DVB Logo
Home
မြန်မာသတင်း
ကရင်နီအတွက် စည်းရိုးပရောဂျက်မှ ကန်ဒေါ်လာ ၂၅၀၀ ကျော် ကနဦးရရှိ
DVB
·
April 17, 2023
ကရင်နီအတွက် စည်းရိုးပရောဂျက်မှ ကန်ဒေါ်လာ ၂၅၀၀ ကျော် ကနဦးရရှိ
Donate to DVB

ကရင်နီတော်လှန်ရေး အင်အားစုတွေအတွက် စည်းရိုးပရောဂျက်ဟာ ဧပြီ ၁၆ ရက်မှာ ပြီး ဆုံးသွားခဲ့ပြီဖြစ်ကာ အဆိုပါ ပရောဂျက်ကနေ အမေရိကန်ဒေါ်လာ ၂,၅၀၀ ကျော်ထိ ကနဦး ရရှိထားခဲ့တယ်လို့ ထုတ်ပြန်ပါတယ်။

ဒီပရောဂျက်ကိုတော့ ပြီးခဲ့တဲ့ မတ် ၂၀ ရက်က စတင်လုပ်ဆောင်ခဲ့တာဖြစ်ပြီးတော့  ငွေ ကျပ်သိန်း ၁၀၀၀၀ ထိ ရရှိနိုင်ဖို့ မျှော်မှန်းထားခဲ့တာပါ။

“စည်းရိုး builders တို့ရေ... ပရောဂျက်စည်းရိုးလည်း ပြီးဆုံးသွားပြီဆိုတော့ ကနဦးအနေ နဲ့ Click ကနေ ရခဲ့တဲ့ ဝင်ငွေတွေကို ပြောပြချင်ပါတယ်။ စည်းရိုးပရောဂျက်မှာ Digital Strike အနေနဲ့ Click4Freedom နဲ့ Karenni Guys တို့က ပါဝင်ပေးခဲ့ကြပြီး Click4Freedom က အရင်လနဲ့ ပရောဂျက်ကာလအတွင်းရရှိတဲ့ USD 2000၊ Karenni Guys က ပရောဂျက်ကာလအတွင်း ရရှိတဲ့ USD 513.59 ကို စည်းရိုးပရောဂျက်မှာ ပါဝင်ပေးသွားကြပါတယ်။ ပရောဂျက်ပြီးသွားပေမယ့်လည်း ဒီ Channel တွေမှာ Click တာကို မလျှော့လိုက်ကြပါနဲ့ဦး။ ဒီ Channel တွေကရတာတွေဟာ KNDF နဲ့ စစ်ဘေးသင့် ပြည်သူတွေဆီကို တိုက်ရိုက်စီးဆင်းနေတာပါ။ စည်းရိုးပရောဂျက်အဖွဲ့သားများကလည်း Clickers တွေရော၊ Click4Freedom နဲ့ Karenni Guys ကိုရော ကျေးဇူးအထူးတင်ရှိပါတယ်ဗျို့။”

လတ်တလောမှာတော့ အာဏာသိမ်းစစ်အုပ်စုရဲ့ ပြည်သူလူထုအပေါ် အကြမ်းဖက် ဖိနှိပ်ဖမ်းဆီး တိုက်ခိုက်သတ်ဖြတ်နေမှုတွေကို ပြည်သူတရပ်လုံးက အသက်ရှင်သန်ရေးအတွက် ခုခံကာကွယ်ပိုင်ခွင့်အရ ပြည်သူ့ခုခံစစ်ကို ဆင်နွှဲနေကြပြီး တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေအနှံ့အပြား ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်တွေ၊ တိုင်းရင်းသား လက် နက်ကိုင်တပ်တွေနဲ့ စစ်ကောင်စီတပ်တွေကြား တိုက်ပွဲတွေ ပြင်းထန်နေပါတယ်။

ပြီးခဲ့တဲ့ မတ်လအတွင်းမှာတော့ ကရင်နီပြည်နယ်နဲ့ ရှမ်းပြည်နယ်တောင်ပိုင်းတို့မှာ တိုက်ပွဲအကြိမ်ရေ ၁၀၂ ကြိမ်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်သား ၂၈၁ ယောက်သေဆုံးကာ အယောက် ၈၀ ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ကရင်နီ အမျိုးသားများကာကွယ်ရေးတပ် KNDF ဗဟိုသတင်းနှင့်ပြန်ကြားရေးဌာနက ထုတ်ပြန်ပါတယ်။

စစ်ကောင်စီတပ်တွေဟာ တိုက်ပွဲဖြစ်ပွားတဲ့ မြို့နယ်တွေကို လေကြောင်းတိုက်ခိုက်မှု ၆၆ ကြိမ်ထက်မနည်း ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး ပင်လောင်း၊ ဖယ်ခုံ နယ်စပ်တိုက်ပွဲတွေနဲ့ ဒီးမော့ဆိုမြို့နယ် အရှေ့ ဘက်ခြမ်း တိုက်ပွဲတွေအတွင်း အများဆုံး ပစ်ခတ်တိုက်ခိုက်ခဲ့ကြတယ်လို့ ဆိုပါတယ်။

စစ်ကောင်စီတပ်ရဲ့ မီးရှို့မှု၊ လက်နက်ကြီးပစ်ခတ်တိုက်ခိုက်မှုနဲ့ လေကြောင်းကနေ ပစ်ခတ်တိုက်ခိုက်မှုတွေကြောင့် အရပ်သားပြည်သူနေအိမ် ၂၂၈ လုံး မီးလောင်ပျက်စီးခဲ့ပြီး ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးကျောင်း ၂ ကျောင်းနဲ့ စာသင်ကျောင်း ၃ ကျောင်း ထိခိုက်ပျက်စီးခဲ့တဲ့အပြင် လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သားပြည်သူ ၅ ယောက် သေဆုံးခဲ့ရတယ်လို့ KNDF က ပြောပါတယ်။

ဒါ့အပြင် အကြမ်းဖက်စစ်ကောင်စီတပ်တွေဟာ သံဃာတော် ၃ ပါးအပါအဝင် အရပ်သားပြည်သူ ၂၅ ယောက်ကိုလည်း ဖမ်းဆီးသတ်ဖြတ်ခဲ့ကာ လေကြောင်းပစ်ခတ်မှုနဲ့ လက်နက်ကြီးထိမှန်လို့ အရပ်သားပြည်သူ ၂၉ ယောက် ထိခိုက်ခဲ့ရတယ်လို့လည်း ဆိုပါတယ်။

စစ်ကောင်စီဟာ ကရင်နီပြည်နယ်အတွင်း လူအင်အားဖြည့်တင်းတာ၊ လက်နက်ခဲယမ်းနဲ့ ရိက္ခာြဖည့်တင်းတာတွေအပြင် တိုက်ပွဲအတွင်း ဒဏ်ရာရတပ်သားတွေကို သယ်ယူတာ တွေအတွက် စစ်သုံး ရဟတ်ယာဉ် တွေကို အဓိကထား အသုံးပြုခဲ့ပြီး တလတာအတွင်း ကရင်နီပြည်နယ်အတွင်းရှိ မြို့နယ်တွေကို ရဟတ်ယာဉ်နဲ့ ဖြတ်ကျော်ပျံသန်းမှုအကြိမ်ရေ ၅၂ ကြိမ်နဲ့အထက် ပျံသန်းသွားလာခဲ့တယ်လို့ ဆိုပါတယ်။

၁ လတာ တိုက်ပွဲတွေအတွင်းမှာတော့ KNDF ဘက်က ရဲဘော် ၁၂ ယောက် မြင့်မြတ်စွာ ကျဆုံးခဲ့ရပြီး တိုင်းပြည်အတွက်အသက်ပေးလှူခဲ့တဲ့ အဆိုပါ ရဲဘော်တွေအပါအဝင် မဟာမိတ် တပ်ဖွဲ့တွေက ရဲဘော်တွေကိုလည်း အာဇာနည်သူရဲကောင်းတွေအဖြစ် အစဉ်အမြဲလေးစား မှတ်တမ်းတင်အပ်ကြောင်းလည်း ဖော်ပြထားပါတယ်။

လက်နက်သိမ်းဆည်းရရှိမှုအနေနဲ့ မတ်လ ၁ လတာအတွင်း အကြမ်းဖက်စစ်ကောင်စီ တပ်တွေဆီက လက်နက်ငယ် ၅၁ လက်၊ လက်နက်ကြီး ၉ လက်နဲ့ ခဲယမ်းတွေအပါအဝင် ဆက်သွယ်ရေး စက်တွေကိုလည်း သိမ်းဆည်းရမိခဲ့ပြီး စစ်ကောင်စီတပ်တွေဟာ ကရင်နီ ပြည်နယ်နဲ့ ရှမ်းပြည်နယ် တောင်ပိုင်းကို စစ်ကြောင်းထိုးနေကာ ထိတွေ့တိုက်ပွဲတွေလည်း ဆက်လက်ဖြစ်ပွားနေတယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ်မှာတော့ KNDF ထိန်းချုပ်ခဲ့တဲ့ နန်းမယ်ခုံမြို့ကို လက်လွှတ်ခဲ့ရပြီး တော့ လတ်တလောမှာတော့ ကရင်နီပြည်တပ်ပေါင်းစုအနေနဲ့ စခန်းကြီး ၃ ကို သိမ်းယူ နိုင်ခဲ့ပြီလို့ ဆိုပါတယ်။

ဒါ့အပြင် ကရင်နီပြည်အတွင်း စစ်ဆင်ရေးနဲ့ စပ်လျဥ်းပြီးတော့ Chain of Command ကိစ္စ ရပ်တွေကို အမျိုးသားညီညွတ်ရေးအစိုးရ(NUG) အပါအဝင် ERO ၊ PDF တွေနဲ့လည်း ဆွေးနွေးသဘောတူညီမှု ရရှိပြီး ဖြစ်တယ်လို့ KNDF က ပြောထားပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013