
တရုတ်-မြန်မာ နယ်စပ်ဖြစ်တဲ့ မူဆယ်နယ်စပ်ကုန်သွယ်ရေးစခန်းကတဆင့် တရုတ်ပြည်ဈေးကွက်ဆီ ဆန်တင်ပို့မှုက ခုဘဏ္ဍာနှစ်အစဖြစ်တဲ့ ဧပြီ၊ မေ ၂ လတာတင်ပို့မှုက ကာလတူပြီးခဲ့တဲ့ ဘဏ္ဍာနှစ် တင်ပို့မှုနဲ့ယှဉ်ရင် ဆန်တန်ချိန် ၅ သောင်းနီးပါး ပိုမိုတင်ပို့နိုင်တယ်လို့ မူဆယ်နယ်စပ်စခန်းရှိ ဆန်စပါးကုန်စည်ဒိုင်က ပြောပါတယ်။
တရုတ်နဲ့ဗီယက်နမ်အကြား ရေပိုင်နက် အငြင်းပွားမှုပြသနာကြောင့် ဗီယက်နမ်ဆန်တွေ တရုတ်ဈေးကွက်ဆီ အ၀င်နည်းသွားတာကြောင့် အခုလို တင်ပို့နိုင်တာလို့ ဆိုပါတယ်။
မူဆယ်နယ်စပ်စခန်းကတဆင့် တရုတ်ပြည်ဈေးကွက်ဆီ ဆန်စီးဆင်းမှုက ၁ ရက်ကို ဆန်တန်ချိန် ၂၈၀၀ နီးပါး ရှိပြီး ကာလတူပြီးခဲ့တဲ့ဘဏ္ဍာနှစ်က ၁ ရက်ကို တန်ချိန် ၂၀၀၀ နီးပါးသာ တင်ပို့မှုရှိခဲ့တယ်လို့ မူဆယ်ဆန်စပါး ကုန်စည်ဒိုင်က အတွင်းရေးမှုး ဦးချမ်းသာဦးက ဒီဗွီဘီကို ပြောပါတယ်။
တရုတ်ပြည်ဈေးကွက်က အဓိကလိုအပ်ချက်အနေနဲ့ ဆန်အမာ ဖြစ်တဲ့ ၂၅ မတ်ဆန်အမျိုးအစားကို စက်မှုကုန်ကြမ်းသီးနှံအနေနဲ့ အများဆုံးဝယ်ယူတယ်လို့ ဆိုပါတယ်။
တရုတ်ပြည်ဈေးကွက်ဆီ ဗီယက်နမ်ဆန်တွေ အ၀င်မရှိတဲ့အတွက် မြန်မာ့ဆန် ဈေးနှုန်းက လက်ရှိ ဈေးငြိမ်နပေမယ့် ကာလတူပြီးခဲ့တဲ့နှစ် ဈေးနှုန်းနဲ့ယှဉ်ရင် ၁ အိတ်ကို တရုတ်ငွေ ၁၀ ယွမ်နီးပါး ဈေးပိုရတယ်လို့ မူဆည်ဆန်စပါးကုန်စည်ဒိုင်က ပြောပါတယ်။
ပြည်တွင်းဈေးကွက်ထဲမှာ အချော ဖျာပုံပေါ်ဆန်းမွေးက တအိတ်ကို ကျပ် ၁၅၀၀ မြှင့်တက်မှုရှိခဲ့ပေမယ့် အကြမ်း ဧည့်မထဈေးနှုန်းက ဈေးငြိမ်နေတယ်လို့ ရန်ကုန်ဘုရင့်နောင် ကုန်စည်ဒိုင်က တော်ဝင်ဖူးဆန်ပွဲရုံပိုင်ရှင်က ပြောပါတယ်။
မူဆယ်နယ်စပ်စခန်းကတဆင့် တရုတ်ပြည်ဈေးကွက်ဆီ ဆန်တင်ပို့မှုက ပြီးခဲ့တဲ့ဘဏ္ဍာနှစ်မှာ ဆန်တန်ချိန် ၇သိန်းကျော် တင်ပို့မှုရှိခဲ့တယ်လို့ သိရပါတယ်။
အသံဖိုင် နားဆင်ရန်











