DVB Logo
Home
မြန်မာသတင်း
ဆန်ခလပူရီ မွန်တံတားတွင် သင်္ကြန်အကြို လူစည်ကားနေ
DVB
·
April 10, 2023
ဆန်ခလပူရီ မွန်တံတားတွင် သင်္ကြန်အကြို လူစည်ကားနေ
Donate to DVB

ထိုင်းနိုင်ငံမှာ နှစ်သစ်ကူး သင်္ကြန်ကာလကို ဧပြီ ၁၂ မှ ၁၅ ရက်အထိ သတ်မှတ်ထားပေမဲ့ ကန်ကျနပူရီခရိုင်၊ ဆန်ခလပူရီရှိ မွန်တိုင်းရင်းသားအများဆုံးနေထိုင်ရာ မွန်တံတားအနီးတဝိုက်မှာတော့ ဧပြီ ၉ ရက်ကတည်းက လူစည်ကားနေပြီလို့ ဒေသတွင်း ထိုင်းသတင်းမှာ ဖော်ပြပါတယ်။ 

အဝေးမှာအလုပ်သွားလုပ်တဲ့ ဒေသခံတွေက သင်္ကြန်ကာလ အိမ်ပြန်တာရှိသလို တချို့ကလည်း တမင်သက်သက်မွန်တံတားကိုအလည်လာတာကြောင့် လူစည်ကားနေကြောင်း၊ အဲဒီမွန်တံတားမှာ သံဃာတော်တွေ ဆွမ်းလောင်းဖို့ အလှူစာ ၁ စုံ ဘတ် ၉၀ နဲ့ပြင်ဆင်ရောင်းချနေပြီး မွန်၊ ကရင်၊ မြန်မာရိုးရာဝတ်စုံတွေကိုလည်း အခမဲ့ငှါးရမ်းကာ ဓာတ်ပုံတွေရိုက်နိုင်တာကြောင့် ခရီးသွားဧည့်သည်တွေကြား ရေပန်းစားနေပါတယ်။

ဥတ္တမနုဆွန် ခေါ် မွန်တံတားဟာ ကန်ကျနပူရီခရိုင်၊ ဆန်ခလပူရီမြို့နယ် နောင်လူးအုပ်စု ဘန့်ဝမ်းရပ်ကွက်ထဲမှာ တည်ရှိပြီး သစ်တွေနဲ့ချည်း တည်ဆောက်ထားတာပါ။ အရှည် ၈၅၀ မီတာကျော်ရှည်လျားပြီး ထိုင်းနိုင်ငံမှာ အရှည်လျားဆုံးဖြစ်ကြောင်း၊ ကမ္ဘာပေါ်မှာတော့ မြန်မာပြည်က ဦးပိန်တံတားပြီးရင် ဒုတိယအရှည်ဆုံး သစ်သား တံတားလို့ ဆိုပါတယ်။

တံတားကို ဆရာတော်ဦးဥတ္တမရဲ့ စီစဉ်ကွပ်ကဲမှုနဲ့ လွန်ခဲ့တဲ့ နှစ်ပေါင်း ၄၀ နီးပါးက ကာလွေမြစ်ပေါ်မှာတည်ဆောက်ခဲ့ပြီး တံတားပေါ်ကနေ သန့်ရှင်းလတ်ဆတ်စွာ လေညှင်းခံကာ မွန်ရိုးရာယဉ်ကျေးမှုတွေကိုလည်း လေ့လာနိုင်တာကြောင့် ခရီးသွား ဧည့်သည် အလည်အ ပတ်များတဲ့နေရာတစ်ခုလည်းဖြစ်ပါတယ်။

ဒီမတိုင်ခင်ရှေ့က မီးခိုးမြူတွေရှိခဲ့ပေမယ့် ခုရက်ပိုင်းမှာ မိုးရွာလာတာကြောင့် PM 2.5 မြူမှုန်သိပ်သည်းမှုလျော့နည်းသွားပြီး ကောင်းကင်မှာ ကြည်လင်နေပါတယ်။

ဒီနှစ်မွန်သင်္ကြန်မှာလည်း မွန်ရိုးရာဓလေ့အတိုင်း သံဃာတော်တွေကို ဆွမ်းလောင်းတာ၊ ဘုရားဆင်းတုတော် ရွှေဆိုင်းပူဇော်တာ၊ ဘုရားရေသပ္ပါယ်တာ၊ သက်ကြီးပူဇော်တာ၊ မွန်ရိုးရာအကပဒေသာနဲ့ ရေကစားမဏ္ဍပ်တွေရှိမယ်လို့ ကန်ကျနပူရီခရီးသွားလုပ်ငန်း သတင်းမှာ ဖော်ပြပါတယ်။ 

ဓာတ်ပုံ - ကန်ကျနပူရီသတင်း

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013