
စစ်ကိုင်းတိုင်း ပုလဲမြို့နယ်၊ ကန့်ဒေါင့်ရွာရဲစခန်းကို ဧပြီ ၈ ရက် မနက် ၁၁ နာရီမှာ ပြည်သူကာကွယ်ရေးအဖွဲ့က လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တယ်လို့ ပုလဲကန့်ဒေါင့်ရွာဒေသခံတွေက ပြောပါတယ်။
မင်းတိုင်ပင်ရွာကနေ ပုလဲမြို့နယ်အတွင်း စစ်ကြောင်းထိုးကာ ကန့်ဒေါင့်စခန်းမှာ တပ်စွဲနေတာကို သိပြီး ပစ်ခတ်တာဖြစ်နိုင်တယ်လို့ ကန်ဒေါင့်ရွာဒေသခံ တဦးက ပြောပါတယ်။
“ပစ်တာက လက်နက်ကြီး ၈ လုံး လောက်ဖြစ်မယ်။ ပေါက်ကွဲတဲ့ အသံကြီးတွေက မြေကြီးပါတုန်တယ်။ အဲဒီလို လက်နက်ကြီးသံတွေ ကြားပြီး လက်နက်ငယ်တွေ အသံ ထပ်ကြားရတယ်။ ကိုယ့်အိမ်ထဲနေတာကို မလုံခြုံတဲ့ ဘဝတွေပဲ။ ခေတ်ကြီး မြန်မြန် ပြီးစေချင်လှပါပြီ။ အခုလို တိုက်ပွဲတွေ ထပ်ကြာ နေအုန်းမယ်ဆိုရင် နောက်ဆုံး နေစရာထိုင်စရာ မရှိ မီးလောင်ပြင်ဖြစ်သွားဖို့ရာ သေချာတယ်။”
ရဲစခန်းကို ပုလဲသခင်ဒေါင်းညိုအဖွဲ့နဲ့ ပုလဲဂဠုန်အဖွဲ့က ပစ်ခတ်ခဲတာလို့ ပုလဲသခင်ဒေါင်းညိုအဖွဲ့ တာဝန်ရှိသူက ပြောပါတယ်။
“၈၀ မမ လက်နက်ကြီးနဲ့ပထမဆုံးအရင်ပစ်တယ်။ အဲဒီလို ပစ်ပြီး သူတို့ဘက်က ၄၀ မမနဲ့ ပြန်ပစ်တယ်။ နောက်တော့ တိုက်ပွဲဖြစ်တယ်။ အကျအဆုံးကတော့ သူတို့ဘက်က ရှိသလားတော့ အတည်မပြုနိုင်ဘူး။ ကျနော်တို့ဘက်ကတော့ အထိခိုက်မရှိခဲ့ဘူး။”
ဧပြီ ၅ ရက်ကလည်း စစ်တပ်က ပုလဲမြို့နယ် ပန်းရွာနဲ့ တနယ်ကျေးရွာကြားက ပြည်သူကာကွယ်ရေး M7 အဖွဲ့စခန်းကို လေကြောင်းကနေ လေယာဉ် ၄ စီးနဲ့ စီးနင်းကာ စခန်းကို မီးရှို့ခဲ့သေးတယ်လို့ ပုလဲဒေသခံတွေက ပြောပါတယ်။
စစ်ကိုင်းတိုင်း၊ ကသာခရိုင်၊ အင်းတော်မြို့နယ် နန့်သာရွာမှ မော်တိတ်ရွာဘက်ကို ဧပြီ ၆ ရက်နဲ့ ၇ ရက်မှာ စစ်တပ်က အင်အားအများအပြားနဲ့ စစ်ကြောင်းထိုးဝင်ရောက်လာစဉ် KIA၊ KPDF ပူးပေါင်းအဖွဲ့က ကြားဖြတ်တိုက်ခိုက်ခဲ့ရာ စစ်တပ်က ၃၀ ခန့်သေဆုံးခဲ့ပြီး အများအပြား ဒဏ်ရာ ရရှိခဲ့တယ်လို့ Indaw Revolution-IR အဖွဲ့က ထုတ်ပြန် ပြောဆိုခဲ့ပါတယ်။
တိုက်ခိုက်မှုအတွင်း ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) ရဲဘော် ၂ ယောက်နဲ့ ကရင်နီအမျိုးသားကာကွယ်ရေးတပ် (KPDF) ရဲဘော် ၁ ယောက် ကျဆုံးခဲ့တယ်လို့ ဆိုပါတယ်။
ဧပြီ ၇ ရက်နေ့ မနက်မှာလည်း နံ့သာရွာအနီးမှာ ဆက်လက်တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး စစ်တပ်ဘက်က ၁၀ ယောက်ခန့်သေဆုံးပြီး KPDF ဘက်က ရဲဘော် ၁ ယောက် ကျဆုံးခဲ့ပါတယ်လို့ IR အဖွဲ့တာဝန်ရှိသူက ပြောပါတယ်။
စစ်တပ်ဘက်က သေဆုံးသူတွေနဲ့ ဒဏ်ရာရသူတွေကို နာရေးကား ၁ စီး၊ စစ်ကား ၁ စီးနဲ့ အင်းတော်မြို့ စစ်တပ်ကုန်းကို သယ်ယူသွားပြီး သေဆုံးသူတွေကို စစ်တပ်ကုန်းထဲမှာပဲ သင်္ဂြိုဟ်ကာ ဒဏ်ရာရသူတွေကို ဆေးကုပေးနေတယ်လို့ IR အဖွဲ့က ထုတ်ပြန်ထားပါတယ်။
စစ်တပ်က နံ့သာရွာထဲမှာ ရက်ပေါင်း ၂၀ ကျော်ကြာ တပ်စွဲထားတဲ့အတွက် နန့်သာ၊ အောင်းကုန်း၊ အင်ပင်ရွာ ၃ ရွာနဲ့ မော်တိတ်၊ ရွာသာယာရွာက ပြည်သူထောင်နဲ့ချီ စစ်ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေရတာ ရက်ပေါင်း ၂၀ ကျော် ရှိနေပြီလို့ ဆိုပါတယ်။