုင်းနဲ့ မွန်းလွဲပိုင်းတွေမှာ စစ်ကောင်စီလက်အောက်ခံ ပျူစောထီးတွေက မီးရှို့ဖျက်ဆီးခဲ့ကြတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

ပေါက်မြို့နယ်တောင်ပိုင်း ဇီးတောကျေးရွာကို ဒီနေ့ ဧပြီ ၂၄ ရက် မနက် ၁၁ နာရီကျော်လောက်မှာ သစ်ချိုကုန်း၊ ပင်ထောင်၊ ဝန်ခြုံး ပျူရွာက စစ်ကောင်စီတပ်သားတွေနဲ့ ပျူစောထီးတွေ ဝင်ရောက်မီးရှို့ခဲ့ကြတာလို့ ဇီးတောကျေးရွာ ဒေသခံတယောက်က ဒီဗွီဘီကို ပြောပါတယ်။

“ကျနော်တို့ ဇီးတောရွာကို စစ်ကောင်စီက ၄ ကြိမ်လောက် မီးရှို့ဖျက်ဆီးခဲ့လို့ ရွာလုံးကျွတ်နီးပါး မီးလောင်ဆုံးရှုံးခဲ့ရပြီး အခု လက်ကျန်အိမ်တွေကို ထပ်ရှို့နေကြတာ။”

ဒါ့အပြင် အဲဒီစစ်ကောင်စီတပ်သားတွေနဲ့ ပျူစောထီးတွေဟာ သရဖီကျေးရွာကိုလည်း ဒီနေ့ မွန်းလွဲ ၁ နာရီလောက်မှာ မီးရှို့ဖျက်ဆီးခဲ့ကြတယ်လို့ ဆိုပါတယ်။

မီးခိုးလုံးတွေ မီးတောက်တွေ အဝေးကနေ လှမ်းမြင်နေရပြီး သူတို့ရှိနေသေးတာကြောင့် အိမ်ခြေဘယ်နှစ်အိမ် မီးလောင်ကျွမ်းခဲ့တယ် ဆိုတာကိုတော့ အတိအကျ မသိရသေးဘူးလို့ ပြောပါတယ်။

စစ်ကောင်စီတပ်သားတွေနဲ့ ပျူစောထီးတွေ ဝင်ရောက်မီးရှို့နေလို့ ဇီးတော၊ တောင်ရွာ၊ သရဖီကျေးရွာတွေနဲ့ အနီးပတ်ဝန်းကျင်ကျေးရွာတွေက ဒေသခံပြည်သူတွေ ဘေးလွတ်ရာ နေရာတွေကို ထွက်ပြေးတိမ်းရှောင်နေရပြီး လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အရေးပေါ်အကူအညီတွေ လိုအပ်နေတယ်လို့ဆိုပါတယ်။

စစ်ကောင်စီက နိုင်ငံတော်အာဏာကို သိမ်းပိုက်ပြီးနောက် ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီ ၂၈ ရက်နေ့အထိ မကွေးတိုင်အတွင်းကကျေးရွာတွေကို စစ်ကြောင်ထိုးပြီး မီးရှို့ဖျက်ဆီးခဲ့လို အိမ်ခြေပေါင်း ၉၀၁၉ လုံးမီးလောင်ဆုံးရှုံးခဲ့ကာ တနိုင်ငံလုံးအတိုင်းတာနဲ့ အိမ်ခြေပေါင်း ၆၀၄၅၉ အိမ်ကို မီးရှို့ဖျက်ဆီးခဲ့ကြတယ်လို့ Data For Myanmar က မတ်လ ၁၉ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။

မကွေးတိုင်း၊ ရေစကြိုမြို့မရဲစခန်းကို ဧပြီ ၂၃ ရက် မွန်းလွဲပိုင်းက တာဝေးပစ်လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ရေစကြိုမြို့နယ် ပကဖ မိုးကြိုးတပ်ခွဲကနေ သိရပါတယ်။

ရေစကြို ပကဖ မိုးကြိုးတပ်ခွဲ တာဝန်ခံ ကိုမိုးကြိုးက “ရေစကြိုမြို့မရဲစခန်းကို ဧပြီလ ၂၃ ရက်နေ့ မွန်းလွဲ ၂ နာရီလောက်မှာ လက်လုပ်ပြောင်းနဲ့ ၂ ချက် သွားပစ်တာ။ ရဲစခန်းဝင်းထဲမှာ တလုံး ကျရောက်ပေါက်ကွဲပြီး နောက်တချက်ကတော့ သူတို့ရဲတွေနေတဲ့ အဆောင်ကိုကျတယ်” လို့ ဒီဗွီဘီကို ပြောပါတယ်။

အဲဒီတိုက်ခိုက်မှုအတွင်းမှာ စစ်ကောင်စီဘက်က ထိခိုက်သေဆုံးသူ ရှိနိုင်ပေမဲ့ အတိအကျ မသိရသေးဘဲ ပြည်သူ့ကာကွယ်ရေးတပ်က ရဲဘော်တွေတော့ ထိခိုက်မှုမရှိဘဲ ဆုတ်ခွာနိုင်ခဲ့ကြတယ်လို့ ဆိုပါတယ်။

ရေစကြိုမြို့မှာ ဧပြီ ၂၀ ရက် မနက်ကလည်း စစ်ကောင်စီကားတစီး မိုင်းဆွဲတိုက်ခိုက်ခံရပြီး ၃ ယောက်ထက်မနည်း ဒဏ်ရာရရှိခဲ့တယ်လို့ ရေစကြိုမြို့နယ် ပကဖ ကနေ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013