
ချင်းပြည်နယ်၊ မင်းတပ်မြို့ပေါ်ကို စစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ စစ်သုံ့ပန်းတွေ အပါအဝင် ၄ ယောက် သေဆုံးပြီး နေအိမ်နဲ့ ရုံးအဆောက်အအုံ ၂၅ လုံးလောက် ပျက်စီးသွားတယ်လို့ ချင်းပြည်သူ့အစည်းအရုံး/ချင်းပြည်သူ့တပ်မတော် (CPU/CPA) က မေ ၁၂ ရက်ညမှာ ထုတ်ပြန်ပါတယ်။
မေ ၁၁ ရက် ည ၁၁ နာရီ ၄၅ မိနစ်လောက်မှာ မင်းတပ်မြို့ပေါ်တနေရာကို စစ်တပ်က ဂျက်တိုက်လေယာဉ်နဲ့ ၂ ကြိမ်ဗုံးကြဲခဲ့တယ်လို့ ဆိုပါတယ်။
ဒေသခံတယောက်ကတော့ ဂျက်တိုက်လေယာဉ် ၂ စင်းနဲ့ ပေါင် ၅၀၀ လို့ ယူဆရတဲ့ ဗုံးအကြီး ၂ လုံးကြဲတာလို့ ပြောပါတယ်။
မေ ၁၂ ရက် မနက် ၈ နာရီလောက်ကလည်း မင်းတပ်မြို့အနီးတနေရာကို တံတားဦးက တက်လာတဲ့ ဂျက်တိုက်လေယာဉ်နဲ့ နောက်ထပ် ၂ ကြိမ် ဗုံးကြဲခဲ့ပြီး မနက် ၁၁ နာရီလောက်မှာ မင်းတပ်မြို့ပေါ်က ဗုံး ၂ ကြိမ် ကြဲခဲ့တယ်လို့ CPU/CPA က ထုတ်ပြန်ပါတယ်။
ညနေ ၆ နာရီခွဲမှာလည်း တံတားဦးလေဆိပ်ကတက်တဲ့ ဂျက်တိုက်လေယာဉ် ၂ စင်း၊ အေလာလေဆိပ်တက် ဂျက်တိုက်လေယာဉ် ၁ စင်း၊ မိတ္ထီလာ ရှမ်းတဲလေဆိပ်တက် ဂျက်တိုက်လေယာဉ် ၁ စင်းတို့က လေကြောင်းတိုက်ခိုက်မှု ၅ ကြိမ်၊ ဗုံး ၁၀ လုံးကျော် ကြဲချ တိုက်ခိုက်သွားတယ်လို့ ဆိုပါတယ်။
အဲဒီ လေကြောင်းတိုက်ခိုက်မှုတွေအတွင်း စစ်သုံ့ပန်းတွေအပါအဝင် ၄ ယောက် သေဆုံးပြီး အရပ်သားတွေရဲ့ အိမ် ၁၅ လုံးလောက်၊ ရုံးဌာန အဆောက်အအုံ ၁၀ ခု၊ မော်တော်ယာဉ် ၄ စီး အပါအဝင် တခြားပျက်စီးဆုံးရှုံးတာတွေနဲ့ ထိခိုက်ဒဏ်ရာရသူတွေလည်းရှိတယ်လို့ ဆိုပါတယ်။
မင်းတပ် ဒေသခံတယောက်က “အကုန်စိုးရိမ်ကြောက်လန့်နေကြတာ။ နေ့တိုင်းကြီး လာလာ ကြဲနေတော့” လို့ ပြောပါတယ်။
မေ ၁၂ ရက်ညပိုင်းမှာပဲ ကန်ပက်လက်မြို့ကို စစ်တပ်က ဂျက်တိုက်လေယာဉ် ၄ စင်းနဲ့ ၆ ကြိမ်လောက်ဗုံးကြဲသလို Y12 နဲ့လည်း ၆ ကြိမ် ဗုံးကြဲသွားတယ်လို့ သိရကြောင်း သူက ဆိုပါတယ်။
CPU/CPA ကလည်း ပြည်သူတွေအနေနဲ့ လက်ရှိအချိန်မှာ လူစုလူဝေးတွေရှောင်ရှားပြီး နေအိမ်၊ ဈေးဆိုင်တွေမှာ ဗုံးခိုကျင်းတွေ၊ ကတုတ်ကျင်းတွေ အဆင်သင့်ထားဖို့၊ ထောက်လှမ်းရေးဒရုန်းတွေ၊ ကင်းထောက်လေယာဉ်တွေ၊ လေကြောင်းသတင်းတွေကို နားစွင့်ပြီး လေကြောင်းရန်ကို သတိထား နေထိုင်ကြဖို့ တိုက်တွန်းထားပါတယ်။
မေ ၈ ရက်နေ့ကလည်း မင်းတပ်မြို့ပေါ်ကို မီးလောင်ဗုံးအပါအဝင် ဗုံးအကြီးတွေနဲ့ ၃ ကြိမ် ကြဲချ တိုက်ခိုက်ခဲ့ပါသေးတယ်။










