
တရားမ၀င်ကုန်သွယ်ရေးလုပ်နေတာတွေကို ထိန်းချုပ်ဖို့အတွက် စားသုံးသူအကာအကွယ်ပေးရေးနှင့် တရားမဝင်မှောင်ခိုတားဆီးရေး (Mobile Team) အဖွဲ့က ရန်ကုန်အပြည်ပြည်ဆိုင်ရာ ဆိပ်ကမ်းတွေ နဲ့ လေဆိပ်တွေကို ဇွန်လကုန် စတင်စစ်ဆေးဖို့ ပြင်ဆင်နေပါတယ်။
ဇွန် ၁၈ ရက်နေ့ စစစ်ဆေးဖို့ လျာထားပေမယ့် ဇွန်လကုန်ပိုင်းလောက် ကို ပြန်ရွှေ့လိုက်တာပါ။
[caption id="attachment_55158" align="alignright" width="300"]
ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ်[/caption]အပြည်ပြည်ဆိုင်ရာ ဆိပ်ကမ်းတွေ နဲ့ လေဆိပ်တွေကို စစ်ဆေးမှုဟာ Mobile Team အဖွဲ့ရဲ့ စီမံချက် တတိယအဆင့်ကို အကောင်အထည်ဖော်တာဖြစ်ပြီး ယခင်က နယ်စပ် စခန်းဝင်ပေါက်ထွက်ပေါက်တွေ၊ ကမ်းရိုးတန်း သင်္ဘောဆိပ်တွေ နဲ့ တရားမ၀င် ကုန်ပစ္စည်းတွေ သိုလှောင်တယ်လို့ သတင်းရတဲ့နေရာတွေမှာသာ စစ်ဆေးခဲ့ပါတယ်။
ကူးသန်းရောင်းဝယ်ရေးနှင့် စားသုံးသူရေးရာဦးစီးဌာနက ညွှန်ကြားရေးမှူး ဦးတင်အေးဝင်းက “ကွန်တိန်နာတွေ အဓိက အတင်အချလုပ်တဲ့ ဆိပ်ကမ်းတွေကို ပထမအဆင့် ၁ အနေနဲ့ ရွေးပါတယ်။ အေးရှားဝေါ၊ ထီးတန်း၊ အမ်အိုင်ပီ (မြန်မာ့စက်မှုဆိပ်ကမ်း)နဲ့ ဗိုလ်အောင်ကျော် ဆိပ်ကမ်းတွေ ဖြစ်ပါတယ်။ အဲဒါတွေကို ပထမအဆင့်အနေနဲ့ ၀င်မှာဖြစ်ပါတယ်။ ကျနော်တို့ရဲ့ လူအင်အားထုတ်လုပ်နိုင်မှု လုပ်ငန်းလိုအပ်ချက် ဒီအခြေအနေအပေါ်မှာ မူတည်ပြီးတော့ ဒုတိယအဆင့်အဖြစ် နောက်လိုအပ်တဲ့ ဆိပ်ကမ်းတွေကို ချဲ့မှာဖြစ်ပါတယ်။ ဒါက ဆိပ်ကမ်းနဲ့ ပတ်သက်တဲ့ အပိုင်းဖြစ်ပါတယ်” လို့ ပြောပါတယ်။
ဆိပ်ကမ်းတခုချင်းကို စစ်ဆေးသွားမှာဖြစ်ပြီး လူအင်အား ၁၀၀ လောက် အားဖြည့် မယ်လို့ ဆိုပါတယ်။
ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ် စစ်ဆေးမယ့်ပုံစံကို ဦးတင်အေးဝင်းက “လေဆိပ်မှာလည်း ကျနော်တို့နိုင်ငံရဲ့ အဓိက လေကြောင်းကာကွယ်ရေးစနစ်က ရန်ကုန် လေဆိပ်မှာပဲ ရှိပါတယ်။ မန္တလေးလေဆိပ်ကတော့ ကုန်စည်ပို့ဆောင်မှုအတွက် အရှိန်ယူနေဆဲ ဖြစ်ပါတယ်။ အဲဒါကြောင့် ရန်ကုန်လေဆိပ်ရဲ့ လေကြောင်းကုန်စည်ပို့ဆောင်မှု လုပ်ငန်းကို ၀င်ဖို့ ပြင်ဆင်လိုက်ပါတယ်။ ခရီးသည်အများစု အနှောင့်အယှက်မဖြစ်အောင် ခရီးသည်တွေရဲ့ အိတ်တွေနဲ့ တဦးချင်းကိုယ်ပိုင် ပစ္စည်းတွေအပေါ်မှာ စစ်ဆေးမှုကတော့ ကျနော်တို့ ၀င်မလုပ်ပါဘူး။ သက်ဆိုင်ရာ အကောက်အခွန်ရဲ့ လုပ်ထုံးလုပ်နည်းအတိုင်းပဲ ဆက်သွားမှာ ဖြစ်ပါတယ်။ ကျနော်တို့က အဓိကတော့ လေကြောင်းကုန်စည်ပို့ဆောင်ရေးလုပ်ငန်းကိုပဲ လိုအပ်တဲ့ လမ်းကြောင်းတခုအထိ ရောက်အောင် ကြိုးစားကြည့်တဲ့ သဘောပါ” လို့ ပြောပါတယ်။
၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ် ပထမ ၂ လတာ ကာလအတွင်း နယ်စပ်ကုန်သွယ်မှုနယ်မြေတ၀ိုက်မှာ Mobile Team က ကျပ် ၂၄၅၂ သန်းနီးပါး တန်ဖိုးရှိ အကောက်ခွန်မဲ့ ပစ္စည်းတွေ ဖမ်းဆီးရမိပြီး အမှုပေါင်း ၂၉၇ မှု ရှိခဲ့တယ်လို့ စီးပွား/ကူးသန်းရဲ့ သတင်းအချက်အလက်တွေမှာ ဖော်ပြပါရှိပါတယ်။











