DVB Logo
Home
မြန်မာသတင်း
တရားစွဲခံရသည့် ဦးဥတ္တရကို ဗြိတိန်သံရုံး ဥပဒေကြောင်းအရ အကူအညီပေး
DVB
·
June 19, 2014
တရားစွဲခံရသည့် ဦးဥတ္တရကို ဗြိတိန်သံရုံး ဥပဒေကြောင်းအရ အကူအညီပေး
Donate to DVB

သာသနာညှိုးနွမ်းစေမှုနဲ့ လူဝတ်လဲပြီး အင်းစိန်ထောင်မှာ ဖမ်းဆီး တရားစွဲခံထားရတဲ့ လန်ဒန် ဆရာတော် ဦးဥတ္တရအတွက် ဥပဒေကြောင်းအရ ခုခံကာကွယ်နိုင်ဖို့ အပါအ၀င် တခြားလိုအပ်တဲ့ အကူအညီတွေ ပေးနေတယ်လို့ ရန်ကုန်အခြေစိုက် ဗြိတိန်သံရုံးက ပြောပါတယ်။

[caption id="attachment_58548" align="alignright" width="300"] [/caption]ဇွန်လ ၁၁ ရက် မနက်အစောပိုင်းက ရန်ကုန်တိုင်း၊ တာမွေမြို့နယ်ရှိ မဟာသန္တိသုခကျောင်းကနေ အင်အားသုံး ဖမ်းဆီးထိန်းသိမ်းခံခဲ့ရတဲ့ ဗြိတိန်နိုင်ငံသား ဆရာတော် ဦးဥတ္တရ အပါအ၀င် သံဃာတော် ၅ ပါးကို သာသနာတော်ညှိုးနွမ်းစေမှုနဲ့ တရားစွဲပြီး တာမွေမြို့နယ် တရားရုံးမှာ ဇွန်လ ၂၀ ရက်နေ့ ရုံးထုတ်ဖို့ ရှိနေတာဖြစ်ပါတယ်။

ဆရာတော် ဦးဥတ္တရကို ဗြိတိန်သံရုံး တာဝန်ရှိသူတွေ အင်းစိန်ထောင်မှာ မနေ့က သွားရောက် တွေ့ဆုံခဲ့ပြီး ဥပဒေကြောင်းအရ ခုခံနိုင်ရေး အပါအ၀င် ကျန်းမာရေးနဲ့ တခြားလိုအပ်တဲ့ အကူအညီတွေပေးနေတယ်လို့ ရန်ကုန် ဗြိတိသျှသံရုံးက ပြောရေးဆိုခွင့်ရှိသူ ဒုတိယ အတွင်းဝန် ဂျိုးဖစ်ရှာက ဒီဗွီဘီကို ပြောပါတယ်။

“ဗြိတိသျှသံရုံးက Council ဆိုင်ရာ အရာရှိတွေက ဗြိတိသျှနိုင်ငံသားဖြစ်တဲ့ ဦးဥတ္တရ အတွက် ကျနော်တို့ဟာ အကူအညီတွေ ပေးနေတယ်။ မနက်ဖြန်ဆိုရင် တရားရုံးချိန်းမှာ အရာရှိတွေ သွားဆက်သွယ်ဖို့ရှိပါတယ်။ ဦးဥတ္တရအတွက် ရှေ့နေအဖွဲ့ ရှိပါတယ်။ ကျနော်တို့ရဲ့ အရာရှိတွေက အင်းစိန်အကျဉ်းထောင်မှာ သွားရောက်တွေ့ဆုံပြီး ဦးဥတ္တရနဲ့ တွေ့တယ်။ ၁ နာရီ ၁ နာရီခွဲလောက် စကားပြောခဲ့ပါတယ်။ သူ့ရဲ့ လက်ရှိအခြေအနေကို ဆွေးနွေးခဲ့ပါတယ်။ ဒါပြီးရင် ကျနော်တို့က ဦးဥတ္တရအနေနဲ့ ဥပဒေ ကြောင်းအရ ခုခံပိုင်ခွင့် အပြည့်အ၀ ရှိဖို့အတွက် နောက်ပြီးတော့ ကျန်းမာရေးနဲ့ ပတ်သက်တဲ့ လိုအပ်တဲ့ ပစ္စည်း၊ လိုအပ်တဲ့ အကူအညီအကုန်လုံး ရဖို့ ကျနော်တို့ ပြောထားပါတယ်။”

ဖမ်းဆီးခံရတဲ့ သံဃာတော် ၅ ပါးအနက် လန်ဒန်အခြေစိုက် သာသနရံသီဝိဟာရ ကျောင်းတိုက်က ဆရာတော် ဦးဥတ္တရ တပါးတည်းသာ အင်္ဂလန်နိုင်ငံသားဖြစ်ပြီး ကျန်တဲ့ သံဃာ ၄ ပါးကတော့ မြန်မာနိုင်ငံသားတွေဖြစ်တယ်လို့လည်း ဗြိတိန်သံရုံး တာဝန်ရှိသူက ပြောပါတယ်။

လူဝတ်လဲ ဖမ်းဆီးတရားစွဲခံထားရတဲ့ သံဃာတော် ငါးပါးလုံးအတွက် မဟာသန္တိသုခ ကျောင်း တရားရေးကော်မတီအဖွဲ့က ရှေ့နေအဖွဲ့က လိုက်ပါဆောင်ရွက်ပေးဖို့ စီစဉ်နေတယ်လို့
မဟာသန္တိသုခကျောင်း မူလပိုင်ရှင် ပီနန် ဆရာတော် ဘုရားကြီး ဦးပညာဝံသက မိန့်ပါတယ်။

တရားစွဲခံရသူတွေကတော့ ဦးဥတ္တရ၊ ဦးပညာစာရ၊ ဦးနန္ဒိယ၊ ဦးတေဇိန္ဒနဲ့ ဦးသုန္ဒရာသီရိ တို့ ဖြစ်ပြီး သံသနာညှိုးနွမ်းစေမှု ရာဇသတ်ကြီးပုဒ်မ ၂၉၅ (က) နဲ့ သံဃအဖွဲ့အစည်းဆိုင်ရာ ဥပဒေအမှတ် ၂၀/၉၀ နဲ့ နဲ့ တရားစွဲထားတာပါ၊။
ပီနန်ဆရာတော် ဘုရားကြီး ဦးပညာဝံသက ခုလို တရားစွဲဆိုတာဟာ ဘုရားဟော ၀ိနည်းနဲ့လည်း ကိုက်ညီမှု မရှိဘူးလို့ ခုလို မိန့်ကြားပါတယ်။

“သံဃ နာယကကို ဘုန်းကြီး လျှောက်ထားချင်တာ ပြောပါတယ်။ သူတို့က ဓမ္မစက်ဖြစ်တဲ့ အတွက် သူတို့ထက်မြင့်တဲ့အပေါ် မရှိဘူးလို့လည်း ခင်ဗျားတို့လည်း ကြားမှာပေါ့။ သူတို့ကို တရား ဘယ်သူကမှ မစွဲနိုင်ဘူးတဲ့။ သူတို့ကပဲ လုပ်နိုင်တယ်ဆိုတဲ့အခါကျတော့ ဘုန်းကြီးတို့ ၀ိနည်းတော်မှာ မြတ်စွာဘုရားက အာနန္ဒာကို ဟာသွားတယ်။ ငါဟောထားတဲ့ တရားတွေနဲ့ ပညတ်ထားတဲ့ ၀ိနည်းတွေက ငါပရိနိဗ္ဗာန်ပြုသွားတဲ့ အခါမှာ အရှင်ဘုရားတို့ရဲ့ တရားပဲ၊ အရှင်ဘုရားတို့ရဲ့ Guideline (လမ်းညွှန်ချက်) ပဲ၊ အရှင်ဘုရားတို့ရဲ့ စည်းမျဉ်းပဲလို့ ဘုရားက အခြေခံဥပဒေပဲလို့ ပြောတာပေါ့။ အဲဒါကို သူတို့က သူတို့ကြိုက်တာလုပ်နိုင်တယ်ဆိုတော့ သူတို့ ပြောတဲ့ စကားက ဘုရားစကားနဲ့ ဆန့်ကျင်မနေဘူးလား။ သူတို့ ထင်တာ သူတို့လုပ်မယ်ဆိုရင် အရှင်ဘုရားတို့ ရဟန်းလုပ်ပြီးတော့ ရဟန်းစကားပြောတာလား၊ အာဏာရှင်စကား ပြောတာလား လို့ ဘုန်းကြီးက မေတ္တာရပ်ခံချင်တယ်။ ကမ္ဘာကလည်း ကြားလို့ မကောင်းပါဘူး။ လူတွေလည်း ကြားလို့ မကောင်းပါဘူး။ သံဃနာယကဆိုတာ သံဃာတော်တွေရဲ့ မကောင်းမေတ္တာ ကောင်းရာညွှန်လတ် ဆိုတာ မကောင်းတာတွေကို တွေ့လို့ရှိရင် ခင်ဗျားတို့က တားမြစ်ပေးရမယ်။ ကောင်းရာတွေကို ဒါတွေလုပ်ကြဆိုပြီး ပြောရမယ့်အစား အရှင်ဘုရားတို့ရဲ့ ရှေ့တန်းကနေပြီးတော့ ဘုန်းကြီးတပည့် ဦးဥတ္တရ တို့လို့ ဘုန်းကြီးဆီကိုလာပြီး အာဂန္တု တည်းကြခိုကြတာကို ဒါ သာသနာညှိုးနွမ်းစေတယ်၊ သာသနာ ပျက်စေတဲ့အမှုနဲ့ လူဝတ်လဲပစ်တယ်၊ ထောင်ချပစ်တယ်ဆိုတာက အဲဒါ ဘုန်းကြီးတို့ ၀ိနည်းတော်မှာ လုံးဝ မရှိဘူး။”

အလားတူ မဟာသန္တိသုခကျောင်း ကသံဃာတော်တွေကို တရားစွဲဆိုမှုနဲ့ပတ်သက်လို့ ဥပဒေရေးရာကျွမ်းကျင်သူ တရားလွှတ်တော် ရှေ့နေ ဦးအောင်သိန်းကလည်း ခုလို သုံးသပ်ပြောပါတယ်။

“၂၉၅ (က) ဆိုတာက ဒီဆရာတော် ၅ ပါးဟာ ဘာမှ ဆောင်ရွက်ခြင်း လှုပ်ရှားဆောင်ရွက်နေတာ မရှိဘူးပေါ့နော်။ အာဂန္တု ဘုန်းကြီးအနေနဲ့ ကျောင်းမှာလာပြီး သတင်းသုံးနေတာပေါ့။ တကယ် တာဝန်ရှိတဲ့ ပီနန်ဆရာတော်ကြီးကနေ အမှူးပြုပြီးတော့ ခေတ္တသတင်းသုံးနေတဲ့သူတွေ ဖြစ်ပါလျက်နဲ့ သူတို့ကို ပုဒ်မ ၂၉၅-က သာသနာ ညစ်နွမ်းတယ်လို့ အရေးယူတာကလည်း ဒါ ဥပဒေနဲ့ မညီညွတ်ဘူးလို့ ကျနော့်ဘက်က အဲဒီလို မြင်ပါတယ်။”

ဒီသံဃာတော် ၅ ပါးကို စွဲဆိုထားတဲ့ ရာဇသတ်ကြီး ဥပဒေပုဒ်မ ၂၉၅-က မှာတော့ သာသနာကိုသော်လည်းကောင်း၊ ဘာသာသာသနာရေးယုံကြည်မှုကိုသော်လည်းကောင်း စော်ကားတာ၊ ဒါမှမဟုတ် စော်ကားဖို့ အားထုတ်တာလုပ်ရင် ထောင်ဒဏ် ၂ နှစ်ထိဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်နိုင်တယ်လို့ ပြဋ္ဌာန်းထားပါတယ်။
န၀တစစ်အစိုးရ လက်ထက်ကပြဋ္ဌာန်းခဲ့တဲ့ သံဃအဖွဲ့အစည်းဆိုင်ရာ ဥပဒေ အမှတ် ၂၀/ ၉၀ မှာတော့ သံဃာဂိုဏ်းသစ်ထောင်တာ၊ သံဃအဖွဲ့အစည်းကို ပြိုကွဲပျက်စီးစေရန် စည်းရုံးလှုံ့ဆော်တာနဲ့ သံဃအဖွဲ့အစည်းက အရေးယူဆုံးမတဲ့ အတိုင်းမလိုက်နာရင် ထောင်ဒဏ် ၆ လ ကနေ အများဆုံး ၃ နှစ်ထိ ကျခံရမယ်လို့ ပြဋ္ဌာန်းထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013