DVB Logo
Home
မြန်မာသတင်း
မဲကနယ်ရွာသားများကို BGF တပ်က ရွာအတွင်း ပြန်လည်ထိုင်ခွင့်မပေးသည့်အပြင် ပစ်ခတ် ဖမ်းဆီးနေ
DVB
·
April 14, 2023
မဲကနယ်ရွာသားများကို BGF တပ်က ရွာအတွင်း ပြန်လည်ထိုင်ခွင့်မပေးသည့်အပြင် ပစ်ခတ် ဖမ်းဆီးနေ
Donate to DVB

ကရင်ပြည်နယ်၊ မြဝတီမြို့နယ်၊ မဲကနယ်ကျေးရွာက ဒေသခံပြည်သူတွေကို စစ်ကောင်စီနဲ့ နယ်ခြားစောင့်တပ်(BGF)တပ်ဖွဲ့ဝင်တွေက ပြန်လည်နေထိုင်ခွင့်မပြုတဲ့အပြင် ဖမ်းဆီးတာတွေကြောင့်  ထောင်နဲ့ချီတဲ့ဒေသခံတွေဟာ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့  ဒေသခံတွေက ဒီဗွီဘီကို ပြောပါတယ်။

မြဝတီမြို့အပြင်ဘက် နို့ဖိုး၊ အတွင်းကွင်းကလေး၊ မဲကနယ်ကျေးရွာ၊ ၂၇၅ ၊ ကုန်သွယ်ရေးဇုန် အနီးတဝိုက်မှာ ဧပြီ ၁၁ ရက် မနက်ပိုင်းကစတင်ပြီး တိုက်ပွဲ‌တွေပြင်းထန်ခဲ့သလို စစ်ကောင်စီက လေကြောင်းကနေပါ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ ထောင်နဲ့ချီတဲ့ ဒေသခံပြည်သူတွေဟာ ထွက်ပြေးတိမ်းရှောင်ခဲ့ရပါတယ်။

နှစ်ဖက်တိုက်ပွဲတွေနဲ့ စစ်ကောင်စီနဲ့နယ်ခြားစောင့်တပ် (BGF)တွေရဲ့ လက်နက်ကြီးပစ်ခတ်မှုတွေအပြင် လေကြောင်းတိုက်ခိုက်မှုတွေကြောင့် အထိနာခဲ့ရတဲ့ မဲကနယ်ကျေးရွာက အိမ်ခြေ ၃၀၀ ကျော် လူဦးရေ ၁၀၀၀ နီးပါးဟာ ထွက်ပြေးတိမ်းရှောင်ခဲ့ရသလို ကျေးရွာအတွင်းက ဘုရားကျောင်းအပါအဝင် နေအိမ်တချို့မီးလောင်ပျက်စီးခဲ့ပါတယ်။

တိုက်ပွဲတွေ ပြန်လည်ငြိမ်သက်သွားပေမဲ့  ဒေသခံပြည်သူတွေကို စစ်ကောင်စီနဲ့နယ်ခြားစောင့်တပ် (BGF)တပ်ဖွဲ့ဝင်တွေက ပြန်လည်နေထိုင်သူတွေကို သေနတ်နဲ့ပစ်ခတ်တာ၊ ဖမ်းဆီးတာတွေကြောင့် ပြန်လည်နေထိုင်မရဲဘူးလို့ ဒေသခံအမျိုးသမီးတစ်ဦးက ပြောပါတယ်။

“ရွာကို ပြန်သွားတဲ့သူတွေကို BGF တွေက လက်နက်ကြီးနဲ့ကော သေနတ်တွေနဲ့ပါပစ်တယ်။ နောက်ပြီး လူကိုပါဖမ်းတယ်။ ဖမ်းခံရတဲ့သူတွေနဲ့လည်း အဆက်အသွယ်မရဘူး၊။ ရွာကို ဘယ်သူမှမပြန်ရဲဘူး။ အခု အဆင်ပြေသလို နေရာတွေမှာလိုက်နေရတယ်။ ပြေးလာတဲ့သူတွေထဲမှာ  ၄ လတာအရွယ် ကလေးတွေပါ ပါတယ်။ အကုန်လုံး ဒုက္ခတွေရောက်နေကြရတယ်။”

မဲကနယ်ကျေးရွာက ဒေသခံပြည်သူတွေဟာ  သောင်းရင်းမြစ်ဖက်ကမ်းက မော်လီချိုင်းကျေးရွာ( ဖိုဖရာ့အနီး)၊ သေ့ဘောပိုး၊ ဖလူးစစ်ဘေးရှောင်စခန်းတွေနဲ့ နီးစပ်ရာဆွေမျိုးတွေရှိရာ ကျေးရွာတွေမှာ ထွက်ပြေးတိမ်းရှောင်နေရတဲ့အပြင် နေထိုင်စားသောက်ရေးမှာ အခက်အခဲတွေနဲ့ ရင်ဆိုင်နေရတယ်လို့ ဒေဿခံတွေက ပြောပါတယ်။

ဧပြီ ၁၁ ရက်ကစတင်ပြီး ၁၃ ရက်အထိ တိုက်ပွဲအတွင်း စစ်ကောင်စီပူးပေါင်းတပ်ဘက်က ၁၉ ဦးသေဆုံးပြီး ၁၂ ဦးအပါအဝင် အများအပြားထိမှန်ဒဏ်ရာရရှိခဲ့တဲ့အပြင် လက်နက်မျိုးစုံနဲ့ ခဲယမ်းတွေကို သိမ်းဆည်းရမိခဲသလို BGF သိန်းတန်ကုန်စခန်းကို သိမ်းပိုက်ရရှိခဲ့ပြီး မီးရှို့ဖျက်ဆီးခဲ့ပါတယ်။

KNLA ပူးပေါင်းတပ်ဘက်ကလည်း ၄ ဦး ကျဆုံးခဲ့တယ်လို့ ကော်ဘရာစစ်ကြောင်းက ထုတ်ပြန်ထားပါတယ်။ စစ်ကောင်စီဘက်က ထိခိုက်ကျဆုံးမှုအခြေအနေကိုတော့  သီးခြားအတည်ပြုမနိုင်သေးပါဘူး။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013