DVB Logo
Home
မြန်မာသတင်း
ပဇီကြီးရွာ လေကြောင်းတိုက်ခိုက်မှု အမေရိကန်၊ အီးယူ၊ အာဆီယံ၊ နော်ဝေနှင့် မလေးရှားတို့ ရှုတ်ချ၊ အရပ်သားများပေါ် အကြမ်းဖက်မှုရပ်တန့်ရန် တောင်းဆို
DVB
·
April 13, 2023
ပဇီကြီးရွာ လေကြောင်းတိုက်ခိုက်မှု  အမေရိကန်၊ အီးယူ၊ အာဆီယံ၊ နော်ဝေနှင့် မလေးရှားတို့ ရှုတ်ချ၊ အရပ်သားများပေါ် အကြမ်းဖက်မှုရပ်တန့်ရန် တောင်းဆို
Donate to DVB

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ပဇီကြီးကျေးရွာမှာ ကလေးငယ်တွေအပါအဝင် လူပေါင်း ၁၀၀ ကျော်သေဆုံးခဲ့တဲ့တဲ့ စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုနဲ့ပတ်သက်ပြီး   အမေရိကန်၊ အီးယူ၊ အာဆီယံ၊ နော်ဝေနဲ့  မလေးရှားနိုင်ငံတွေက ဆန့်ကျင်ကန့်ကွက်ရှုတ်ချလိုက်ပြီး  အရပ်သားတွေအပေါ် အကြမ်းဖက်မှုအားလုံး ရပ်တန့်ဖို့  မြန်မာစစ်အာဏာရှင်ကို  တောင်းဆို လိုက်ပါတယ်။

အမေရိကန်နိုင်ငံခြားရေးဌာန အကြီးတန်းလက်ထောက် ပြောခွင့်ရပုဂ္ဂိုလ် ဗီးဒန့်ပတဲလ်က  ပဇီကြီးရွာမှာ မြန်မာစစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုနဲ့ ပတ်သက်ပြီး စိုးရိမ်မကင်းဖြစ်မိကြောင်းနဲ့ ဒီတိုက်ခိုက်မှုဟာ ဧပြီ ၁၀ ရက်က ချင်းပြည်နယ်မှာ အနည်းဆုံး လူ ကိုးဦး သေဆုံးခဲ့တဲ့ လေကြောင်းတိုက်ခိုက်မှုရဲ့ နောက်ဆက်တွဲဖြစ်တယ်လို့ ဆိုပါတယ်။

အခုလို အကြမ်းဖက်တိုက်ခိုက်မှုတွေက အာဏာရှင်အဖွဲ့အစည်းရဲ့ လူ့အသက်တွေကို အလေးမထားမှုနဲ့ ၂၀၂၁ ဖေဖော်ဝါရီ အာဏာသိမ်းယူမှုနောက်ပိုင်း မြန်မာနိုင်ငံတွင်းမှာ ဆိုးဝါးနေတဲ့ နိုင်ငံရေးနဲ့ လူသားချင်းစာနာထောက်ထားမှုအကူအညီပေး‌ရေး အကျပ်အတည်းအပေါ် တာဝန်ယူဖို့  လစ်ဟင်းမှုတွေကို ထပ်မံ ထောက်ပြတာဖြစ်တယ်လို့ အမေရိကန်အရာရှိက ပြောပါတယ်။

ဆိုးဝါးတဲ့အကြမ်းဖက်မှုတွေ ရပ်တန့်ဖို့၊  လူသားချင်းစာနာထောက်ထားမှုအကူအညီတွေ အဆီးအတားမရှိပေးအပ်ခွင့်ပြုဖို့၊၊ မြန်မာပြည်သူတွေရဲ့ စစ်မှန်ပြီး အားလုံးပါဝင်နိုင်တဲ့ ဒီမိုကရေစီလိုလားတောင့်တမှုအ‌ပေါ် လေးစားတန်ဖိုးထားဖို့ မြန်မာအာဏာရှင်အဖွဲ့အစည်းကို အမေရိကန်ပြည်ထောင်စုက တောင်းဆိုလိုက်ပါတယ်။

မြန်မာနိုင်ငံမှာ ကျူးလွန်ခဲ့တဲ့ အကြမ်းဖက်မှုတွေနဲ့ နှိပ်စက်ကလူမှုတွေအတွက် အာဏာရှင်အဖွဲ့အစည်းက တာဝန်ယူမှု တာဝန်ခံမှုရှိစေဖို့ ကြပ်မတ်ဆောင်ရွက်ရာမှာ အမေရိကန်က နိုင်ငံတကာအသိုက်အဝန်းနဲ့တူ  ဆက်လက်ပြီး ပူးပေါင်းဆောင်ရွက်သွားမယ်လို့ ကြေညာထားပါတယ်။

အလားတူ အီးယူ ဥရောပသမဂ္ဂကလည်း မြန်မာပြည်သူတွေ နှစ်သစ်ကို ကြိုဆိုဖို့ ဆင်နွှဲကျင်းပ​နေချိန်မှာ အပြစ်မဲ့အရပ်သား ဒါဇင်ပေါင်းများစွာ အသက်ဆုံးရှုံးမှုတွေကို ဖြစ်​ပေါ်​စေခဲ့တဲ့ စစ်ကိုင်းတိုင်းအတွင်း စစ်အာဏာရှင်ရဲ့ နောက်ဆုံးရက်စက်ကြမ်းကြုတ်မှု သတင်းတွေထွက်လာလို့ ဥ​ရောပသမဂ္ဂကများစွာ တုန်လှုပ်မိကြောင်းနဲ့ တာဝန်ရှိသူတွေကို အပြည့်အ၀ တာဝန်ယူမှု တာဝန်ခံမှုရှိ​စေ​ရေးအတွက် ဆက်လုပ်မယ်လို့ အီးယူနိုင်ငံခြားရေးရာ ပြောရေးဆိုခွင့်ရှိသူက ထုတ်ပြန်ပြောပါတယ်။

အာဆီယံအနေနဲ့လည်း ပဇီကြီးကျေးရွာမှာ အရပ်သားတွေသေဆုံးခဲ့ရတဲ့  မြန်မာစစ်တပ်ရဲ့ လတ်လောလေကြောင်းတိုက်ခိုက်မှုနဲ့ ပတ်သက်ပြီး အပြင်းအထန် ရှုတ်ချတယ်လို့ အာဆီယံအလှည့်ကျ ဥက္ကဋ္ဌအင်ဒိုနီးရှားနိုင်ငံက ဧပြီ ၁၃ ရက် ဒီကနေ့မှာ ကြေညာပါတယ်။ 

အကြမ်းဖက်မှုပုံစံအားလုံး  အထူးသဖြင့် အရပ်သားတွေအပေါ် အင်အားအသုံးပြုတာကို  ချက်ချင်းရပ်ဖို့ အာဆီယံအဖွဲ့က တောင်းဆိုပါတယ်။

ဒါမှသာ မြန်မာပြည်မှာ ရေရှည်တည်တံ့ငြိမ်းချမ်းတဲ့ အဖြေရှာဖို့အရေး  အားလုံးပါဝင်တဲ့ တွေ့ဆုံဆွေးနွေးမှုအတွက် အထောက်အကူဖြစ်စေတဲ့ ပတ်ဝန်းကျင်တခု ဖန်တီးဖို့ တခုတည်းသော နည်းလမ်း ဖြစ်လိမ့်မယ်လို့ ဆိုပါတယ်။ 

မြန်မာနိုင်ငံမှာလက်ရှိဖြစ်ပွားနေတဲ့ ပဋိပက္ခကိုဖြေရှင်းဖို့   အာဆီယံဘုံသဘောတူညီချက် ၅ ရပ်ကို အပြည့်အဝအကောင်အထည်ဖော်ရေးကို တိုးမြှင့်လုပ်ဆောင်တာကနေတဆင့် အလုပ်ဖြစ်နိုင်တဲ့ ရေရှည် အဖြေရှာပြီး မြန်မာကို ဆက်လက်ကူညီသွားမယ်လို့ ထပ်လောင်း ကတိပြုလိုက်ပါတယ်။ 

မလေးရှားနိုင်ငံခြားရေးဝန်ကြီး ဒေါက်တာ ဇမ်ဘရီအဗဒူကာဒီကတော့ မလေးရှားနိုင်ငံအနေနဲ့   အရပ်သားတွေအပေါ် အကြမ်းဖက်မှုနဲ့ ရက်ရက်စက်စက်ကိုင်တွယ်မှုတွေအားလုံးကို ဆန့်ကျင်ကန့်ကွက်တယ်လို့ ပြောပါတယ်။

“မလေးရှားရဲ့ ရပ်တည်ချက်ကတော့  မြန်မာနိုင်ငံမှာ အခုဖြစ်နေတဲ့ အကြမ်းဖက်မှုပုံစံအားလုံးကို ဆန့်ကျင်ပါတယ်။ ဒါဟာ အာဆီယံတဖွဲ့လုံးရဲ့ ရပ်တည်ချက်လည်းဖြစ်တယ်”လို့ သတင်းစာရှင်းလင်းပွဲမှာပြောပါတယ်။

အရပ်သားတွေအပေါ် လေကြောင်းတိုက်ခိုက်မှုနဲ့ ပတ်သက်ပြီး နော်ဝေနိုင်ငံခြားရေးဝန်ကြီး အာန်နက်ကန်း ဗိဖက်ဒ် ကလည်း  မြန်မာနိုင်ငံမှာ စစ်တပ်ရဲ့ နောက်ထပ် လေကြောင်းတိုက်ခိုက်မှုကြောင့် ကလေးငယ်တွေအပါအဝင် အရပ်သားတွေ သေဆုံးရတဲ့ သတင်းကြောင့် ထိတ်လန့်တုန်လှုပ်မိတယ်လို့ ပြောပါတယ်။

အရပ်သားတွေအပေါ် တိုက်ခိုက်မှုတွေအပါအဝင် အကြမ်းဖက်မှုပုံစံအားလုံး အဆုံးသတ်ရပါမယ်၊ နိုင်ငံတကာလူသားချင်းစာနာမှုဥပဒေတွေကို လေးစားလိုက်နာရမှာဖြစ်ပြီး ကျူးလွန်သူတွေ တာဝန်ခံရမှာဖြစ်တယ်။ ကုလသမဂ္ဂ လုံခြုံရေးကောင်စီဆုံးဖြတ်ချက်ကို လိုက်နာရမယ်လို့ ပြောပါတယ်။

ဧပြီ ၁၁ ရက်မနက်က  ကန့်ဘလူမြို့နယ်  ပဇီကြီးကျေးရွာမှာ ရွာသားတွေနဲ့ အနီးနားကျေးရွာက ရွာသားတွေ အများအပြား စုရုံးရှိနေစဉ်  စစ်ကောင်စီလေတပ်က တိုက်လေယာဉ်တွေနဲ့ လာရောက် ဗုံးကြဲတိုက်ခိုက်ခဲ့သလို စစ်ရဟတ်ယာဉ် ၂ စီးနဲ့ အကြမ်းဖက်ပစ်ခတ် သတ်ဖြတ်ခဲ့တဲ့အတွက် ကျောင်းသူကျောင်းသား ကလေးငယ်တွေအပါအဝင် လူ ၁၀၀ ကျော် ထိခိုက်သေဆုံး ဒဏ်ရာရခဲ့တာ ဖြစ်ပါတယ်။ 

ပဇီကြီးကျေးရွာအနီးမှာ NUG ရုံးအဖြစ် တည်ဆောက်ပြီး ဧပြီ ၁၁ ရက်မှာ ဖွင့်ပွဲပြုလုပ်ဖို့ရှိတယ်လို့ ဒေသခံတချို့က  အချိန်နဲ့ နေရာကို တိကျစွာ သတင်းပေးပို့လာခဲ့လို့ ကျေးရွာနဲ့ အကွာအဝေးကို တွက်ချက်ကာ အပြစ်မဲ့ပြည်သူတွေ မထိခိုက်စေရေး လေကြောင်းမှ အကန့်အသတ်နဲ့ တိုက်ခိုက်ချေမှုန်းမှုခဲ့တာလို့ စစ်ကောင်စီ ပြန်ကြားရေးက သတင်းထုတ်ပါတယ်။

အဆောက်အဦဖွင့်ပွဲအခမ်းအနားမှာ ခင်းကျင်းပြသထား လက်နက်/ခဲယမ်းတွေ ထပ်မံပေါက်ကွဲမှု ကြောင့် ပြင်းထန်စွာပေါက်ကွဲမှုကြီးတွေ ဖြစ်ပေါ်ခဲ့ပြီး လူသေဆုံးမှု ပိုမိုများပြားတာလို့လည်း  စစ်ကောင်စီက ထုတ်ပြန်ပါတယ်။

ပဇီကြီးကျေးရွာဒေသခံတွေနဲ့ ကယ်ဆယ်ရေးသမားတွေကတော့  လေကြောင်းတိုက်ခိုက် ခံရတဲ့ နေရာမှာ ဘယ်လက်နက်ကိုင်အဖွဲ့တွေမှ မရှိသလို လက်နက်ခဲယမ်းတွေလည်းမရှိကြောင်းနဲ့ သေဆုံးသူတွေဟာ ကျောင်းသူ ကျောင်းသား ကလေးငယ်တွေ၊ အမျိုးသမီးတွေနဲ့ အရပ်သားတွေပဲ ဖြစ်တယ်လို့ ဒီဗွီဘီကို ပြောပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013