DVB Logo
Home
မြန်မာသတင်း
ဦးဆန်းဆင့် ရမည်းသင်းထောင်ပို့ခံရ
DVB
·
June 20, 2014
ဦးဆန်းဆင့် ရမည်းသင်းထောင်ပို့ခံရ
Donate to DVB

နိုင်ငံတော်သမ္မတအမိန့်နဲ့ ရာထူးကနေ အနားပေးခံရတဲ့ သာသနာရေးဝန်ကြီး ဦးဆန်းဆင့်ကို ရမည်းသင်းအကျဉ်းထောင်ကို ခေါ်ဆောင်သွားတယ်လို့ နေပြည်တော် သတင်းရပ်ကွက်က သိရပါတယ်။

U San Sintသမ္မတက ဇွန် ၁၉ ရက်နေ့မှာ သာသနာရေးဝန်ကြီး ဦးဆန်းဆင့်ကို တာဝန်မကျေပွန်မှုနဲ့ ရာထူးကနေ ဖယ်ရှားမိန့်ထုတ်ပြန်ခဲ့ပါတယ်။ အဲဒီနေ့ခင်း ၁ နာရီလောက်မှာပဲ အထူးစုံစမ်းစစ်ဆေးရေးဌာန (စစစ) တာဝန်ရှိသူတဦးက လာရောက်အမှုဖွင့်တယ်လို့ ရဲစခန်းကို ကိုယ်တိုင်သွားရောက်တဲ့ ဒီဗွီဘီသတင်းထောက် ဦးအောင်ကြီးက ပြောပါတယ်။

“ဥတ္တရသီရိရဲစခန်းက အမှုစစ်ကတော့ ပြောလိုက်တယ်။ ဇွန် ၁၉ ရက်နေ့ နေလယ် ၁၂ နာရီက ဦးဆန်းဆင့်ကို ဒီမှာ အမှုဖွင့် အရေးယူဆောင်ရွက်ထားတယ်လို့ ပြောတယ်။ ကျန်တာတော့ ပြောခွင့်မရှိလို့ မပြောပါဘူးဆိုပြီးတော့ ကျနော့်ကို ပြောတယ်ခင်ဗျ။ မနေ့က ညနေ ၃ နာရီမှာတော့ ပုပ္ဗသီရိမြို့နယ်တရားရုံးမှာ ဦးဆန်းဆင့်ကို ရမန်ယူပြီးတော့ အခု မနက်မှာတော့ ရမည်းသင်းအကျဉ်းထောင်ကို ပို့လိုက်တယ်ခင်ဗျ။ ရမည်းသင်းအကျဉ်းထောင်ပို့ပြီးတော့ စစ်ဆေးနေတယ်လို့လည်း သိရတယ်ခင်ဗျ။ နောက် ဦးဆန်းဆင့်နဲ့ ပတ်သက်တဲ့ မိသားစုတွေကိုလည်း စစ်ဆေးနေတယ်လို့ ပြည်ထဲရေးအသိုင်းအ၀ိုင်းကနေ ကြားရတယ်ခင်ဗျ။”

ဒီစစ်ဆေးမှုနဲ့ ပတ်သက်ပြီး သမ္မတရုံး ပြောခွင့်ရ ဦးရဲထွဋ်ကတော့ ဦးဆန်းဆင့်ကို ပြည်ထဲရေးဌာနက အမှုတခုနဲ့ဖွင့်ပြီး စစ်ဆေးနေတယ်ဆိုတာ မှန်ကန်ကြောင်း ဒီဗွီဘီကို ပြောပါတယ်။

ဒီဗွီဘီက အတည်မပြုနိုင်ခဲ့တဲ့ ဇွန် ၁၉ ရက်နေ့ညပိုင်းက သီးခြားရရှိတဲ့သတင်းအရ ဥတ္တရသီရိရဲစခန်းမှာ ဦးဆန်းဆင့်နဲ့ အပေါင်းပါ ၉ ဦးကို ၂၀၁၄ ခုနှစ် ၆ လပိုင်း ၁၉ ရက်နေ့ ဥတ္တရသီရိမြို့နယ်ရဲစခန်းမှာ ပြည်သူ့ဘဏ္ဍာငွေ အလွဲသုံးစားမှု ဥပဒေပုဒ်မ ၄၀၉/၁၀၉နဲ့ အမှုဖွင့်ထားတယ်လို့ သိရပါတယ်။

ဒီအမှုကို အထူးစုံစမ်းစစ်ဆေးရေးဌာန ဒုတိယညွန်ကြားရေးမှူးချုပ် ဦးဌေးလွင်က အမှုဖွင့်ထားပြီး ဦးဆန်းဆင့်ကို အငြိမ်းစားပေးပြီး စစ်ဆေးနေတယ်လို့ ဆိုပါတယ်။

ဒီဗွီဘီက အထူးစုံစမ်းစစ်ဆေးရေးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးဌေးလွင်ရဲ့ တယ်လီဖုန်း ၀၆၇-၄၃၁၃၇၃ ကို ဆက်သွယ်မေးမြန်းရာမှာ လက်ခံဖြေကြားခြင်း မရှိပါဘူး။

ဦးဆန်းဆင့်ကို နေပြည်တော်မှာ အမှုဖွင့်ပြီး နောက်တနေ့ ဇွန် ၂၀ ရက်နေ့မှာ သမ္မတက သာသနာရေးဝန်ကြီးတာဝန်ကနေ ရပ်နားကြောင်း လူသိရှင်ကြား ကြေညာခဲ့ပါတယ်။

ဒီကြေညာချက်နဲ့ ပတ်သက်လို့ သမ္မတရုံး ပြောခွင့်ရ ဦးရဲထွဋ်က ဦးဆန်းဆင့်ကို အရေးယူဆောင်ရွက်လိုက်တာဟာ သန္တိသုခနဲ့ပတ်သက်ပြီး အစိုးရနဲ့ သံဃာတွေအကြားမှာ နားလည်မှု လွဲစေတာကြောင့် ဖြစ်တယ်လို့ ဇွန် ၂၀ ရက်နေ့မှာ ကျင်းပတဲ့ ပြည်သူ့လွှတ်တော်ကို ရောက်ရှိစဉ် သတင်းထောက်တွေကို ပြောပါတယ်။

“၁၉၉၀ ပြည့် သံဃဥပဒေရှိတယ်။ သံဃဥပဒေမှာ သံဃမဟာနာယကအဖွဲ့က တိုင်ကြားလို့ရှိရင် သာသနာရေးဝန်ကြီးဌာနက တာဝန်ယူပြီးတော့ အမှုဖွင့်ပေးရတယ်။ ဒီ သန္တိသုခက ကိတ်စကလည်း အကြောင်းအချက်တခုဖြစ်တယ်။ သန္တိသုခဖြစ်စဉ် စဖြစ်ကတည်းက သမ္မတကြီးက သာသနာရေးဝန်ကြီးအနေနဲ့ ဒီကိစ္စမှာ သံဃမဟာနာယကအဖွဲ့ရဲ့ ဆုံးဖြတ်ချက်ကိုလည်း အေးအေးချမ်းချမ်း အကောင်အထည်ဖော်နိုင်အောင်၊ တဖက်နဲ့ ဟိုဘက် ဒီဘက်ကြားမှာ သာသနာရေးဝန်ကြီးအနေနဲ့ရော။ ဆရာ၊ ဒကာအနေနဲ့ရော ၀င်ရောက် ဆောင်ရွက်ပေးဖို့ တာဝန်ပေးခဲ့တယ်။ ဒါပေမယ့် အဲဒီကိစ္စအပါအ၀င် ကျန်တဲ့ကိစ္စတွေမှာ ဦးဆန်းဆင့်ရဲ့ ဆောင်ရွက်ချက်တွေဟာ ပါဝင်ပတ်သက်သူတွေအကြားမှာ နားလည်မှုဖြစ်စေဖို့ထက် စိတ်ဝမ်းကွဲပြားမှု ဖြစ်စေတယ်။ နောက်ဆုံး အစိုးရနဲ့ သံဃာတွေအကြားမှာပါ နားလည်မှုလွဲစေတဲ့အဖြစ်မျိုးတွေ ဖြစ်စေတယ်။ တချို့ကဆိုရင် သမ္မတကြီးမှာကြားတဲ့ဟာ တွေကို ကျော်လွန်ပြီးတော့ လုပ်လိုက်တဲ့ သဘောတွေ ရှိတယ်။ ဒါကြောင့် ကျနော်တို့က မလွဲမရှောင်သာ အရေးယူလိုက်တာ”လို့ ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013