DVB Logo
Home
မြန်မာသတင်း
ကရင်နီ စစ်ဘေးရှောင်စခန်း ၇ ခုအတွက် အရေးပေါ် သောက်သုံးရေလိုအပ်နေ
DVB
·
April 19, 2023
ကရင်နီ စစ်ဘေးရှောင်စခန်း ၇ ခုအတွက် အရေးပေါ် သောက်သုံးရေလိုအပ်နေ
1 / 3
Donate to DVB

ကရင်နီ(ကယား)ပြည်နယ်ရှိ စစ်ဘေးဒုက္ခသည်စခန်း  ၇ ခုမှာ စစ်ဘေးရှောင် ၂၀၀,၀၀၀  လောက်အတွက် စားနပ်ရိက္ခာအပြင် ရေရှားပါးမှုနဲ့ နွေရာသီ အလွန်ပူပြင်းတာကြောင့် သောက်ရေ၊ သုံးရေတွေ အရေးပေါ်လိုအပ်နေတယ်လို့ Job For Kayah အဖွဲ့ထံက သိရပါတယ်။

အဆိုပါ စစ်ဘေးရှောင်စခန်းတွေကိ ရေဂါလန် ၂,၀၀၀ ကားနဲ့ တခေါက်စာရေထည့်ရင် သုံးလေးရက်စာအတွက် သုံးရေအဆင်ပြေပေမဲ့ ချိုးရေအတွက်တော့ သုံးလို့မရဘူးလို့ သိရပါတယ်။ ရေသယ်တဲ့ကားခမှာ အနည်းဆုံး ၂၀,၀၀၀ ကျပ်ကနေ ၅၀,၀၀၀ ကျပ်ဝန်းကျင်အထိ ပေးရပါတယ်။

JFK မှ တာဝန်ရှိသူတဦးက “ကျနော်တို့ကနေတဆင့် ရေကားကိုဆက်သွယ်ပြီး Camp တွေဆီကို ပို့ခိုင်းရတာပါခင်ဗျ။ ခရီးအကွာအဝေးပေါ်မူတည်ပြီး စျေးအနည်းအများ ရှိသွားပါတယ်။ ရေတခေါက်ထည့်ရင် ၃ ရက်၊ ၄ ရက်စာလောက်တော့ ရတယ်။ ဒါက သုံးရေအတွက်ကိုပဲ ပြောတာပါ။ ရေချိုးဘာညာအတွက် မပါသေးဘူးဗျ” လို့ ပြောပါတယ်။

အခုအခါမှာ တခြားလိုအပ်ချက်တွေ ရှိနေပေမဲ့ ရေက သုံးရေအတွက်ရော သောက်ရေအတွက်ပါ နေ့စဥ်လိုအပ်နေတာမို့ ပိုအရေးကြီးတယ်လို့လည်း စစ်ဘေးရှောင်စခန်းတခုမှာ နေထိုင်တဲ့ အမျိုးသမီးတဦးက ဒီဗွီဘီကို ပြောပါတယ်။

“အခုချိန်က ရာသီဥတုလည်းပူသလို တောင်ပေါ်ရေရှားချိန်လည်း ဖြစ်နေတော့ သောက်ရေရော၊ သုံးရေရောက အဓိကပြဿနာဖြစ်နေတယ်။ ရေက မသောက်ဘဲလည်း မနေနိုင်ဘူးလေ။ နောက်ပြီး အပေါ့အလေးသွားတာကလည်း ကြာကြာထိန်းထားလို့မရတော့ ရေနဲ့ပတ်သက်ပြီး တော်တော်ဒုက္ခ​ရောက်နေတယ်။”

လက်ရှိအချိန်မှာ ဖြစ်ပေါ်နေတဲ့ တိုက်ပွဲတွေကြောင့် ဒေါတမကြီးဘက်က စစ်ဘေးရှောင်တွေ ထပ်တိုးလာကာ အခြေခံစားသောက်ကုန်တွေဖြစ်တဲ့ ဆန်၊ ဆီ၊ ဆားတွေလည်း လိုအပ်နေသလို သုံးရေရမှ သောက်ရေအတွက် တဖန်ပြန်လည် ကျိုချက် သောက်သုံးနေရတာ ဖြစ်ပြီး ရေက အဓိကလိုအပ်နေတာဖြစ်တယ်လို့ JFK မှ တာဝန်ရှိသူတဦးက ပြောပါတယ်။

အခုချိန်မှာ ရေက မရှိမဖြစ်လိုအပ်နေတဲ့ အရေးပေါ်လိုအပ်ချက်တခု ဖြစ်တဲ့အတွက် ပြည်တွင်းပြည်ပမှ အလှူရှင်တွေအနေနဲ့ ဝိုင်းဝန်းကူညီပေးကြဖို့ကိုလည်း Job For Kayah မှ မေတ္တာရပ်ခံ တောင်းဆိုထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013