
ကချင်ပြည်နယ်၊ ဖားကန့်မြို့မှာ စစ်တပ်နဲ့ တော်လှန်ရေးတပ်တွေ တိုက်ပွဲဖြစ်ပြီး စစ်တပ်ဘက်က ပစ်တဲ့ လက်နက်ကြီးနဲ့ ကျည်ဆန်ထိမှန်တာကြောင့် မိန်းကလေးငယ်တယောက် အပါအဝင် အရပ်သား ၂ ယောက် သေဆုံးသလို နေအိမ်တချို့လည်း ထိမှန်ပျက်စီးတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ဧပြီ ၁၈ ရက် မနေ့ ည ၁၁ နာရီဝန်းကျင်မှာ စစ်ကောင်စီတပ် အထိုင်ချထားတဲ့ ဖားကန့် ဗျူဟာကုန်းကနေ ဆိုင်းတောင်ရွာထဲကို လက်နက်ကြီးနဲ့ပစ်တာကြောင့် အမျိုးသား တယောက် ထိမှန်သေဆုံးသလို မနေ့ မနက်ပိုင်းကလည်း လုံးခင်းကျေးရွာအုပ်စု၊ မလန်းကျေးရွာမှာ ကလေးတယောက် ကျည်ဆန်ထိမှန် သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။
ဒေသခံတယောက်က “ကျည်ဆန်က ရင်ညွန့်တည့်တည့်ကို ဖောက်ထွက်သွားတာ။ ကလေးက ၄ နှစ်သမီးလေး။ ၃ ယောက် ထိုင်နေတာ ကလေးမလေးကို ထိသွားတာ။ မနေ့က မနက် ၅ နာရီလောက်ကစပြီး ဖြစ်ကြတာပေါ့။ နေအိမ်က သွပ်တွေ ပေါက်ထွက်ကုန်တယ်။ မနေ့ ညပိုင်းမှာလည်း လက်နက်ကြီးထိပြီး ကချင်ရိုးရာကုန်းနားမှာနေတဲ့ အမျိုးသားတဦး သေတယ်” လို့ DVB ကို ပြောပါတယ်။
စစ်ကောင်စီတပ်ဟာ ဆိုင်းတောင်ရွာထဲကို လက်နက်ကြီးနဲ့ ၁၀ ကြိမ်ထက်မနည်း ပစ်ခတ်ခဲ့ပြီး မရှီကထောင်ဘက်မှာလည်း အင်အားတိုးထားတယ်လို့ ဒေသခံတွေက ဆိုပါတယ်။
ဒေသခံတယောက်က “တိုက်ပွဲကြီး မရှိဘူး။ စစ်ရေးလှုပ်ရှားလို့ မကြာခဏ ထိတွေ့မှုတွေ ဖြစ်နေတာ။ မိုင်းသံတွေတော့ ကြားရတယ်။ မှော်စီစာနဲ့ နမ္မဖြစ်ကြားမှာလို့တော့ ထင်တာပဲ” လို့ ပြောပါတယ်။
ဒီမနက်ပိုင်းကလည်း လုံးခင်းနဲ့ မှော်စီစာကျေးရွာအုပ်စုတွေဆီ စစ်ကြောင်းထိုးတာတွေ ရှိနေတယ်လို့ သိရပါတယ်။
ဒါ့အပြင် တနိုင်းမြို့နယ်၊ ရှဒူးဇွပ်ရွာက ဝါရာဇွပ်ပြည်သူ့စစ်စခန်း ၂ ခုကို တော်လှန်ရေးတပ်တွေက ဧပြီ ၁၈ ရက် မနေ့က တိုက်ခိုက်သိမ်းပိုက်လိုက်တယ်လို့လည်း သိရပါတယ်။










