DVB Logo
Home
နိုင်ငံရေး
ငြိမ်းစုစီ ပြင်ဆင်သည့်ဥပဒေကြမ်း ပြည်ထောင်စုလွှတ်တော် အတည်ပြု
DVB
·
June 18, 2014
ငြိမ်းစုစီ ပြင်ဆင်သည့်ဥပဒေကြမ်း ပြည်ထောင်စုလွှတ်တော် အတည်ပြု
Donate to DVB

ပြည်သူ့လွှတ်တော်နဲ့ အမျိုးသားလွတ်တော် ၂ ရပ်စလုံးမှာ အတည်ပြုခဲ့ပြီးဖြစ်တဲ့ ငြိမ်းချမ်းစွာစုဝေးခွင့်နဲ့ ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခွင့်ဆိုင်ရာ ဥပဒေကို ပြင်ဆင်တဲ့ ဥပဒေကြမ်းကို ပြည်ထောင်စုလွှတ်တော်က အတည်ပြုကြောင်း ဒီနေ့ ကြေညာလိုက်ပါတယ်။

Parliment 29012014လွှတ်တော် ၂ ရပ် သဘောထားကွဲလွဲမှု မရှိတဲ့အတွက် ပြည်ထောင်စုလွှတ်တော်က အတည်ပြုကြောင်း ကြေညာလိုက်တာလို့ ပြည်သူ့လွှတ်တော် ဥပဒေကြမ်း ကော်မတီအတွင်းရေးမှူး ဦးစောလှထွန်းက ပြောပါတယ်။

“ပြည်သူ့လွှတ်တော်ကပဲ ဆွေးနွေး ဆွေးနွေး၊ အမျိုးသားလွှတ်တော်က ဆွေးနွေး ဆွေးနွေး ဒီဘက်လွှတ်တော်က ဆွေးနွေးလိုက်တာကို ဟိုဘက်ကို ပို့တယ်။ ဟိုဘက်က ဆွေးနွေးတာက သဘောတူလိုက်တယ်။ တူတဲ့အကြောင်း ကျနော်ဆီလာပို့တယ်ဆိုရင် လွှတ်တော် ၂ ရပ်က သဘောတူလိုက်တဲ့ ဥပဒေ ဖြစ်သွားပြီ။ အဲဒါကြောင့်မို့လို့ ပြည်ထောင်စု လွှတ်တော်ကို မ၀င်တော့ပဲနဲ့ ပြည်ထောင်စုလွှတ်တော်က တရားဝင် လက်ခံလို့ ဒီနေ့ ကြေညာလိုက်ပြီး သမ္မတဆီ လှမ်းပို့လိုက်တယ်။”

ငြိမ်းစုစီ ဥပဒေကို ပြင်ဆင်တဲ့ ဥပဒေကြမ်းကို ပြီးခဲ့တဲ့ ၉ ကြိမ်မြောက် ပြည်သူ့လွှတ်တော်က အတည်ပြုခဲ့ပြီး အမျိုးသားလွှတ်တော်က ဒီတကြိမ်လွှတ်တော်မှာ အတည်ပြုခဲ့ပြီးတဲ့နောက် ပြည်ထောင်စုလွှတ်တော်က အခုလို အတည်ပြုကြောင်း ကြေညာလိုက်တာဖြစ်ပါတယ်။

အခု ပြင်ဆင်လိုက်တဲ့ ဥပဒေအရ ဆန္ဒပြလိုသူတွေဟာ ခွင့်ပြုချက် တင်ရဦးမယ်လို့ ဦးစောလှထွန်းက ရှင်းပြပါတယ်။

“ခွင့်ပြုချက်ကတော့ တင်ရမယ်။ သို့သော် ခွင့်ပြုချက်တင်တဲ့နေရာမှာ ခွင့်ပြုမယ့် မြို့နယ် အုပ်ချုပ်ရေးမှူးတို့၊ မြို့နယ် ရဲတပ်ဖွဲ့မှူးတို့က ခိုင်လုံတဲ့ အကြောင်းပြချက်မရှိပဲနဲ့ ပိတ်ပင်ခြင်း မပြုရ ဆိုတဲ့ ဟာလေးတချက်ကို ကျနော်တို့ တင်လိုက်တယ်။ ခွင့်ပြုချက်မယူရဘူးဆိုတဲ့ဟာကို လက်မခံဘူးပေါ့ဗျာ။ နောက်တချက်ကတော့ ပြစ်ဒဏ်တွေကို ထက်ဝက်လောက် လျှော့လိုက်တယ်။ အဲဒါလေးတချက် ထူးခြားတာပေါ့။”

ပြည်ထောင်စုလွှတ်တော်က ဥပဒေကြမ်းကို သမ္မတထံပေးပို့ပြီး ဥပဒေအဖြစ် အတည်ပြုရမှာဖြစ်သလို သမ္မတကလည်း ၁၄ ရက်အတွင်း သဘောထားမှတ်ချက်နဲ့ ပြည်ထောင်စုလွှတ်တော်ထံ ပြန်လည်ပေးပို့နိုင်ပါတယ်။

၂၀၀၈ ဖွဲ့စည်းပုံပုဒ်မ ၃၅၄ မှာ နိုင်ငံသားတိုင်းကို လွတ်လပ်စွာ ဆန္ဒထုတ်ဖော်ခွင့်ပေးပေမယ့် နိုင်ငံရေးတက်ကြွလှုပ်ရှားသူတွေ ဆန္ဒထုတ်ဖော်တဲ့အခါ ပြည်ထဲရေးဌာနလက်အောက်ခံ ရဲစခန်းတွေက ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခွင့် ဥပဒေကို ချိုးဖောက်မှု ပုဒ်မ ၁၈ နဲ့ ဖမ်းဆီးအရေးယူ ထောင်ချမူတွေ မကြာခဏရှိနေတာကြောင့် ဖျက်သိမ်းဖို့ တောင်းဆိုနေကြတာပါ။

မနှစ် နိုဝင်ဘာ ၁၃ ရက်နေ့မှာတော့ ပြည်သူ့လွှတ်တော် တရားစီရင်ရေး၊ ဥပဒေရေးရာနဲ့ တိုင်ကြားစာများ၊ အသနားခံစာများ စိစစ်ဆောင်ရွက်ရေး ကော်မတီ ဥက္ကဋ္ဌ သူရဦးအောင်ကိုက ငြိမ်းချမ်းစွာစုဝေးခွင့်နဲ့ စီတန်းလှည့်လည်ခွင့်ဆိုင်ရာ ဥပဒေကို ပြင်ဆင်ဖို့နဲ့ ပုဒ်မ ၁၈ ဖျက်သိမ်းပေးဖို့ စတင်တင်သွင်း ဆွေးနွေးခဲ့ကြရာကအစပြုပြီး အတည်ပြုခဲ့တာပါ။

ငြိမ်းစုစီဥပဒေ ပြင်ဆင်ချက်ဥပဒေ ပုဒ်မ ၁၈ မှာ နိုင်ငံသား တဦးဦးဖြစ်စေ၊ အဖွဲ့အစည်းတခုခုကဖြစ်စေ သတ်မှတ်ချက်နဲ့အညီ တင်ပြ လျှောက်ထားရင် မြို့နယ်အုပ်ချုပ်ရေးမှူးရဲ့ အတည်ပြုချက်နဲ့ ခွင့်ပြုချက်ထုတ်ပေးရမှာဖြစ်ပြီး ခွင်ပြုချက်မရဘဲ ဆန္ဒပြရင် ထောင်ဒဏ် ၆ လလို့ ပြဋ္ဌာန်းထားပါတယ်။

ဒါကြောင့် ယခင်ပြဋ္ဌာန်းချက်ပုဒ်မ ၁၈ တုန်းကလို ခွင့်ပြုချက်တောင်းရင် ငြင်းပယ်နိုင်တဲ့ အခွင့်အလမ်းနည်းသွားပြီး ပြစ်ဒဏ်ပိုင်းလည်း လျော့ပေးခဲ့တာဖြစ်ပါတယ်။

ငြိမ်းချမ်းစွာစုဝေးခွင့်နဲ့ ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခွင့်ဆိုင်ရာ ဥပဒေကို ၂၀၁၁ ခုနှစ်အတွင်း ကျင်းပခဲ့တဲ့ ပြည်ထောင်စုလွှတ်တော်က ပြဋ္ဌာန်းခဲ့တာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013