Home
ဆောင်းပါး
ပဇီကြီးရွာလူသတ်ပွဲနဲ့ ရှုတ်ချကန့်ကွက်ရုံသာ တတ်နိုင်တဲ့ကမ္ဘာ
DVB
·
April 18, 2023

အပူကြီးလှတဲ့နွေမှာ နေဆယ်စင်းမက တောက်လောင်နေတဲ့ သေမင်းတမန်နတ်ဆိုးဟာ ကန့်ဘလူမြို့နယ်၊ ပဇီကြီးရွာပေါ် ရောက်ရှိလာခဲ့တယ်။ ဝေဟင်ထက်ကနေ ဂျက်ဖိုက်တာနဲ့ ဗုံးကြဲချရုံတင်မက ကြောက်လန့်တကြား ထွက်ပြေးကြတဲ့ ကလေးငယ်တွေပါမကျန် Mi35 ရဟတ်ယာဉ်ပေါ်ကနေ စက်သေနတ်တွေနဲ့ စိတ်ကြိုက်ပစ်ခတ်တယ်။ ပြန်လည်ခုခံမှု တစုံတရာမရှိဘဲ ရက်ရက်စက်စက် အစုလိုက်အပြုံလိုက် သတ်ဖြတ်မှု။ ဧပြီ ၁၁ ရက်နေ့၊ မနက် ၇ နာရီခွဲဝန်းကျင်။ ပဇီကြီးတရွာလုံး ပွက်ပွက်ဆူလို့။

NUG အစိုးရရဲ့ ဧပြီ ၁၃ ရက် ထုတ်ပြန်ချက်အရ ၁၆၈ ဦး သေဆုံးခဲ့တယ်။ အမျိုးသား ၁၂၁ ဦး၊ အမျိုးသမီး ၄၇ ဦး။ သေဆုံးသူတွေထဲ မူလတန်းကျောင်းသားကျောင်းသူ ၂၁ ဦး။ သတင်းတွေအရ သေဆုံးသူ ၅၉ ဦးသာ ခန္ဓာကိုယ်ပြန်ရပြီး ကျန်တဲ့ရုပ်အလောင်းတွေက ပြန့်ကျဲနေတဲ့ ခန္ဓာကိုယ်အပိုင်းအစတွေအဖြစ် တစစီ။ ဘာတွေနဲ့ ဘယ်လို အငြိုးတကြီး ပစ်ခတ်ခဲ့လို့ လူ့ခန္ဓာကိုယ် ပိုင်းပြတ်ခဲ့ရတာလဲ။ ပဇီကြီး ဓာတ်ပုံတွေက မြင်ရက်စရာမရှိ။

မနက်ပိုင်းမှာ အကြမ်းဖက်စစ်တပ် လေယာဉ်တွေဟာ အဲဒီလို ကြောက်မက်ဖွယ် အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုကျူးလွန်ခဲ့ပြီးနောက် ဧပြီ ၁၁ ရက် ညနေပိုင်းမှာလည်း ဂျက်ဖိုက်တာတစီး ပဇီကြီးရွာပေါ် ထပ်ရောက်လာကာ ကယ်ဆယ်ရေးလုပ်နေသူတွေကို ထပ်မံပစ်ခတ်ခဲ့ကြောင်း ကျွန်းလှတက်ကြွလှုပ်ရှားသူများအဖွဲ့က ထုတ်ပြန်ပါတယ်။ နောက်တကြိမ် သတ်ဖြတ်ဖို့ရာ အဆင်ခြင်မဲ့ အဆင်သင့်။

အဲဒီလို အစုလိုက်အပြုံလိုက် ဗုံးကြဲသတ်ဖြတ်ခံရတဲ့ ဧပြီ ၁၁ ရက်နေ့မှာပင် တာကျိုးကျသွားသလို  နိုင်ငံတကာအသိုင်းအဝိုင်းရဲ့ ပြင်းထန်တဲ့ ကန့်ကွက်ရှုတ်ချမှု ကြေညာချက်တွေ ပလူပျံခဲ့တယ်။ အခုလို အရပ်သားပြည်သူတွေအပေါ် ပစ်မှတ်ထား သတ်ဖြတ်မှုဟာ ဘယ်လိုမှ လက်ခံနိုင်စရာ အကြောင်းမရှိဘူးလို့ ယဉ်ကျေးတဲ့ကမ္ဘာကြီးက ယဉ်ကျေးမှုရှိစွာပဲ ကြေညာချက်ထုတ် ကန့်ကွက်ခဲ့ကြခြင်း ဖြစ်တယ်။

အခုတခေါက် အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဟာ အစွမ်းကုန်မြင့်တက်သွားခဲ့လို့လား။ ဧပြီ ၁၃ ရက်မှာ ပဇီကြီးရွာ လူသတ်ပွဲကို ကုလသမဂ္ဂလုံခြုံရေးကောင်စီက တံခါးပိတ်အစည်းအဝေး ကျင်းပခဲ့တယ်။ ၂၀၂၂ ခုနှစ် ဒီဇင်ဘာ ၂၁ ရက်၊ ကုလသမဂ္ဂလုံခြုံရေးကောင်စီရဲ့ မြန်မာ့အရေး ဆုံးဖြတ်ချက်-၂၆၆၉ ထဲမှာ အကြမ်းဖက်မှုတွေ ချက်ချင်းရပ်ဖို့၊ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေးအကျဉ်းသားတွေအားလုံးကို လွှတ်ပေးဖို့၊ အာဆီယံ သဘောတူညီချက်တွေကို အကောင်အထည်ဖော်ဖို့၊ မြန်မာပြည်သူတို့ရဲ့ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးကို လေးစားလိုက်နာဖို့၊ စာနာမှုအကူအညီတွေကို အကန့်အသတ်မရှိ ခွင့်ပြုပေးဖို့ စတဲ့အချက်တွေ ပါဝင်ပြီး အကြမ်းဖက်စစ်အုပ်စုရဲ့ ပဇီကြီးရွာ လူသတ်ပွဲဟာ လုံခြုံရေးကောင်စီရဲ့ မြန်မာ့အရေး ဆုံးဖြတ်ချက်ကို ပြောင်ပြောင်တင်းတင်း စိန်ခေါ်လိုက်တာ အငြင်းပွားဖွယ်ရာ မရှိပါဘူး။ ဒါပေမဲ့ ဧပြီ ၁၃ ရက်နေ့ တံခါးပိတ်အစည်းအဝေးမှာ ရုရှားနဲ့ တရုတ်ရဲ့ ကန့်ကွက်မှုကြောင့် ပဇီကြီးရွာ လူသတ်ပွဲကို ရှုတ်ချကြောင်း ကြေညာချက်လေးတစောင် ထုတ်ပြီး မြန်မာပြည်သူတွေအပေါ် စာနာမှုပေးဖို့တောင် မလုပ်နိုင်ခဲ့ပါဘူး။

တကယ်တော့ လုံခြုံရေးကောင်စီက ရှုတ်ချကြောင်းကြေညာချက် ထုတ်ပြန်နိုင်ခဲ့ရင်တော့ အဲဒီထုတ်ပြန်ချက်ဟာ နောက်ထပ်ခြေတလှမ်းမပါ၊ လက်တွေ့အရေးယူမှု မပါတဲ့ ထုတ်ပြန်ချက်မို့ အရေးပါတဲ့ သက်ရောက်မှု ဖြစ်လာမှာမဟုတ်ပါဘူး။ အဲဒီလို အရေးယူမှုမပါတဲ့ ရှုတ်ချကြောင်း ထုတ်ပြန်ချက်ကိုတောင် မထုတ်ပြန်နိုင်ခြင်းဟာ မြန်မာ့အရေး လုံခြုံရေးကောင်စီလမ်းကြောင်းရဲ့ အကန့်အသတ်ရှိမှုကို ဖော်ပြနေပါတယ်။ ဆိုလိုတာကတော့ လုံခြုံရေးကောင်စီလမ်းကြောင်းကနေ မြန်မာ့အရေး ထိရောက်တဲ့ အရေးယူကိုင်တွယ်မှုတွေ ဖြစ်လာမလားဆိုပြီး စိတ်ကူးမယဉ်ကြဖို့ ရုရှားနဲ့ တရုတ်က လက်တွေ့ ပြောပြချက်ပါပဲ။

ပဇီကြီးရွာ လူသတ်ပွဲကြီးနဲ့ပတ်သက်ပြီး လုံခြုံရေးကောင်စီက ချက်ချင်းဆိုသလို တံခါးပိတ်အစည်းအဝေး ပြုလုပ်ခဲ့သလို နောက်ထပ်ထူးခြားချက်တရပ်က မြန်မာပြည်သူတွေကို စစ်တပ်က ဘယ်လောက်သတ်သတ်၊ သူတို့နဲ့မဆိုင်သလို ရေငုံနှုတ်ပိတ်နေလေ့ရှိတဲ့ အာဆီယံက ကြေညာချက်ထုတ်ပြန် ကန့်ကွက်ခြင်းပါပဲ။ အာဆီယံ အလှည့်ကျဥက္ကဋ္ဌဖြစ်တဲ့ အင်ဒိုနီးရှားက ဒီလူသတ်ပွဲကြီးကို အာဆီယံနိုင်ငံတွေက ပြင်းပြင်းထန်ထန် ပြစ်တင်ရှုတ်ချကြောင်း ကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။

အကြမ်းဖက်စစ်အုပ်စုက အာဆီယံ ဘုံသဘောတူညီချက် ၅ ရပ်ကို နည်းလမ်းမျိုးစုံနဲ့ လက်တွေ့ခြေမွှပြနေပေမဲ့ စိတ်ကူးယဉ်မပျက် စိတ်ကူးယဉ်နေသေးတဲ့ အာဆီယံအတွက် မူ ၅ ရပ် ပြီးဆုံးသွားပြီဖြစ်ကြောင်း ပဇီကြီးရွာ လူသတ်ပွဲက နောက်ထပ်သက်သေပြခဲ့ခြင်းပါပဲ။

ဒါပေမဲ့ အာဆီယံအတွက်ကတော့ ပဇီကြီးရွာ လူသတ်ပွဲကို ရှုတ်ချရုံကလွဲလို့ နောက်ထပ်လှမ်းစရာ ခြေတလှမ်း ရှိမနေပါဘူး။ မွေးကတည်းက သေနေတဲ့ မြန်မာ့အရေး အာဆီယံမူ ၅ ရပ်ကို ပြန်လည်အသက်ရှင်လာမလားဆိုတဲ့‌ မျှော်လင့်ချက်နဲ့ အာဆီယံ အလှည့်ကျဥက္ကဋ္ဌ အင်ဒိုနီးရှားကိုယ်တိုင်က NUG အစိုးရနဲ့ တရားဝင်တွေ့ဆုံမှု မလုပ်ရဲသလို မူ ၅ ရပ်ကို အချိန်အကန့်အသတ်နဲ့ ဖော်ဆောင်ရေးအပေါ်  မသိချင်ယောင်ဆောင်နေဆဲပါပဲ။

အခုဆိုရင် မြန်မာ့အရေး အာဆီယံမူ ၅ ရပ်ဟာ သေနေရုံတင်မက ပုပ်ပွနေတဲ့ အလောင်းကနေ အနံ့အသက်ဆိုးတွေတောင် ထွက်လာနေပြီဖြစ်ပါတယ်။ အာဆီယံအလှည့်ကျဥက္ကဋ္ဌ အင်ဒိုနီးရှားဟာ စစ်အုပ်စုမျက်နှာ ကြည့်နေတာမဟုတ်ပေမဲ့ အာဆီယံမူ ၅ ရပ် အသက်ပြန်ရှင်လာနိုး မျှော်လင့်ချက်နဲ့ စစ်အုပ်စုမကြိုက်တာ မလုပ်ရဲသလိုဖြစ်နေတာ မြင်နေရပါတယ်။

အာဆီယံအနေနဲ့ မင်းအောင်လှိုင် စိတ်ကောင်းဝင်မယ့်နေ့ ရောက်လာမလားဆိုတဲ့ မျှော်လင့်ချက်နဲ့ ဆက်သွားနေတာထက် ထိရောက်တဲ့ ဖိအားပေးမှုတွေနဲ့ ဆက်သွားသင့်ပြီဆိုတာ ဒေသတွင်း အရေးပါတဲ့နိုင်ငံတွေက ကောင်းကောင်းသိပါတယ်။ ဒါပေမဲ့ အာဆီယံနိုင်ငံအားလုံးရဲ့ သဘောတူညီချက်နဲ့ လက်တွေ့ဖော်ဆောင်ဖို့ ခက်နေတာ မင်းအောင်လှိုင်ကို အိပ်ရေးပျက် သက်သာနေစေပါတယ်။

ပြောရမယ်ဆိုရင် အာဆီယံဟာ မြန်မာ့အရေးကို ထိရောက်စွာ ကိုင်တွယ်ဖြေရှင်းနိုင်စွမ်း မရှိပေမဲ့ အာဆီယံမူ ၅ ရပ် ရှေ့ဆက်သွားစရာမရှိ ပြီးဆုံးသွားပြီဖြစ်ကြောင်းနဲ့ မြန်မာ့အရေးကို အာဆီယံအနေနဲ့ လက်လျှော့လိုက်ပြီဖြစ်ကြောင်း ဝန်ခံဖို့ရာ ရှက်နေတာ မင်းအောင်လှိုင်အတွက် အသက်ရှူပေါက် ချောင်နေစေပါတယ်။

ပဇီကြီး လူသတ်ပွဲအလွန်မှာ မျှော်လင့်နိုင်တာဆိုလို့ အမေရိကန်နဲ့ အနောက်အုပ်စုတို့ရဲ့ ဒဏ်ခတ်ပိတ်ဆို့မှု ဘယ်လောက်ထိ ဆက်ပြင်းထန်မလဲ ဆိုတာပါပဲ။ ပဇီကြီး လူသတ်ပွဲအပြီး အမေရိကန်အစိုးရရဲ့ ပြောခွင့်ရပမာ မြန်မာ့အရေးကို အဓိကကိုင်တွယ်နေတဲ့ အမေရိကန် နိုင်ငံခြားရေးဌာန အတိုင်ပင်ခံ ဒဲရစ်ချောလက် စင်ကာပူနိုင်ငံကို ရောက်ရှိလာတာ တွေ့ရပါတယ်။ အကဲခတ်တချို့က ဒဲရစ်ချောလက်ရဲ့ စင်ကာပူခရီးစဉ်ဟာ စစ်အုပ်စုရဲ့ ဒေါ်လာဝင်လမ်းတွေကို အခုထက် ပိုထိရောက်စွာ ညှစ်နိုင်ရေးအတွက်ဖြစ်ကြောင်း ခန့်မှန်းပါတယ်။

အကြမ်းဖက်စစ်အုပ်စုဆီ ရောက်နေတဲ့ လေယာဉ်ဆီတွေကို ကန့်သတ်ဖို့နဲ့ စစ်အုပ်စုဝင်ငွေကို ဆက်လက်တင်းကျပ် ဒဏ်ခတ်တာမျိုးတွေ ဖြစ်လာနိုင်ပေမဲ့ ပုံအောမျှော်လင့်နေလို့လည်း မရပြန်ပါဘူး။ ဘာလို့လဲဆိုတော့ ပဇီကြီး လူသတ်ပွဲမတိုင်မီ ၂၀၂၃ ခုနှစ် မတ် ၁၁ ရက်နေ့၊ ပင်လောင်းမြို့နယ်၊ နိမ့်နိန်းရွာလူသတ်ပွဲ၊ ၂၀၂၂ ခုနှစ် အောက်တိုဘာ ၂၃ ရက်၊ ဖားကန့်မြို့နယ်၊ အနန့်ပါဒေသ လူသတ်ပွဲနဲ့ ၂၀၂၂ ခုနှစ်၊ စက်တင်ဘာ ၁၆ ရက်နေ့၊ ဒီပဲယင်းမြို့နယ်၊ လက်ယက်ကုန်းရွာ လူသတ်ပွဲတွေတုန်းကလည်း တကမ္ဘာလုံးအနှံ့ ဟုန်းဟုန်းတောက်ခဲ့ပေမဲ့ သိပ်မကြာခင် ကောက်ရိုးမီးပမာ ပြီးဆုံးသွားတဲ့ သာဓကတွေ ရှိနေလို့ပါပဲ။

ပဇီကြီးရွာ လူသတ်ပွဲအပြီး မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် တွမ်အင်ဒရူးကတော့ ကလေးတွေ ဘယ်လောက်များများသေမှ ကမ္ဘာ့ခေါင်းဆောင်တွေအနေနဲ့ အာဏာသိမ်းစစ်အုပ်စုအပေါ် အရေးယူ တုံ့ပြန်မှာလဲလို့ မေးခွန်းထုတ်လိုက်ပါတယ်။ တွမ်အင်ဒရူးဟာ မြန်မာ့အရေး ထိရောက်တဲ့ မေးခွန်းထုတ်သံတွေနဲ့ ယဉ်ကျေးလှပါတယ်ဆိုတဲ့ ကမ္ဘာကြီးကို အားမနာတမ်း လှုပ်နှိုးနေပေမဲ့ ကမ္ဘာကြီးကလည်း အိပ်ချင်ယောင်ဆောင်နေဆဲပါပဲ။

နိုင်ငံတကာအသိုင်းအဝိုင်းရဲ့ ကြေညာချက်ထုတ် ရှုတ်ချကန့်ကွက်မှုတွေဟာ သွေးဆာနေတဲ့ မင်းအောင်လှိုင်အတွက် နောက်တွန့်သွားစရာမရှိကြောင်း နေ့စဉ်သတ်ဖြတ်မှုတွေက သက်သေခံနေပေမဲ့ နိုင်ငံတကာအသိုင်းအဝိုင်းကတော့ ကြေညာချက်တွေ ဆက်ထုတ်နေဦးမှာ သေချာသလို မြန်မာပြည်သူတွေ ဆက်လက်အသက်ပေးနေရဦးမှာလည်း အသေအချာပါပဲ။

ထွန်းလင်း

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024