
ရိုမေးနီးယားအာဏာပိုင်တွေဟာ ဒတ်ခ်ျပြတိုက်တခုမှ ခိုးယူခံခဲ့ရတဲ့ နှစ်ပေါင်း ၂၅၀၀ သက်တမ်းရှိ ကိုတိုဖန်နက်စ်တီ ရွှေဦးပေါင်းထုပ်နဲ့ ရှေးဟောင်းရွှေလက်ကောက် ၂ ခုကို ဧပြီ ၂၁ ရက်မှာ ပြန်လည် လက်ခံ ကြိုဆိုခဲ့ကြပါတယ်။
အဲဒီအနုပညာပစ္စည်းတွေကို ဘူခါရက်စ်မြို့ရှိ ရိုမေးနီးယားရာဇဝင် အမျိုးသားပြတိုက်ကို လုံခြုံရေး အစောင့်အကြပ်တွေနဲ့ ပို့ဆောင်ခဲ့ပြီး အထူးပြခန်းထဲမှာ ပြသခဲ့ပါတယ်။
အာဏာပိုင်တွေကတော့ လုံခြုံရေးဆိုင်ရာလုပ်ငန်းစဉ်တွေကို ပစ္စည်းတွေ လေယာဉ်ကနေ ချတဲ့ အချိန်ကတည်းက စတင်ခဲ့တယ်လို့ ပြောပါတယ်။
သယ်ယူပို့ဆောင်ရေးလုပ်ငန်းစဉ်နဲ့ ပတ်သက်ပြီး ဂျန်ဒါမာရီ ရဲတပ်ဖွဲ့ရဲ့ ပြောရေးဆိုခွင့်ရှိသူ မာရီးယပ်စ် မီလီတားရူးက “ဒီပစ္စည်းတွေကို သယ်ယူဖို့ သံချပ်ကာ အထူးယာဉ်ကို အသုံးပြုထား ပါတယ်။ တန်ဖိုးကြီးပစ္စည်းတွေကို သယ်ယူမဲ့ သံချပ်ကာအထူးယာဉ်ကို သေသေချာချာ ပထမဆုံး စစ်ဆေးထားပြီး ခရီးစဉ်တလျှောက်လုံးမှာလည်း မြို့တော်ရဲတပ်ဖွဲ့ တပ်ရင်း ၉ က ရဲတပ်ဖွဲ့ဝင်တွေက အမြဲတမ်း လုံခြုံရေး လိုက်ပါစောင့်ကြပ်သွားမှာ ဖြစ်ပါတယ်” လို့ ပြောပါတယ်။
ပြီးခဲ့တဲ့နှစ် ဇန်နဝါရီလအတွင်းက နယ်သာလန်မြောက်ပိုင်း အက်ဆန်မြို့မှာရှိတဲ့ ဒရန့်စ်ပြတိုက်ကို သူခိုးတွေ ညအချိန် ဖောက်ထွင်းဝင်ရောက်ကာ ဂျက်တို ဒါချီယန် လူမျိုးစုတွေရဲ့ လက်ရာဖြစ်တဲ့ ရွှေဦးပေါင်းထုပ်နဲ့ ရွှေလက်ကောက်တွေ ခိုးယူခံခဲ့ရတာပါ။
လုံခြုံရေးကင်မရာမှတ်တမ်းတွေထဲမှာ အမျိုးသား ၃ ယောက်ဟာ ညဘက်မှာ ပေါက်ကွဲစေတတ်တဲ့ ပစ္စည်းတွေနဲ့ သံတူရွင်းတွေကို သုံးပြီး ပြတိုက်ကို အတင်းအဓမ္မ ဖောက်ထွင်းခဲ့တာကို မြင်တွေ့ရ ပါတယ်။
ခိုးယူခံရပြီး မကြာခင်မှာပဲ သံသယရှိသူ ၃ ယောက်ကို ဖမ်းဆီးနိုင်ခဲ့တာပါ။ သူတို့ကို ရုံးတင် စစ်ဆေးမှုနဲ့ပတ်သက်ပြီး ရတနာတွေ ပြန်လည်ရရှိရေးအတွက် သဘောတူညီချက် တစိတ်တပိုင်း အနေနဲ့ သူတို့ပေးတဲ့ သတင်းအချက်အလက်တွေကြောင့် ဒီပစ္စည်းတွေကို ပြန်လည်ရှာဖွေရရှိခဲ့တာ ဖြစ်ပါတယ်။
ရိုမေးနီးယားယဉ်ကျေးမှုဝန်ကြီး အန်းဒရာ့စ် အစ္စထ်ဗန် ဒေမေတာက “ကိုတိုဖန်နက်စ်တီ ရွှေဦးပေါင်းထုပ်နဲ့ ဒါချီယန် မင်းညီမင်းသားတွေ ဝတ်ဆင်ခဲ့တဲ့ ရှေးဟောင်းရွှေလက်ကောက် ၂ ကွင်း ဟာ ရိုမေးနီးယားအတွက်တင်မကဘဲ ဥရောပရဲ့ ယဉ်ကျေးမှုအမွေအနှစ် မှတ်တမ်းတွေအတွက်ပါ ထူးခြားထင်ရှားပြီး အရေးပါတဲ့ အမွေအနှစ်တွေ ဖြစ်ပါတယ်” လို့ ပြောပါတယ်။
ကိုတိုဖန်နက်စ်တီ ရွှေဦးပေါင်းထုပ်ဟာ ရိုမေးနီးယားနိုင်ငံရဲ့ အရေးအကြီးဆုံး ရှေးဟောင်းသုတေသန ပစ္စည်းတွေထဲက တခုဖြစ်ပါတယ်။
ပြန်လည်ရရှိတဲ့ ရွှေလက်ကောက် ၂ ကွင်းဟာ ခရစ်တော်မပေါ်မီ ၅၀ ခုနှစ် ဝန်းကျင်က လက်ရာ တွေဖြစ်ပြီး နောက်ထပ် လက်ကောက်တကွင်းကတော့ ပျောက်ဆုံးနေဆဲဖြစ်တယ်လို့ နယ်သာလန် အစိုးရရှေ့နေတွေက ပြောပါတယ်။
Source: Reuters











