စစ်ကောင်စီအနေနဲ့ မတရားအာဏာသိမ်းတာကို ဆန့်ကျင်တော်လှန်နေတဲ့ မြို့ရွာတွေကို နေ့စဉ်နဲ့အမျှ လေယာဉ်နဲ့ ဗုံးကြဲ၊ မီးရှို့၊ သတ်ဖြတ်တာတွေလုပ်နေသလို အခုနှစ်အတာသင်္ကြန်မှာ ပြည်သူတွေ အေးချမ်းပျော်ရွှင်စွာ ပုံမှန်သွားလာ ပျော်ရွှင်နေတယ်လို့ ဝါဒဖြန့်ချင်တဲ့ စစ်ကောင်စီဟာ သင်္ကြန်ပွဲတော်ကို နိုင်ငံတ၀န်း ပြုလုပ်နေပါတယ်။
သင်္ကြန်မတိုင်ခင်ဆောက်လုပ်နေတဲ့ ရန်ကုန်၊ မန္တလေးနဲ့ မြို့နယ်တချို့က စစ်ကောင်စီရဲ့ သင်္ကြန်မဏ္ဍပ်တွေမှာ ဗုံးကွဲမှုတွေ ရှိခဲ့ပေမယ့် စစ်ကောင်စီအခြေစိုက် နေပြည်တော်မှာတော့ လမ်းလျှောက်သင်္ကြန်ကို ၀န်ကြီးဌာနတွေရဲ့ မဏ္ဍပ်တွေ၊ ယိမ်းအဖွဲ့ တွေနဲ့ ပြုလုပ်နေပါတယ်။
“ဒီနေ့ အကြိုနေ့မှာ စစ်ကောင်စီ ဒုချုပ်စိုး၀င်းနဲ့ သူ့မိန်းမ လာဖွင့်တယ်။ သူတို့၀န်ကြီးဌာနက ယိမ်းအဖွဲ့တွေ၊ ဖျော်ဖြေရေးအဖွဲ့ တွေက လူတွေပဲ များနေတာ။ အပြင်က ပြည်သူတွေ လာတာတော့ တော်တော်နည်းတယ်။ အကြိုနေ့မို့လားတော့ မသိဘူး။ ၀န်ကြီးဌာနက လူတွေနဲ့ပဲ လမ်းလျှောက်သင်္ကြန် လုပ်နေသလိုပဲ” လို့ နေပြည်တော်ဒေသခံတဦးက ပြောပါတယ်။
နေပြည်တော်လမ်းလျှောက်သင်္ကြန်ကို ပျဉ်းမနား-တောင်ညိုလမ်းမပေါ် မြို့တော်ဝန်မဏ္ဍပ်အနီးကနေ စည်ပင်ဧည့်ရိပ်သာ လမ်းဆုံထိ ဇုန် ၄ ခုသတ်မှတ်ပြီး တိုင်းရင်းသားရိုးရာသင်္ကြန်၊ ဝန်ကြီးဌာနအလိုက် သင်္ကြန်မဏ္ဍပ်တွေ၊ လူငယ် Game သင်္ကြန်၊ သနပ်ခါးသင်္ကြန်၊ ဆပ်ပြာမြှုပ်နဲ့ ရောင်စုံအမှုန့်တွေ ပက်ကစားတဲ့အစီအစဉ်တွေ၊ DJ ဖျော်ဖြေရေးတွေ၊ စားသောက် ဆိုင်၊ ဈေးဆိုင်ခန်းနဲ့ နားဖို့နေရာတွေ ပြုလုပ်ထားတယ်လို့ သိရပါတယ်။
လမ်းလျှောက်သင်္ကြန်ဧရိယာထဲက ဇုန်လေးဇုန်လေးမှာ ၀င်ကစားရင်တော့ ၀င်ကြေး ၁၀၀၀ သတ်မှတ်ထားတယ်လို့လည်း သိရပါတယ်။ မြို့တော်၀န်မဏ္ဍပ်နဲ့ လမ်းလျှောက်သင်္ကြန်အနီး ရေပန်းဥယျာဉ်ထဲမှာလည်း သင်္ကြန်ရေကစားပွဲတော်ပြုလုပ် နေပြီး ဖျော်ဖြေရေးအစီအစဉ်တွေ ပါ၀င်တယ်လို့ သိရပါတယ်။
မြို့တော်၀န်မဏ္ဍပ်နဲ့ လမ်းလျှောက်သင်္ကြန်ဧရိယာအနီးတဝိုက် ပတ်ပတ်လည်မှာ အကြိုနေ့ မတိုင်ခင်ကတည်းက ရဲ၊ စစ်တပ် လုံခြုံရေးအင်အား အများအပြားချထားတယ်လို့ အနီး၀န်းကျင်မှာနေထိုင်တဲ့ ဒေသခံတဦးက ပြောပါတယ်။
နေပြည်တော်မှာ လမ်းလျှောက်သင်္ကြန်၊ နေပြည်တော်မြို့တော်၀န်မဏ္ဍပ်၊ ရေပန်ဥယျာဉ်ထဲက သင်္ကြန်ရေကစားပွဲတွေအပြင် ဟိုတယ်အသီးသီးမှာလည်း နာမည်ကြီး အဆိုတော်တွေ၊ DJ ဖျော်ဖြေရေးတွေနဲ့ သင်္ကြန်ပါတီတွေ ပြုလုပ်နေပါတယ်။