မန္တလေးတိုင်း၊ ပြင်ဦးလွင်ခရိုင်၊ မတ္တရာမြို့နယ်၊ အထက်တောင်ကိုင်းအုပ်စု၊ ရုန်းပင်ကျေးရွာကို စစ်ကောင်စီက ဧပြီ ၂၀ ရက် မနက်အစောပိုင်း ၅ နာရီကျော်လောက်က ဝင်ရောက်စီးနင်းပစ်ခတ်တာကြောင့် အမျိုးသမီးတဦး ကျည်ထိမှန်ဒဏ်ရာ ရရှိထားတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။
အဆိုပါ စစ်ကောင်စီတပ်ဟာ မန္တလေးတိုင်း၊ ပုသိမ်ကြီးမြို့နယ်၊ မြကန်သာကျေးရွာအနီးကနေ အင်အား ၃၀ လောက်နဲ့ စစ်ကြောင်းထိုးလာတာဖြစ်တယ်လို့ ဒေသတွင်း စစ်ရေးစောင့်ကြည့်နေတဲ့ ဒေသခံတွေက ပြောပါတယ်။
ဒေသခံအမျိုးသားတဦးက “ပထမ ဒီကောင်တွေ မြကန်ကျေးရွာရဲ့အရှေ့ဘက် သရက်ကိုင်းကျေးရွာမှာရှိတဲ့ မြင့်ကုမ္ပဏီ အယ်လ်ဖာ ဘိလပ်မြေစက်ရုံအစောင့်ကျတဲ့ (--)တွေပါ။ သူတို့က သရက်ကိုင်းရွာကနေ မြကန်ကျေးရွာကို ဖြတ်တယ်။ မြကန်ကျေးရွာကနေ မြောက်ဘက် တောင်ပုလု၊ ကင်းရွာက ဒေသအခေါ် ရေစိုတောင်ကိုဖြတ်ပြီး လယ်ကွင်းတွေထဲကနေ အခု ရုန်းပင်ကျေးရွာကို ဝင်ရောက်တယ်။ ဘာကြောင့် ဝင်ရောက်ရတာလဲတော့ မသိဘူး။ ကျနော်တို့နဲ့ မြေပြင်မှာလည်း ဘာတိုက်ပွဲမှ ဖြစ်သံမကြားဘဲကို အခုလို ရွာကို အနုကြမ်းစီးသလို ဝင်ရောက်စီးနင်းပိတ်ဆို့ ဖမ်းဆီးတာဗျ” လို့ ပြောပါတယ်။
စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ပစ်ခတ်လို့ အသက် ၃၀ ကျော် အမျိုးသမီးတဦး ကျည်ထိမှန်ခဲ့ပြီး အသက်အန္တရာယ် စိုးရိမ်ရတဲ့ အနေအထားရှိလို့ အဲဒီအမျိုးသမီးကို ဆေးကုသနိုင်ဖို့ အချင်းချင်း ကူညီပေးဖို့ လုပ်နေတယ်လို့ သိရပါတယ်။
အခု စစ်ကောင်စီ ဝင်ရောက်တဲ့ ရုန်းပင်ရွာဟာ အိမ်ခြေ ၂၅၀ ကျော်ရှိတဲ့ ကျေးရွာတရွာလည်း ဖြစ်ပြီး ဒေသခံအနည်းစုသာ စစ်ကြောင်းရှောင်နိုင်ခဲ့ပြီး ရွာသားအများစုကတော့ စစ်ကောင်စီရဲ့ ဖမ်းဆီးတာကို ခံနေရတာလည်းဖြစ်ပါတယ်။