
အပစ်ရပ်သဘောတူညီချက်ကို ချိုးဖောက်ပြီး သင်္ဘောတွေကို တိုက်ခိုက်ခဲ့တယ်လို့ အီရန်နဲ့ အမေရိကန် အပြန်အလှန် စွပ်စွဲခဲ့ကြအပြီးမှာ ဟော်မုဇ်ရေလက်ကြား ပြန်ပိတ်သွားတာကြောင့် ကျဆင်းနေတဲ့ ရေနံစိမ်းစျေး ပြန်တက်လာပါတယ်။
ဧပြီ ၁၇ ရက်က ၉ ရာခိုင်နှုန်းကျော် ကျဆင်းခဲ့တဲ့ ရေနံစိမ်းစျေးဟာ ဧပြီ ၂၀ ရက် အစောပိုင်းမှာ ၆ ရာခိုင်နှုန်းကျော် ပြန်တက်သွားခဲ့ပါတယ်။
ဘရန့်ရေနံစိမ်းစျေးဟာ တစည်ကို ၉၆ ဒသမ ၄၉ ဒေါ်လာအထိ မြင့်တက်ခဲ့ပြီး အမေရိကန် WTI ရေနံစိမ်းစျေးကတော့ တစည်ကို ၉၀ ဒသမ ၃၈ ဒေါ်လာအထိ ရောက်ရှိခဲ့ပါတယ်။
ပိတ်ဆို့မှုကို ချိုးဖောက်ဖို့ ကြိုးစားတဲ့ အီရန်ကုန်တင်သင်္ဘောကို အမေရိကန်စစ်တပ်က ဖမ်းဆီးခဲ့တယ်လို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်က ဧပြီ ၁၉ ရက်မှာ ပြောပါတယ်။ လေကြောင်းကနေ ပြန်လည်တိုက်ခိုက်မယ်လို့လည်း ထရမ့်ပ်က ခြိမ်းခြောက်ထားပါတယ်။
ဒုတိယအကြိမ် ငြိမ်းချမ်းရေးဆွေးနွေးပွဲမှာ ပါဝင်မှာမဟုတ်ဘူးလို့ အီရန်ဘက်ကလည်း ငြင်းဆန်ထားပါတယ်။
အမေရိကန်က အီရန်ဆိပ်ကမ်းတွေကို ဆက်လက်ပိတ်ဆို့ထားတာကြောင့် အီရန်ကလည်း ဟော်မုဇ်ရေလက်ကြား ပိတ်ဆို့မှု ရုပ်သိမ်းထားရာကနေ ပြန်လည်ပိတ်ဆို့ခဲ့တာပါ။
MST Marquee ရဲ့ သုတေသနအကြီးအကဲ ဆောလ်ကဗိုနစ်က “မြေပြင်အခြေအနေမှန်တွေထက် အမေရိကန်နဲ့ အီရန်တို့ရဲ့ ဆိုရှယ်မီဒီယာပေါ်က အပြန်အလှန်ရေးသားမှုတွေကြောင့် ရေနံစျေးကွက် ဆက်လက် အတက်အကျကြမ်းနေတယ်” လို့ ပြောပါတယ်။
ဧပြီ ၁၈ ရက်ကတော့ ရေနံ၊ သဘာဝဓာတ်ငွေ့ရည်နဲ့ သတ္တုတွေ တင်ဆောင်လာတဲ့ သင်္ဘော အစင်း ၂၀ ကျော် ရေလက်ကြားကို ဖြတ်သန်းသွားခဲ့တယ်လို့ Kpler အချက်အလက်တွေအရ သိရပါတယ်။
Source: Reuters











