DVB Logo
Home
မြန်မာသတင်း
သာသနာရေးအပါအ၀င် သမ္မတအကြံပေးအဖွဲ့ ၃ ဖွဲ့ ထပ်ဖွဲ့
DVB
·
June 19, 2014
သာသနာရေးအပါအ၀င် သမ္မတအကြံပေးအဖွဲ့ ၃ ဖွဲ့ ထပ်ဖွဲ့
Donate to DVB

မဟာသန္တိသုခကျောင်းတိုက် ချိပ်ပိတ်လိုက်ပြီးတဲ့နောက် သာသနာရေးဝန်ကြီးဌာနအပေါ် ဝေဖန်မှုတွေ ထွက်ပေါ်နေချိန်မှာ အစိုးရက သာသနာရေးဆိုင်ရာ အကြံပေးအဖွဲ့ ဖွဲ့စည်းလိုက်ပါတယ်။

thamada office logoဇွန် ၁၀ ရက်က ရန်ကုန်တိုင်း တာမွေမြို့နယ်ရှိ မဟာသန္တိသုခကျောင်းတိုက်ကို နိုင်ငံတော်သံဃမဟာနာယကအဖွဲ့က သံဃာတော်အပါး ၃၀၀ လောက်၊ ရဲနဲ အရပ်ဝတ်လူတစုတို့ ၀င်ရောက် သိမ်းဆည်း ချိပ်ပိတ်ခဲ့ပြီး ၁ ပတ်လောက်အကြာ ဇွန် ၁၈ ရက်နေ့မှာ ဖွဲ့စည်းလိုက်တာ ဖြစ်ပါတယ်။

သာသနာရေးနဲ့အတူ ပညာရေး၊ ကျန်းမာရေးစတဲ့ သမ္မတအကြံပေး ၃ ဖွဲ့ ထပ်မံတိုးချဲ့ဖွဲ့စည်း လိုက်တာ ဖြစ်ပြီး ဗိုလ်ချုပ်ဟောင်းတွေနဲ့ ပညာရှင်တချို့ ပါဝင်ပါတယ်။

သမ္မတပြောခွင့်ရ ပြည်ထောင်စုဒုဝန်ကြီး ဦးရဲထွဋ်ကတော့ အနောက်နိုင်ငံတွေနဲ့ ဆက်ဆံတဲ့အခါ လူ့အရင်းအမြစ်ကိစ္စ ထောက်ပြကြလို့ ခန့်တာဖြစ်တယ်လို့ ပြောပါတယ်။

“ပြုပြင်ပြောင်းလဲရေးလုပ်တဲ့အခါမှာ အထူးသဖြင့် အနောက်နိုင်ငံတွေနဲ့ Capacity Building ကိစ္စတွေ ဆွေးနွေးတဲ့အခါမှာ သူတို့က ဒါကိုထောက်ပြတာပေါ့နော်။ သူတို့ နိုင်ငံတွေမှာလည်း ၀န်ကြီးချုပ်မှာဖြစ်ဖြစ်၊ သမ္မတမှာဖြစ်ဖြစ် သီးခြား အကြောင်းအရာအလိုက် ကျွမ်းကျင်သူတွေ ထားတယ်။ ဒီလူတွေက ပညာရှင်တွေ ဖြစ်တဲ့အတွက်ကြောင့်မို့လို့ သီးခြား အစိုးရအဖွဲ့ထဲမှာ လာမလုပ်နိုင်ဘူး။ သို့သော် သူတို့ကို အချိန်ပိုင်းအနေနဲ့ ခေါ်ပြီး သုံးတာမျိုးကို လုပ်သင့်တယ်ဆိုတဲ့ အတွက်ကြောင့်မို့လို့ အဲဒီအယူအဆအရ ဒီသမ္မတကြီးဖြစ်လာပြီးနောက် ကျနော်တို့ ဖွဲ့တယ်။ ဒါလည်း ပြည်ထောင်စုအစိုးရအဖွဲ့ဥပဒေမှာလည်း ဒါကို ခန့်ခွင့်ဆိုတာ ပေးထားတာကိုး။”

သမ္မတနဲ့ သမ္မတအကြံပေးအဖွဲ့တွေ ပုံမှန် တွေ့ဆုံတယ်လို့လည်း ပြောပါတယ်။

သာသနာရေးအကြံပေးအဖွဲ့မှာ အရင် သာသနာရေးဝန်ကြီးဟောင်း သူရဦးမြင့်မောင်က အဖွဲ့ခေါင်းဆောင်၊ အဖွဲ့ဝင်အဖြစ် အရင် မန္တလေးမြို့တော်ဝန်နဲ့ လာအိုနိုင်ငံ သံအမတ်ဟောင်း၊ လက်ရှိ ဘာသာပေါင်းစုံညီညွတ်ရေးအသင်းရဲ့ ဥက္ကဋ္ဌ လုပ်နေတဲ့ ဦးစိန်ဝင်းအောင်ကို ခန့်ထားပါ တယ်။ သူတို့ ၂ ဦးစလုံးဟာ တပ်မတော်မှာ အဆင့်မြင့် တာဝန်ထမ်းဆောင်ခဲ့ဖူးသူတွေလည်း ဖြစ်ပါတယ်။

ကျန်းမာရေးအကြံပေးပုဂ္ဂိုလ်တွေအဖြစ် အငြိမ်းစားဆေးရုံအုပ်ကြီး ဒေါက်တာဒေါ်နုနုသာ၊ ပညာရေးအကြံပေးအဖွဲ့ခေါင်းဆောင်အဖြစ် ယူနီဆက်ဖ်ဝန်ထမ်းဟောင်း ဒေါက်တာ ဒေါ်ရင်ရင်နွယ်၊ အဖွဲ့ဝင်အဖြစ် ဒေါက်တာကျော်ရင်လှိုင်တို့ ပါဝင်ပြီး စိုက်ပျိုးရေးဌာန ညွှန်ချုပ်ဟောင်း ဦးတင်ထွဋ်ဦး ကို စီးပွားရေးအကြံပေးအဖွဲ့ဝင်အဖြစ် တာဝန်ပေးခဲ့တာ ဖြစ်ပါတယ်။

ဒီမတိုင်မီက နိုင်ငံရေး၊ စီးပွားရေးနဲ့ ဥပဒေစတဲ့ အကြံပေးအဖွဲ ၃ ဖွဲ့ ရှိပြီး အခု ထပ်ဖွဲ့လိုက်တဲ့ ၃ ဖွဲ့နဲ့ဆိုရင် အကြံပေးအဖွဲ့ပေါင်း ၆ ဖွဲ့ ရှိသွားပြီ ဖြစ်ပါတယ်။

ဒါအပြင် သမ္မတရဲ့ လူမှုစီးပွားအကြံပေးကောင်စီဆိုတာကိုလည်း ဖွဲ့စည်းထားတာ ရှိပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013