
ရန်ကုန်၊ ယုဇနဥယျာဉ်မြို့တော်မှာ ဧပြီ ၁၀ ရက်နေ့က လျှပ်စစ်မီးပျက်ချိန် အခန်းထဲပိတ်လှောင်ရင်း ကလေးငယ်တယောက်အပါအဝင် လူ ၃ ယောက် သေဆုံးသွားပါတယ်။
ယုဇနဥယျာဉ်မြို့တော်မှာ အေ ဘလောက်၊ ၉၄ ရပ်ကွက်၊ ၁၄ လမ်း၊ မြေညီထပ်တခုမှာ အသက် ၅၆ နှစ်အရွယ် ဒေါ်နှင်းကြည်နဲ့ ၃၁ နှစ်အရွယ် ကိုချစ်လပြည့်တို့ သေဆုံးခဲ့တာဖြစ်ပြီး ကလေးငယ်တယောက်ကတော့ ဆေးရုံကိုရောက်ပြီးမှ သေဆုံးသွားတာပါ။
အေဘလောက်မှာနေထိုင်သူတယောက်က “ကျနော်တို့ဆီက အုပ်ချုပ်ရေးမှူး ပြောသလောက်ပဲ သိရတာပါ။ ဆေးရုံက အဖြေတော့ မသိရသေးဘူး။ လောလောဆယ်မှာတော့ အောက်စီဂျင်ပြတ်ပြီးသေတာလို့ပဲ ယူဆထားတယ်။ မီးက ကြေညာထားသလိုဆိုရင်တော့ ၄ နာရီလာ ၄ နာရီပြတ်ပေါ့။ ဒါပေမယ့် ပြတ်ချင်သလို ပြတ်နေတာပါပဲ” လို့ ပြောပါတယ်။
အဲဒီအိမ်သားတွေ သေဆုံးနေတာကို မနက် ၁၂ နာရီလောက်မှာ သိခဲ့ရပြီး အခန်းထဲမှာ မီးစက်နှိုးထားတာကိုတွေ့ရတယ်လို့ သွားရောက်ကူညီခဲ့သူတယောက် ပြောပါတယ်။ ရာသီဥတုပူပြင်းချိန် လေအေးပေးစက်ဖွင့်ဖို့ မီးစက်နှိုးထားတာလို့ ယူဆပြီး အလုံပိတ်ခန်းထဲ အောက်စီဂျင်ပြတ်သွားတာလို့ ယူဆထားကြပါတယ်။
ကလေးငယ်ကတော့ ကူညီကယ်ဆယ်သူတွေရောက်လာချိန်မှာ မေ့မြောနေပြီး ဆေးရုံကို တင်လိုက်ပေမယ့် ဆေးရုံမှာပဲ သေဆုံးသွားတယ်လို့ သိရကြောင်း ရပ်ကွက်ဒေသခံတွေက ပြောပါတယ်။ဓာတ်ပုံ - Khin Maung Zin