
ထိုင်း-မြန်မာနယ်စပ် တာ့ခ်ခရိုင်၊ မဲဆောက်မြို့မှာ နိုင်ငံခြားသားတွေဆီက လာဘ်စားပြီး မသမာ တဲ့နည်းနဲ့ ၁၀ နှစ်ခံကတ် ထုတ်ပေးမှုကို တာဝန်ရှိသူတွေက သွားရောက်စစ်ဆေးနှိမ်နင်းပြီး ပါဝင်ပတ်သက်နေသူ ၁၁ ယောက်ကို ဖမ်းဆီးခဲ့တယ်လို့ ထိုင်းပြည်ထဲရေးဝန်ကြီးဌာနက ဒီကနေ့ ဩဂုတ် ၄ ရက်မှာ ထုတ်ပြန်ပါတယ်။
ဒီမတိုင်ခင်က မဲဆောက်မြို့နယ် စည်ပင်သာယာရုံးမှာ မသမာတဲ့နည်းနဲ့ လူပေါင်း ၂၀၀ ကျော်ကို ၁၀ နှစ်ခံ မှတ်ပုံတင်ကတ် (နိုင်ငံမဲ့သူများကတ်) ထုတ်ပေးကြောင်း တိုင်ကြားစာရရှိထားသလို ထိုင်းတောင်ပိုင်း စူရတ်ဌာနီခရိုင် ကျေးဆဒ်မြို့နယ်မှာ ဖမ်းဆီးရမိတဲ့ ၁၀ နှစ်ခံကတ်အတု ကိုင်ဆောင်သူတွေဟာလည်း တာ့ခ်ခရိုင် မဲဆောက်ဘက်ကနေ ဝင်ရောက်လာသူတွေဖြစ်တယ်လို့ ထိုင်း ပြည်ထဲရေးဝန်ကြီးဌာန ဒုဝန်ကြီး နိုင်းဂျက်ဆေ(က်) ထိုင်းဆစ်က သတင်းစာရှင်းပွဲမှာ ပြောပါတယ်။
ဆက်လက်စစ်ဆေးချက်အရ ၁၀ နှစ်ခံကတ် တခုအတွက် ဘတ်ငွေ အနည်းဆုံး ၄၀,၀၀၀ မှ ၁၀၀,၀၀၀ ထိ ပေးရပြီး လူပေါင်း ၇၀၀ ခန့်ကို ထုတ်ပေးခဲ့ပြီး ဖြစ်တယ်။ လူဝင်မှုကြီးကြပ်ရေးဌာနက ၁၀ နှစ်ခံကတ် ရသွားသူတွေရဲ့ လက်ဗွေရာတွေ ပြန်စစ်ရာမှာ တချို့က မြန်မာနိုင်ငံကူး လက်မှတ်ကိုင်ဆောင်ထားတယ်၊ တချို့က နယ်စပ်ဖြတ်ကျော်လက်မှတ်နဲ့ ဝင်လာတယ်။ ဒါကြောင့် မှတ်ပုံတင်ဌာန အစိုးရဝန်ထမ်းနဲ့တကွ ပါဝင်ပတ်သက်သူပေါင်း ၁၇ ယောက်ကို တရားရုံးအမိန့်နဲ့ ဖမ်းဝရမ်းထုတ်ခဲ့တယ်လို့ ဆိုပါတယ်။
အဲဒီနောက် ပြည်ထဲရေးဝန်ကြီးဌာန၊ အမျိုးသားရဲတပ်ဖွဲ့၊ မှတ်ပုံတင်လုံခြုံရေးခြိမ်းခြောက်မှု တိုက်ဖျက်ရေးဌာန၊ အဂတိလိုက်စားမှု တိုက်ဖျက်ရေးဌာန၊ နယ်မြေခံ အုပ်ချုပ်ရေးနဲ့ ရဲတပ်ဖွဲ့တို့ ပါဝင်တဲ့ ပူးပေါင်းအဖွဲ့အင်အား ၁၀၀ ကျော်ဟာ ဒီကနေ့မနက်က ဦးတည်နေရာပေါင်း ၂၅ နေရာကို သွားရောက်စစ်ဆေးပြီး ဖမ်းဝရမ်းထုတ်ခံထားသူတွေကို ရှာဖွေဖမ်းဆီးခဲ့ပါတယ်။
ဖမ်းဝရမ်းထုတ်ထားသူ ၁၇ ယောက်မှာ မဲဆောက်စည်ပင်သာယာရုံးမှ မှတ်ပုံတင်အရာရှိ ၁ ယောက်၊ မှတ်ပုံတင်ဌာန အစိုးရဝန်ထမ်း ၁ ယောက်၊ နေ့စားဝန်ထမ်း အမျိုးသမီး ၁ ယောက်၊ သက်သေအဖြစ် လက်မှတ်ထိုးပေးတဲ့ အိမ်ထောင်စုစာရင်းပိုင်ရှင် ၂ ယောက်၊ ၁၀ နှစ်ခံကတ်ကို လာဘ်ထိုးပြီးရယူခဲ့တဲ့ မြန်မာနိုင်ငံသား ၁၂ ယောက်တို့ ပါဝင်ပါတယ်။
အဲဒီထဲက မဲဆောက်မှတ်ပုံတင်အရာရှိ ၁ ယောက်၊ နေ့စားဝန်ထမ်း ၁ ယောက်၊ အိမ်ထောင်စုစာရင်းပိုင်ရှင် ၂ ယောက်နဲ့ လက်မှတ်တုကိုင်ဆောင်သူ မြန်မာ ၇ ယောက်ကို ဖမ်းဆီးရမိခဲ့တယ်။ ထိုင်းမှတ်ပုံတင်ဝန်ထမ်း ၁ ယောက်ကတော့ တဘက်နိုင်ငံက BGF ကရင်နယ်ခြားစောင့်တပ်ထံ ထွက်ပြေးခိုလှုံသွားကြောင်း သတင်းရထားတယ်လို့ ဆိုပါတယ်။
ဖမ်းဆီးခံထားရတဲ့ ဝန်ထမ်းတွေကို တာဝန်ဝတ္တရား အလွဲသုံးစားပြုမှု၊ အဂတိလိုက်စားမှု၊ ဝန်ထမ်းတာဝန်လစ်ဟင်းမှု၊ အစိုးရဌာနဆိုင်ရာ စာရွက်စာတမ်းတုပမှု၊ ကွန်ပျူတာဥပဒေတွေနဲ့ အရေးယူသွားမှာဖြစ်ပြီး မြန်မာနိုင်ငံသားတ္ပေကိုလည်း လက်မှတ်အတုကိုင်ဆောင်မှု၊ ဌာနဆိုင်ရာ ဝန်ထမ်းအား လာဘ်ထိုးမှုတွေနဲ့ အရေးယူသွားမယ်၊ ကျန်ရှိ ဝရမ်းပြေးနဲ့ မသမာမှုနဲ့ ရထားတဲ့ လက်မှတ်တွေကို ပြန်လည်စစ်ဆေးမယ်လို့ တာဝန်ရှိသူက ပြောပါတယ်။
အဆိုပါ ၁၀ နှစ်ခံကတ်ပြားမှာ နိုင်ငံမဲ့သူတွေ၊ အထောက်အထားမဲ့ တောင်ပေါ်သားတွေအတွက် ထုတ်ပေးထားတာဖြစ်ပြီး ၁၀ နှစ်တကြိမ် သက်တမ်းတိုးနေထိုင်ရတာ ဖြစ်ပါတယ်။
Source: ထိုင်းပြည်ထဲရေးဝန်ကြီးဌာန၊ တာ့ခ်ခရိုင်ပြန်ကြားရေးဌာန










