
မြန်မာနိုင်ငံမှာ လေယာဉ်ဆီ ဖြန့်ဖြူးတဲ့လုပ်ငန်း လုပ်ကိုင်ဖို့ စိတ်ဝင်စားတဲ့ကုမ္ပဏီတွေကို တင်ဒါခေါ်ယူခဲ့ရာမှာ နိုင်ငံတကာက နာမည်ကြီး လောင်စာကုမ္ပဏီတွေနဲ့ ပြည်တွင်းကုမ္ပဏီ စုစုပေါင်း ၂၃ ခုက အဆိုပြုခဲ့တယ်လို့ စွမ်းအင်ဝန်ကြီးဌာနက သတင်းထုတ်ပြန်ပါတယ်။
အဲဒီ ကုမ္ပဏီတွေထဲမှာ ထိုင်းအခြေစိုက် ပီတီတီအီးပီ၊ ရှဲလ်နဲ့ ပီထရိုနပ်စ် ကုမ္ပဏီ အပါအ၀င် တောင်ကိုရီးယား၊ စင်ကာပူ၊ မလေးရှား၊ ဂျပန်နဲ့ အိန္ဒိယအခြေစိုက် လောင်စာ ကုမ္ပဏီတွေလည်း ပါဝင်ကြပါတယ်။
ဒီကုမ္ပဏီတွေထဲက စွမ်းအင်ဝန်ကြီးဌာနက ပထမအဆင့် ရွေးချယ်တဲ့ ကုမ္ပဏီတွေကို ကြေညာမှာ ဖြစ်ပြီး အခု ဇွန်လ မကုန်ခင် လုပ်ကိုင်ခွင့် တင်ဒါ ထပ်တင်ရမှာ ဖြစ်ပါတယ်။
ဒီအထဲကမှ တကယ် လုပ်ခွင့်ရတဲ့ ကုမ္ပဏီကို တင်ဒါစိစစ်ရေးအဖွဲ့က ၂ လအတွင်း ကြေညာပေးမယ်လို့ ဆိုပါတယ်။
ရွေးချယ်ခံရတဲ့ ကုမ္ပဏီဟာ အစိုးရနဲ့ ဖက်စပ်လုပ်ငန်း တည်ထောင် လုပ်ကိုင်ရမှာ ဖြစ်ပါတယ်။
လက်ရှိ မြန်မာနိုင်ငံက လေဆိပ်ကြီး ၃ ခုမှာ လေယာဉ်ဆီ ၁ နှစ် ဂါလန် သန်း ၃၀ နီးပါး ဖြန့်ဖြူး ရောင်းချနေရပါတယ်။











