DVB Logo
Home
မြန်မာသတင်း
အပူချိန် မြင့်မားမှုကြောင့် အညာဒေသနှင့် စစ်ရှောင်စခန်းများတွင် သောက်သုံးရေ အခက်ကြုံ
DVB
·
April 22, 2023
အပူချိန် မြင့်မားမှုကြောင့် အညာဒေသနှင့် စစ်ရှောင်စခန်းများတွင် သောက်သုံးရေ အခက်ကြုံ
1 / 3
Donate to DVB

ဧပြီလလယ်ပိုင်းကစလို့ မြန်မာနိုင်ငံမှာ အပူရှိန် မြင့်မားလာမှုကြောင့် ဒေသအချို့မှာ ရေခမ်းခြောက်မှုတွေ ဖြစ်ပေါ်ပြီး တိုက်ပွဲ ဖြစ်နေတဲ့ ဒေသတွေမှာလည်း စစ်ဘေးရှောင်ရတဲ့ အခြေအနေတွေနဲ့ ရေရှားပါးမှု ပြဿနာတွေ ကြုံနေရပါတယ်။ 

လျှပ်စစ်မီး မရတဲ့ နေရာတွေနဲ့ မိုးခေါင်ရေရှားတဲ့ ဒေသတွေမှာ ရေပြတ်လပ်မှု နှစ်စဉ် ကြုံရပြီး ဒီနှစ်မှာတော့ မြန်မာနိုင်ငံမှာ အပူလှိုင်းဖြတ်တာကြောင့် နိုင်ငံရေး မတည်ငြိမ်မှုနဲ့အတူ ရေပြတ်လပ်တဲ့ ပြဿနာပါ ကြုံနေရတာပါ။

စစ်ကိုင်းတိုင်း ကန့်ဘလူမြို့နယ်၊ ပဇီကြီးကျေးရွာ အပါအဝင် ဒီပဲယင်း၊ အရာတော်၊ ဘုတလင်၊ ယင်းမာပင်တို့ဘက်မှာ အိမ်ထောင်စုပေါင်း ၃၅၀၀ ကျော် ရေရှားပါးမှု ပြဿနာ ကြုံနေရတယ်လို့ S&C မီးဘေးစစ်ဘေး ပညာရေးကူညီစောင့်ရှောက်ရေးအဖွဲ့က ဒီဗွီဘီကို ပြောပါတယ်။

"အခုက ရေတွေ ခန်းခြောက်ကုန်ပြီ။ စစ်ကိုင်းတိုင်းမှာမှ မဟုတ်ဘူး။ ရေပြဿနာက မီးမရတဲ့ ဒေသတွေရော၊ မီးရတဲ့ ဒေသတွေရော အကုန်လုံး အဆင်မပြေကြဘူး။ မြို့ပေါ် ရပ်ကွက်တွေရော စစ်ကိုင်းတိုင်းအတွင်းမှာကော တော်တော်လေး အဆင်မပြေဖြစ်နေတာ။ တချို့နေရာတွေက မီးပြတ်လို့ မရတာ၊ တချို့နေရာတွေကျတော့ ရေတွေ ခန်းခြောက်ကုန်တာ။ အခု လက်ရှိကတော့ ပဇီကြီးဘက်ဆိုရင် ရေလှောင်ကန်တွေ လုပ်ဖို့ စီစဉ်နေတယ်။ ပဇီကြီးမှာ လတ်တလော ဖြစ်နေတာဆိုရင် သိထားတဲ့အတိုင်းပဲ။ ရေရှားပါးတဲ့ ပြသနာဖြစ်နေတယ်။ ရေလှောင်ကန်တွေ နေ့ည လုပ်ဖို့ စီစဉ်နေတယ်။ အဲဒါအပြင် ဒီ့ပြင် ဒီပဲယင်းတို့၊ အရာတော်၊ ဘုတလင်၊ ယင်းမာပင် အဲ့ဘက်တွေဆို ရေရှားပါးမှုတွေ စကြုံတွေ့နေရပြီ။"

အညာဒေသအပါအဝင် စစ်ရှောင်စခန်းတွေမှာ ကလေးငယ်တွေနဲ့ သက်ကြီးရွယ်အိုတွေဟာ ရာသီဥတု ပူလွန်းတာကြောင့် ကျန်းမာရေး ဖောက်တာ၊ မောဟိုက်တာတွေအပြင် ချွေးထွက်များပြီး အားနည်းတဲ့ လက္ခဏာတွေ ကြုံနေရတယ်လို့ ကူညီပေးသူတွေက ပြောပါတယ်။ 

အပူချိန် ၄၀ ကျော်တာကြောင့် ပြည်သူတွေဟာ ပူပြင်းတဲ့ဒဏ်နဲ့ တိုက်ပွဲတွေကြား အသက်လု စစ်ဘေးရှောင်နေရတဲ့ အခြေအနေတွေ ကြုံနေရတာပါ။

နှစ်စဉ်နှစ်တိုင်း မိုးခေါင်ရေရှားတဲ့ ပုဂံညောင်ဦး ဒေသမှာလည်း ပြီးခဲ့တဲ့ရက်အတွင်း အပူချိန် အမြင့်ဆုံး ၄၄ ဒီဂရီစင်တီဂရိတ်ထိ ကြုံခဲ့ရပြီး ညောင်ဦးခရိုင် တခုလုံး သောက်သုံးရေ ပြတ်လပ်မှု ကြုံနေရတယ်လို့ ညောင်ဦး လူမှုကူညီကယ်ဆယ်ရေးအသင်းဆီက သိရပါတယ်။

"လက်ရှိအခြေအနေကတော့ အလှူရှင်မရှိတာနဲ့ မြစ်ရေရှားတာနဲ့ ဒီလိုပဲ ကြုံသလို သွားနေရတာ။ ကျနော်တို့ဆီက မိုးတွင်းလည်း မရွာဘူး။ မိုးတွင်းလည်း ရွာချင်မှရွာတာ။ ပုဂံ ညောင်ဦးက မိုးခေါင်တယ်။ ဒီလိုပဲ အပြင်မှာ တယောက် ၅၀၀၀ စု၊ ၃၀၀၀ စု၊ ၂၀၀၀ စု အလှူခံပြီး တစီးစာရ တစီးစာ တော်တော်လေး ကျပ်တည်းနေတဲ့ ရွာတွေကို အကုန်လုံး ခွဲတမ်းနဲ့ သွားပို့ရတာပေါ့။ ရေကားတစီးကလည်း ဂါလံ ၃၀၀၀ ကျော်ဆို ဆီစျေးနဲ့ ၁ သိန်းလောက်ကျတယ်။ အလှူရှင်မရှိတဲ့အတွက် လည်ပတ်လို့ မရဘူး။ အလှူရှင်ရှိမှ ကားဆီဖိုးနဲ့ မြစ်ရေကလည်း ပိုက်ဆံနဲ့ ပေးဝယ်ရတယ်။ အလှူရှင်က ကျနော်တို့ဆီကလည်း စီးပွားရေးက သိပ်အဆင်မပြေကြဘူး။ ကျနော်တို့ကလည်း ခရီးသွားမျှော်မှန်းပြီး အလုပ်လုပ်ရတာ။ အခြား ဘာမှ မရှိဘူး။ စက်ရုံ အလုပ်ရုံလည်း မရှိဘူး။ ခရီးသွား မရှိရင် ကျနော်တို့ဆီက အလုပ်တွေ အကုန် ရပ်သွားတာ"လို့ ညောင်ဦး လူမှုကူညီကယ်ဆယ်ရေးအသင်း တာဝန်ရှိသူက ပြောပါတယ်။

ညောင်ဦး ခရိုင်တရိုင်လုံး ကျေးရွာတွေအကုန် ရေရှားပါးမှုဒဏ် ခံနေရပြီး ရွာပေါင်း ၅၀ လောက် ရေပြတ်မှု ကြုံနေရတယ်လို့ ညောင်ဦး ပရိဟတ ကူညီရေးအသင်းတွေက ပြောပါတယ်။

စစ်ဘေးရှောင်တွေကို ကူညီပေးနေသူတွေကတော့ စစ်ရှောင်ဒေသတွေမှာ ရေလှောင်ကန် တည်ဆောက်ပေးတာ၊ စက်ရေတွင်း၊ လက်ရေတွင်း တူပေးတာတွေ ရှိပြီး လှူဒါန်းတဲ့အဖွဲ့တွေ၊ တဦးချင်း လှူဒါန်းမှုနဲ့ စုပေါင်း လှူဒါန်းတာတွေ လုပ်ပေးနေတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ရက်အတွင်း စစ်ကိုင်းတိုင်း ခင်ဦးနယ် အနောက်တောင်ခြမ်းက ကျေးရွာတွေမှာ စစ်ကောင်စီဘက်က အင်အား ၂၀၀ ကျော် စစ်ကြောင်းထိုးတာကြောင့် ဒေသခံ ၂ သောင်းကျော် ထွက်ပြေးခဲ့ရပြီး စစ်ဘေးရှောင်ရင်း အသက် ၈၀ ကျော် အဘွားအိုတစ်ဦး ရေဓာတ်ပြတ် ချွေးထွက်လွန်ကာ အမောဖောက် သေဆုံးခဲ့ရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013