DVB Logo
Home
မြန်မာသတင်း
ဦးကျော်မင်းဆွေ၊ မေပန်းချီ၊ ရွှေရည်သိန်းတန်နှင့် မေလသံစဉ်တို့ကို စစ်ကြောရေးမှ ရဲစခန်းပို့
DVB
·
April 23, 2023
ဦးကျော်မင်းဆွေ၊ မေပန်းချီ၊ ရွှေရည်သိန်းတန်နှင့် မေလသံစဉ်တို့ကို စစ်ကြောရေးမှ ရဲစခန်းပို့
Donate to DVB

သတင်းစာဆရာ ဦးကျော်မင်းဆွေ၊ သရုပ်ဆောင်မေပန်းချီ၊ အဆိုတော်ရွှေရည်သိန်းတန်နဲ့ မေလသံစဉ်တို့ကို စစ်ကောင်စီက အောင်သပြေစစ်ကြောရေးကနေတဆင့် သက်ဆိုင်ရာရဲစခန်းတွေကို ပို့ဆောင်ခဲ့ပါတယ်။

သတင်းစာဆရာ ဦးကျော်မင်းဆွေ၊ သရုပ်ဆောင်မေပန်းချီ၊ အဆိုတော် ရွှေရည်သိန်းတန်နဲ့ မေလသံစဉ်တို့ကို ဧပြီလ ၁၁ ရက်နဲ့ ၁၂ ရက်နေ့တွေမှာ သူတို့နေအိမ်တွေမှာ စစ်ကောင်စီက ဖမ်ဆီးခဲ့တာပါ။

သူတို့ ၄ ယောက်ဟာ  ဧပြီ ၁၁ ရက် ကန့်ဘလူ၊ ပဇီကြီးကျေးရွာလေကြောင်းတိုက်ခိုက်မှုနဲ့ ပတ်သက်ပြီး လူမှုကွန်ရက်စာမျက်နှာမှာ ပရိုဖိုင်ပြောင်းတာနဲ့  သဘောထားအမြင်တွေရေး တာကြောင့် အဖမ်းခံခဲ့ရတာဖြစ်နိုင်တယ်လို့ ခန်းမှန်းပြောဆိုနေကြပေမဲ့ ဘာကြောင့် ဖမ်းဆီးတာလည်းဆိုတာကိုတော့ စစ်ကောင်စီဘက်က တိတိကျကျပြောဆိုထုတ်ပြန်တာမရှိပါဘူး။

သူတို့ကို တပ်စစ်ကြောရေး၊ အောင်သပြေစစ်ကြောရေးတွေမှာ စစ်ဆေးပြီး ဧပြီ ၂၀ ရက်နေ့မှာ စစ်ကောင်စီက နိုင်ငံတော်အကြည်ညိုပျက်စေမှုပုဒ်မ ရာဇသတ်ကြီးဥပဒေပုဒ်မ ၅၀၅-က နဲ့ တရားစွဲဆိုခဲ့ပါတယ်။ 

သတင်းစာဆရာ ဦးကျော်မင်းဆွေကိုတော့ ဧပြီ ၂၁ရက်နေ့မှာ ချုပ်ရမန်ယူခဲ့ပြီး စစ်ကောင်စီက အမှုဖွင့်တိုင်ကြားခဲ့ပေမယ့် လက်ရှိအချိန်အထိ တရားရုံးက တရားစွဲတင်ထားတာမရှိသေးဘူးလို့ တရားရုံးတွေနဲ့နီးစပ်သူတစ်ယောက်ကပြောပါတယ်။

"၂၀ ရက်နေ့ညမှာ အောင်သပြေစစ်ကြောရေးကနေမှ စမ်းချောင်းမြို့မရဲစခန်းကို လာအပ်တယ်လို့ပြောပါတယ်။ လက်ရှိတော့ စမ်းချောင်းမြို့မရဲစခန်း စခန်းမှူးကနေ တရားလို ပြုလုပ်ပြီးတော့ ရာဇသတ်ကြီးပုဒ်မ ၅၀၅-က နဲ့ အမှုဖွင့်တိုင်ကြားထားတယ်လို့ပြောပါတယ်။ ၂၁ ရက်နေ့ကတော့ ချုပ်ရမန်ယူထားပါတယ်။ တရားစွဲတင်ထားတာတော့မရှိသေးဘူး။ သိထားတာကတော့ ကန့်ဘလူ ပဇီကြီးကျေးရွာကိစ္စနဲ့ပတ်သက်ပြီးတော့ လူမှုကွန်ရက်မှာ ရေးလိုက်တဲ့စာတပုဒ်က ငြိစွန်းမှုရှိတယ်ဆိုပြီးတော့ ဖမ်းဆီးစစ်ကြောပြီးမှ အရေးယူခြင်း ဖြစ်ပါတယ်။ ရွှေရည်သိန်းတန်နဲ့ မေပန်းချီရယ်ကတော့ အောင်သပြေစစ်ကြောရေးကပဲ ဒဂုံမြို့သစ်မြောက်ပိုင်း မြို့မရဲစခန်းကိုအပ်နှံထားပြီးတော့မှ မေလသံစဉ်ကိုတော့ ဒဂုံမြို့သစ်အရှေ့ပိုင်းမြို့မရဲစခန်းကို အပ်နှံသွားတယ်လို့ပြောပါတယ်။ ဖြစ်စဉ်တွေကတော့ အတူတူပါပဲ။"

လတ်တလော စစ်ကောင်စီက ဖမ်းဆီးခံရသူတွေကို တပ်စစ်ကြောရေးမှာစစ်ဆေးပြီး အဲ့ဒီကနေ အောင်သပြေစစ်ကြောရေးကို ထပ်မံပို့ဆောင် အကြမ်းဖက်နှိပ်စက်တဲ့ နည်းတွေနဲ့ စစ်ဆေးလေ့ရှိတယ်လို့ တရားရုံးနဲ့နီးစပ်သူတစ်ယောက်က ပြောပါတယ်။

တရားရုံးနဲ့နီးစ ပ်သူတစ်ဦး "အောင်သပြေစစ်ကြောရေးက သူက စစ်ကြောရေးလုပ်တာမဟုတ်ဘူး။ အမှန်က တပ်စစ်ကြောရေးကစစ်ကြောပြီးတဲ့သူတွေကို အောင်သပြေစစ်ကြောရေးကို ပို့လိုက်တာပေါ့။ အောင်သပြေစစ်ကြောရေးက အဲ့လူတွေကို လက်ခံပြီးတော့မှ သက်ဆိုင်ရာ မြို့မရဲစခန်းတွေကို လိုက်ပြီးပို့အပ်ရတာပါ။ အကြမ်းဖျင်းသိထားတာကတော့ ရွှေတိဂုံဘုရားနားက ရဲပိဋိကတ်တိုက်မှာလို့ပြောပါတယ်။" 

သတင်းစာဆရာဦးကျော်မင်းဆွေဟာ The Voice Journal အယ်ဒီတာချုပ်အဖြစ်တာဝန်ယူခဲ့ဖူးသူဖြစ်ပြီး အန်အယ်ဒီ အစိုးရလက်ထက်မှာ သတင်းမီဒီယာကောင်စီ အတွင်းရေးမှူးအဖြစ် တာဝန်ယူခဲ့သူဖြစ်ပါတယ်။ 

သရုပ်ဆောင်၊ အဆိုတော် အမျိုးသမီးငယ်တွေကို စစ်ကောင်စီက ဖမ်းဆီးတရားစွဲ စစ်ကြောရေးပို့တာဟာ သားသမီးချင်းမစာနာတဲ့လုပ်ရပ်ဖြစ်တယ်လို့ ရှေ့နေတစ်ယောက်က သုံးသပ်ပါတယ်။

ဝါရင့် တရားလွှတ်တော်ရှေ့နေ ဦးကြီးမြင့်က "ရှေ့နေတစ်ယောက်အမြင်နဲ့ပြောလို့ရှိရင် ဒီနိုင်ငံမှာက ဥပဒေကရှိတာမဟုတ်ဘူး။ လုပ်ချင်သလိုလုပ်နေတဲ့ အခါမျိုးမှာ ခုလောက်ဆိုရင် စစ်ကြောရေးမှာများ ဦးကျော်မင်းဆွေတို့ဘာတို့ကို ပြင်းပြင်းထန်ထန်များနှိပ်စက်နေမလားလို့ စိုးရိမ်မိတယ်။ တော်ရုံတန်ရုံရှေ့နေကြီးတွေကလည်းမလိုက်ရဲကြဘူး။ ဘာလို့လဲဆိုရင် ရှေ့နေကြီးတွေ လိုက်ပြီးမေးခွန်းတွေမေးလာပြီဆိုရင် ရှေ့နေပါပြန်ဖမ်းတဲ့ခေတ်ကိုဗျ။ ရှေ့နေလေးတွေပဲ အိမ်နဲ့အဆက်အသွယ်ရအောင် စာပေး  အစားအသောက်လေးတွေ ပို့နေကြတာတွေ့တယ်။ ဦးကျော်မင်းဆွေတို့လို သိက္ခာရှိတဲ့ အယ်ဒီတာချုပ်အဆင့်လူကြီးတွေကို ဒီလိုလုပ်တာဟာ အင်မတန်ဝမ်းနည်းဖို့ကောင်းတယ်။ ဒီလူတွေဟာ အင်မတန်အမျှော်အမြင်ရှိပြီး တိုင်းပြည်အပေါ စေတနာထားတဲ့သူတွေဖြစ်တယ်။ မိန်းကလေးတွေ ချောချောလှလှလေးတွေဆိုတာ စစ်ကြောရေးနဲ့လားလားမှမထိုက်ဘူး။ ကျူးလွန်တယ်လို့ သူတို့စွပ်စွဲတဲ့အမှုကလည်း Facebook မှာရေးလို့တဲ့။ ဒါ တကမ္ဘာလုံးရေးနေတာပဲလေ။ ဒါက အနိုင်ကျင့်တာပေါ့။ သူတို့ကိုယ်တိုင်က နိုင်ငံတော်ကိုသစ္စာဖောက်ပြီးတော့ ပုန်ကန်မှုကြီးကို ကျူးလွန်ထားတယ်။ ကျန်တဲ့သူတွေကို လိုက်ပြီးလက်ညှိးထိုးနေတာ အင်မတန် ဝမ်းနည်းဖို့ကောင်းတယ် ဒီတိုင်းပြည်က။ မိန်းကလေးချောချောလှလှလေးတွေကို သားချင်း သမီးမစာမနာ ခေါ်ယူမေးမြန်းပြီး အမှုတွေဖွင့်တယ်ဆိုတာ ဥပဒေမဲ့ဖြစ်လွန်းတယ်လို့ ပြောချင်ပါတယ်။"

စစ်အာဏာသိမ်းပြီးတဲ့နောက် ပြည်တွင်းက သတင်းသမား ၁၅၀ ကျော် ဖမ်းဆီးထိန်းသိမ်းခံရပြီး သတင်းစာဆရာ သုံးဦး သေဆုံးခဲ့ပါတယ်။ 

နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း AAPP ရဲ့  ဧပြီ ၂၁ ရက်အထိမှတ်တမ်းတွေအရ စစ်အာဏာသိမ်းပြီးနောက် တနိုင်ငံလုံးမှာ ပြည်သူ ၂၁၀၀၀ ကျော်ကို စစ်ကောင်စီကဖမ်းဆီးခဲ့ပြီး အဲ့ဒီအထဲက ၁၇၀၀၀ ကျော်ဟာ လက်ရှိအချိန်အထိ အကျဉ်းထောင်တွေထဲမှာ ဖမ်းဆီးခံထားရဆဲဖြစ်ပြီး အမှုတွေရင်ဆိုင်နေရပါတယ်။ 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013