DVB Logo
Home
Lead Story
ဦးဆန်းဆင့်ကို တာဝန်ကရပ်စဲပြီး အမှုဖွင့် အရေးယူထားတာ ဘာကြောင့်လဲ
DVB
·
June 20, 2014
ဦးဆန်းဆင့်ကို တာဝန်ကရပ်စဲပြီး အမှုဖွင့် အရေးယူထားတာ ဘာကြောင့်လဲ
Donate to DVB

ဇွန်လ ၁၉ရက်မှာ သာသနာရေးဝန်ကြီး ဦးဆန်းဆင့်ကို တာဝန်မကျေပွန်မှုနဲ့ တာဝန်ကရပ်စဲပြီး တပြိုင်တည်း နေပြည်တော်၊ ဥတ္တရသီရိမြို့ ဘုရားကုန်းမြို့မ ရဲစခန်းမှာ ပုဒ်မ ၄၀၉/ ၁၀၉ နဲ့ အမှုဖွင့် အရေးယူလိုက်ပါတယ်။

[caption id="attachment_58940" align="alignright" width="300"]ဦးဆန်းဆင့် ဦးဆန်းဆင့်[/caption]ဒီကိစ္စနဲ့ပတ်သက်ပြီး သမ္မတပြောခွင့်ရ ဦးရဲထွဋ်က အရေးယူထားတာ မှန်ကန်ကြောင်း ပြောပါတယ်။

“သူ့ကို လောလောဆယ် ငွေကြေးဆိုင်ရာ အမှုတခုနဲ့ ဖွင့်ထားတယ်လို့ သိပါတယ်။ အဲဒါတွေက ဦးဆန်းဆင့်ကို တာဝန်မှ ရပ်စဲရတဲ့အကြောင်းအရင်း အများကြီးထဲက တခုပေါ့။ ကျန်တာ အသေးစိတ်ကတော့ ပြည်ထဲရေး ၀န်ကြီးဌာနက စုံစမ်းစစ်ဆေး မှုတွေ လုပ်နေတုန်းပါပဲ။ ပုဒ်မတော့ ကျနော်မသိဘူး၊ မနေ့က စပြီးတော့ အမှုတခုနဲ့ ပတ်သက်လို့ လုပ်ထုံးလုပ်နည်းအရ တရားရုံးမှာ လုပ်တယ်လို့ သိပါတယ်။ ဒါပေမယ့် ဆက်ပြီး စုံစမ်း စစ်ဆေးနေတာတွေလည်း ရှိပါတယ်။”

ရန်ကုန်က တရားရုံးချုပ်ရှေနေ ဦးကိုနီက ဦးဆန်းဆင့်ကို လတ်တလော စွဲဆိုထားတဲ့ ပုဒ်မဟာ ပြစ်ဒဏ်ပြင်းတယ်လို့ ရှင်းပြပါတယ်။

“ဥပဒေအတိုင်း ပြောရရင် ၄၀၉ ဆိုတာ ယုံကြည်အပ်နှံရေးကို ဖောက်ဖျက်တာပေါ့။ ပြည်သူ့ဝန်ထမ်းက ကျူးလွန်ရင် ၄၀၉ ပေါ့ဗျာ။ ရိုးရိုးအရပ်သားတွေ ကျူးလွန်ရင် ၄၀၆ ပေါ့၊ အိမ်စေ အိမ်ဖော် အစေခံနဲ့ ပုဂ္ဂလိ ရုံးဝန်ထမ်းဆိုရင် ၄၀၈ ပေါ့။ ဒါတွေ အားလုံးက ယုံကြည် အပ်နှံရေးကို ဖောက်ဖျက်တဲ့အတွက်ပေါ့။ ဒါက အစိုးရ ငွေကြေးကို အလွဲသုံးစားလုပ်တယ်ဆိုတဲ့ အချက်နဲ့ စွဲတာပေါ့။ ပုဒ်မ ၄၀၉ ပြစ်ဒဏ်က ထောင်ဒဏ် ၁၀ နှစ်အထိ ချမှတ်လို့ရတယ်။”

ဝါရင့်သတင်းစာဆရာကြီး ဦးဖိုးသောကြာကတော့ ဗန်းစကားနဲ့ ပြောရင် ထိုးကျွေးလိုက်တာလို့ သုံးသပ် ပြောပါတယ်။

“သူတို့ တိုင်ချက်အတိုင်းပြောတာနော်။ အစိုးရ မော်တော်ယာဉ်များနဲ့ အစိုးရ ဆီများကို အလွဲသုံးစား ပြုတယ်ဆိုရင် တယောက်မှ မလွတ်ဘူး။ သူတို့စွဲချက်ထဲက အတိုင်းဆိုရင် ရုံးက ပေးထားတဲ့ ကားကို မိန်းမကို ဈေးသွားတဲ့အခါ အဲဒီကားနဲ့သွားရင် အဲဒါ အလွဲသုံးစားမှုပေါ့။ ဒါကြီးက သိသာလွန်းအားကြီးတယ်။ တိုင်ပင်ကိုက်ပြီးတော့ လုပ်တယ်လို့ ထင်မှတ်ဖွယ်ရာ ရှိတာပေါ့။ ဗန်းစကားနဲ့ ပြောရင် ထိုးကျွေးလိုက်တာပေါ့။”

သီပေါမြို့နယ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးရဲထွန်းကတော့ အစိုးရက ပြုပြင်ပြောင်းလဲရေးသမားတွေကို နှစ်နှစ်ကာကာ မရှိဘူးလို့ ကောက်ချက်ဆွဲ ပြောပါတယ်။

“ဦးလွန်းမောင်ကို ဖြုတ်လိုက်တဲ့ ကိစ္စတို့၊ အခု ဦးဆန်းဆင့် ကလည်း ဧရာဝတီတိုင်းမှာ ဧရာဝတီတိုင်းဝန်ကြီးချုပ်ကို ဧရာဝတီတိုင်းလွှတ်တော် အနေနဲ့ Check and balance လုပ်မယ် ဆိုတဲ့ ကိစ္စတွေနဲ့ ပတ်သက်ပြီးတော့ ဒီလူတွေက တကယ့်ပြုပြင်ပြောင်းလဲရေးကို လုပ်ချင်တဲ့ လူတွေလို့ ပြည်သူလူထုအမြင်မှာတော့ ခံစားရတာပေါ့။ အဲဒီတော့ သမ္မတက ဒီလူတွေကို ဆော်တဲ့အခါကျတော့ နောက် ဖြုတ်လိုက်တဲ့ အမှုကိစ္စတွေကလည်း တခြားကိစ္စနဲ့ ယှဉ်လိုက်လို့ ရှိရင် သိပ်ကြီးတာ မဟုတ်ဘူးလို့ ယူဆကြတဲ့ နိုင်ငံရေးအသိုင်းအ၀ိုင်းမှာ၊ မီဒီယာ အသိုင်းအ၀ိုင်းမှာတော့ ဦးသိန်းစိန်ရဲ့ အစိုးရအဖွဲ့ဟာ ပြုပြင်ပြောင်းလဲရေး လိုလားတဲ့သူတွေကို သိပ်နှစ်နှစ်ကာကာ မရှိဘူးဆိုတဲ့ ကောက်ချက်မျိုးပေါ်လာတာပေါ့လေ။”

ညီနောင်တိုင်းရင်းသားပါတီများ ဖက်ဒရေးရှင်းရဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးစောသန်းမြင့်က တော့ အစိုးရရဲ့ အခု လုပ်ရပ်ကို ကြိုဆိုလိုက်ပါတယ်။

“အလားတူပဲ အခြား ဌာနဆိုင်ရာ ၀န်ကြီး၊ ဒုဝန်ကြီးများကိုလည်း သေသေချာချာ စစ်ဆေးဖို့ သင့်နေပြီ။ တကယ်တမ်း ပြည်သူတွေဆီက ကောက်ခံရရှိထားတဲ့ အခွန်ငွေနဲ့လုပ်တဲ့ ဘတ်ဂျက်ကို အမှန်တကယ် သုံးသင့် မသုံးသင့် ကို လွှတ်တော်မှာပဲ ပြောမယ့်အစား တကယ်တမ်း စစ်ဆေးတဲ့အဖွဲ့တွေက အမှန်တကယ် စိစစ်ပြီးတော့ အမှန်တကယ် လုပ်ဆောင်နေတဲ့ ပုဂ္ဂိုလ်တွေကိုတော့ ချီးကျူးဂုဏ်ပြုထိုက်တယ်။ ဒီလိုပဲ အလွဲသုံးစား လုပ်တဲ့ ပုဂ္ဂိုလ်တွေကတော့ သူ့ရဲ့ ပြစ်ဒဏ်အလိုက် တရားဥပဒေအတိုင်း လုပ်သင့်တယ်လို့ ထင်တယ်။ ကျနော်တို့ကတော့ လှိုက်လှိုက်လှဲလှဲ ကြိုဆိုပါတယ်။ ဒီဖြစ်စဉ်မျိုးဖြစ်တဲ့ မည်သူ့ကို မဆို ဘယ်လောက်ပဲ ရာထူး ကြီးသည်ဖြစ်စေ၊ ငယ်သည်ဖြစ်စေ ဥပဒေအတိုင်း လုပ်သင့်တယ်လို့ ကျနော်တို့ ယူဆတယ်။ ဒီအပေါ်မှာလည်း လက်ရှိအစိုးရကို ကြိုဆိုပါတယ်။”

ဦးဆန်းဆင့်ကို တာဝန်က ရပ်စဲပြီး အခုလို အရေးယူလိုက်တာဟာ ဦးသိန်းစိန်အစိုးရပြောနေတဲ့ သန့်ရှင်းတဲ့အစိုးရဖြစ်ဖို့ ခြေလှမ်းလားလို့ ၁၉၉၀ ပုလဲမြို့နယ် အမတ်ဟောင်း ဒေါက်တာ တင့်ဆွေကို မေးမြန်းရာမှာ ပြောရမှာ အတော်ခက်တယ်လို့ ဆိုပါတယ်။

“အခုအစိုးနဲ့ စစ်အစိုးရလက်ထက်မှာ အဲဒီလို တာဝန်ရှိတဲ့သူတွေကို အရေးယူမှုလုပ်တဲ့ အပေါ်မှာ မှတ်ချက်ပေးရတာ တော်တော်လေးခက်တယ်။ ဘာကြောင့်လဲဆိုတော့ ပုံမှန်ကြည့်ရင်တော့ ဒါ အပြစ်ရှိတဲ့သူကို အရေးယူတာကတော့ ကောင်းတယ်၊ သင့်တယ်၊ ဒါကို ကြိုဆိုရတပေါ့။ သို့သော်လည်း တခါတလေမှာ အပြစ်ရှိတယ်လို့ ပြောတဲ့သူက တကယ်မရှိဘူးဆိုတာ ဥပမာ နိုင်ငံရေးအကျဉ်းသားတွေလိုမျိုးပေါ့။ နောက်တခါ အစိုးရပိုင်းက ကြည့်ရင် အရေးယူခံရတဲ့သူက အရေးယူခံရလောက်အောင် ဆိုးတာရှိသလို၊ အဲထက် ဆိုးတဲ့သူတွေကို အရေးမယူတာတွေလည်း ရှိတော့ ကောင်းမွန်တဲ့အစိုးရ၊ သန့်ရှင်းတဲ့အစိုးရဖြစ်အောင် လုပ်ဖို့ ပြောတာနဲ့တော့ တိုက်ရိုက်ဆိုင်မလား၊ မဆိုင်ဘူးလား ပြောရမှာ တော်တော်ခက်တယ်လို့ ပြောရမယ်။”

ဦးသိန်းစိန်အစိုးရလက်ထက်မှာ ပြည်ထောင်စုဝန်ကြီးတဦးကို တာဝန်က ရပ်စဲပြီး အမှုဖွင့် စစ်ဆေး အရေးယူတာ ဒါ ပထမဆုံး ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013