DVB Logo
Home
မြန်မာသတင်း
မြန်မာစစ်ရှောင်ပြည်သူ ၅၀၀၀ ကျော်ကို ထိုင်းအာဏာပိုင်များက နေရပ်ပြန်ပို့
DVB
·
April 9, 2023
မြန်မာစစ်ရှောင်ပြည်သူ ၅၀၀၀ ကျော်ကို ထိုင်းအာဏာပိုင်များက နေရပ်ပြန်ပို့
Donate to DVB

ရွှေကုက္ကိုလ်မြို့သစ် အနီးတဝိုက်ကို စစ်ကောင်စီလက်အောက်ခံ နယ်ခြားစောင့်တပ်(BGF) တပ်တွေက နယ်မြေပြန်လည်စိုးမိုးနိုင်ပြီဖြစ်လို့   စစ်ဘေးရှောင်ပြည်သူတွေ ဧပြီ ၉ ရက် မနက်ကစတင်ပြီး ထိုင်းအာဏာပိုင်တွေက  ပြန်လည်ပို့ဆောင်ပေးနေတယ်လို့ စစ်ဘေးရှောင်တွေက ပြောပါတယ်။

စစ်ကောင်စီလက်အောက်ခံ နယ်ခြားစောင့်တပ်(BGF) တပ်နယ် ၃ နယ်မြေဖြစ်တဲ့ ရွှေကုက္ကိုလ်မြို့သစ်အပါအဝင် ထီ့ကော်ထော၊ ရိက္ခာကုန်း၊ ထီးချာရား၊ ၆၀၆၊ ၁၁၅၃ စတဲ့ အနီးတဝိုက်ကျေးရွာတွေက စစ်ဘေးရှောင်ပြည်သူ ၅၀၀၀ ကျော်ကို နယ်ခြား စောင့်တပ် (BGF)  အထွေထွေအတွင်းရေးမှူး ဗိုလ်မှူးကြီးစောချစ်သူက နယ်မြေပြန်လည်စိုးမိုးနိုင်ပြီဖြစ်တဲ့အပြင်  ပြန်လည်နေထိုင်ဖို့ခေါ်ယူခဲ့တဲ့အတွက် ထိုင်အာဏာပိုင်တွေက အခုလိုပြန်လည်ပို့ဆောင်နေတာပါ။

စစ်ဘေးရှောင်ပြည်သူတဦးက “ဒီမနက်ဘဲ ပြန်ပို့ပေးနေတာ။ စစ်ရှောင်အားလုံးကို ပြန်လာနေထိုင်လို့ရပြီ။ ပြန်လာဖို့ ဗိုလ်မှူးကြီးစောချစ်သူက ဒေသခံ ဆရာတော်တွေဆီကိုလည်း ဖုန်းဆက်ပြီးပြောတယ်။ အခုစခန်းလိုက် ပြန်နေကြပြီ” လို့ ပြောပါတယ်။

နယ်မြေတည်ငြိမ်သွားပြီဖြစ်တဲ့အတွက် ထိုင်းနိုင်ငံ မဲဆောက်မြို့နယ် မယ်ကု (၁၀ရပ်ကွက်) မှာရှိတဲ့ ပြောင်းဂိုဒေါင်၊ ဝမ့်ဖန် (ဘုန်ကြီးကျောင်း သစ်)၊ ဗမာဆေးခန်း စတဲ့  စစ်ဘေးရှောင်စခန်းတွေက စစ်ဘေးရှောင်ပြည်သူတွေကို ထိုင်းအာဏာပိုင်တွေက အသုတ်လိုက် မော်တော်ယာဉ်တွေနဲ့ ပြန်လည်ပို့ဆောင်ပေးနေတယ်လို့ စစ်ဘေးရှောင်အရေးကူညီပေးနေသူတဦးက ပြောပါတယ်။

“ဒီဘက်က အာဏာပိုင်တွေက ကားနဲ့အသုတ်လိုက် ပြန်ပို့ပေးနေတယ်။ ကျနော်တို့ ဝမ့်ဖန်စစ်ရှောင်စခန်းက ပြည်သူတွေကိုတော့ ထမင်းကျွေးပြီး ညနေလောက်ပြန်ပို့ဖို့ စီစဉ်ထားတယ်။”

နှစ်ဖက်တိုက်ပွဲအတွင်း ထီ့ကော်ထာကျေးရွာ အုပ်ချုပ်ရေးမှူးအပါအဝင် ဒေသခံပြည်သူ ၂ ဦး လက်နက်ထိမှန်သေဆုံးပြီး ၁၀ ဦးနီးပါး ဒဏ်ရာရရှိခဲ့သလို နေအိမ်နဲ့ဆိုင်ခန်းတချို့ မီးလောင်ပျက်စီးခဲ့တဲ့အပြင် ရိက္ခာကုန်းမှာရှိတဲ့ ဘုရားစေတီနဲ့ ဘုန်းကြီးကျောင်းပါ လက်နက်ကြီးထိမှန် ပျက်စီးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

နယ်ခြားစောင့်တပ် (BGF) ကင်းစခန်းတွေကို ဧပြီ ၅ ရက်နေ့ မနက် ၄ နာရီလောက်က စတင်တိုက်ခိုက်ခဲ့ရာမှ ၆ ရက်နေ့ထိ နှစ်ဖက်တိုက်ပွဲတွေပြင်းထန်ခဲ့ပြီး စစ်ကောင်စီတပ်သားတွေနဲ့ BGF တပ်သား ၈၀ ကျော်သေဆုံးကာ လက်နက်မျိုးစုံ ၇၀ ကျော်နဲ့ မော်တော်ယာဉ်တွေကို သိမ်းဆည်းရမိခဲ့သလို BGF ကင်းစခန်း ၅ ခုကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ Lion Battalion ဗျူဟာစစ်ကြောင်းက ထုတ်ပြန်ခဲ့ပါတယ်။

ထိခိုက်ကျဆုံးတာတွေနဲ့ပတ်သက်ပြီး အသေးစိတ်အချက်အလက်တွေကို စစ်ကောင်စီက သတင်းထုတ်ပြန်တာမရှိသလို ဒီဗွီဘီအနေနဲ့ သီးခြားအတည်မပြုနိုင်သေးပါဘူး။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013