DVB Logo
Home
မြန်မာသတင်း
တနင်္သာရီတွင် စစ်ရှောင်ပြည်သူများ အစားအသောက်နှင့် အမိုးအကာများ ပိုမိုလိုအပ်နေ
DVB
·
April 20, 2023
တနင်္သာရီတွင် စစ်ရှောင်ပြည်သူများ အစားအသောက်နှင့် အမိုးအကာများ ပိုမိုလိုအပ်နေ
1 / 3
Donate to DVB

တနင်္သာရီတိုင်း၊ မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ်ထဲက နေရပ်မပြန်နိုင်ကြတဲ့ စစ်ဘေးရှောင် ပြည်သူတွေ စားရေးသောက်ရေး အခက်အခဲတွေ ရှိလာပြီး နေထိုင်ဖို့ အမိုးအကာတွေ လိုအပ်နေကြတယ်လို့ နွေဦးမေတ္တာ စစ်ဘေးရှောင်ကူညီပံ့ပိုးရေးအဖွဲ့ကနေ သိရပါတယ်။

တနင်္သာရီမြို့နယ်အတွင်း ရက်ရှည်တိုက်ပွဲတွေကြောင့် ထွက်ပြေးတိမ်းရှောင်ခဲ့ရတဲ့ စစ်ဘေးရှောင်ပြည်သူတွေမှာ တိုက်ပွဲထပ်မံဖြစ်ပွားနေပြီး စစ်ကောင်စီက နောက်ထပ် စစ်ကြောင်းထိုး ဝင်ရောက်လာနိုင်တဲ့အတွက် နေရပ်ပြန်လာဖို့ ခက်ခဲနေကြတယ်လို့ ပြောပါတယ်။

နွေဦးမေတ္တာ စစ်ရှောင်ကူညီပံ့ပိုးရေးအဖွဲ့ရဲ့ တာဝန်ရှိသူတဦးက “လက်ရှိ တိုက်ပွဲတွေကြောင့် နေရပ်မပြန်ရဲကြသေးတာနဲ့ စစ်‌ကြောင်းထိုးလာနိုင်သေးလို့ စစ်ရှောင်တွေ နေရပ်မပြန်ရဲကြတာပါ။ နေရပ်မပြန်နိုင်ကြတဲ့ စစ်ရှောင်ပြည်သူတွေမှာ တိုက်ပွဲကြောင့် ရက်ရှည် တိမ်းရှောင်နေရတဲ့အပြင် စစ်ရှောင်ဦးရေ တိုးပွားလာတဲ့အတွက် အစားအသောက်၊ ဆေးဝါးနဲ့ နေထိုင်ဖို့ အမိုးအကာ လိုအပ်ချက်တွေ ရှိလာတယ်” လို့ ပြောပါတယ်။

ဒါ့အပြင် စစ်ဘေးရှောင်ပြည်သူတွေမှာ သောက်သုံးရေ လိုအပ်မှုတွေရှိလာပြီး ‌ရေလောင်းအိမ်သာတွေပါ လိုအပ်ချက်တွေရှိနေပါတယ်။

စစ်ဘေးရှောင်ကူညီပေးနေသူတဦးက “စားသောက်ဖို့က တပတ်ဖြစ်ဖြစ်၊ သုံးရက်ဖြစ်ဖြစ် ရိက္ခာပေးပို့နေရတဲ့အတွက် ရိက္ခာပိုလိုအပ်လာတယ်။ အမိုးအကာတွေကတော့ ယာယီအမိုး လုပ်ထားရတာတွေရှိတယ်။ အချိန်တခုကြာရင်တော့ ခက်ခဲလာနိုင်တယ်။ ရမ်းဖို၊ ကြိမ်ချောင်းတို့ဘက်ကလည်း စစ်ရှောင်များကြတော့ ရေရှည်မှာ ခက်ခဲကြတာပေါ့” လို့ ပြောပါတယ်။

ပြီးခဲ့တဲ့တိုက်ပွဲအတွင်း သိန်ခွန်းရွာ၊ သဲဖြူရွာ၊ ချောင်းနစ်ပေါက်ရွာ၊ ကြိမ်ချောင်းရွာ၊ ရမ်းဖိုရွာ၊ ကမ်းတိုရွာ၊ ညောင်ပင်ကုန်းရွာ၊ ဘန်းလမွတ်ရွာ၊ ပဝနဲ့ သာရဖုံရွာတွေကနေ ထွက်ပြေးတိမ်းရှောင်လာနေကြတဲ့ စစ်ရှောင်ဦးရေ ၁၀,၀၀၀ ကျော်အထိ ရှိနေပါတယ်။

အဆိုပါ ထွက်ပြေးတိမ်းရှောင်နေကြရတဲ့ စစ်ဘေးရှောင်ပြည်သူတွေထဲက လက်လှမ်းမီတဲ့ ပြည်သူတွေကို စစ်ရှောင်ကူညီရေးအဖွဲ့ကနေ စာရင်းအတိအကျပြုလုပ်ကာ ကူညီဆောင်ရွက်ပေးနေပြီး ဥယျာဉ်ခြံနဲ့ တခြားနေရာဒေသတချို့မှာ တိမ်းရှောင်နေကြသူတွေ အများအပြား ကျန်ရှိနေသေးတယ်လို့ သိရပါတယ်။

တနင်္သာရီမြို့နယ်မှာ ပြီးခဲ့တဲ့ မတ် ၂၈ ရက်ကနေ ဧပြီလ ဒုတိယပတ်အထိ ရက်ရှည်တိုက်ပွဲ ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

တနင်္သာရီမြို့နယ်ထဲက စစ်ဘေးရှောင်ပြည်သူတွေကို ကူညီချင်တဲ့ အလှူရှင်တွေအနေနဲ့လည်း နွေဦးမေတ္တာ စစ်ရှောင်ကူညီပံ့ပိုးရေးအဖွဲ့နဲ့ တွဲလက်ညီညီ စစ်ရှောင်ကူညီရေးအဖွဲ့တို့ထံကို လာရောက်ဆက်သွယ် လှူဒါန်းနိုင်တယ်လို့လည်း အသိပေး မေတ္တာရပ်ခံထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013