DVB Logo
Home
မြန်မာသတင်း
ရှမ်းပြည်မြောက်ပိုင်း မိုင်းလုံလယ်ကြီးဂိတ်တွင် တိုက်ပွဲဖြစ်
DVB
·
April 9, 2023
ရှမ်းပြည်မြောက်ပိုင်း မိုင်းလုံလယ်ကြီးဂိတ်တွင် တိုက်ပွဲဖြစ်
Donate to DVB

ရှမ်းပြည်နယ်မြောက်ပိုင်း၊ မိုင်းလုံမြို့ လယ်ကြီးဂိတ် စစ်ကောင်စီတပ်စခန်းမှာ ဧပြီ ၇ ရက် မနက် ၇ နာရီဝန်းကျင်က စစ်ကောင်စီတပ်နဲ့ KPDF ပူးပေါင်းတပ်တို့ တိုက်ပွဲဖြစ်ပွားပြီး ဈေးရောင်းတဲ့ ပြည်သူတယောက် ကျည်ထိမှန်ပြီး သေဆုံးသွားပါတယ်။

မိုးကုတ်၊ ပြင်ဦးလွင်၊ ကျောက်မဲဆက်သွယ်ရေးပေါ်မှာရှိတဲ့ လယ်ကြီးဂိတ် စစ်ကောင်စီတပ်စခန်းမှာ မိနစ် ၃၀ ကြာ တိုက်ပွဲပြင်းထန်ဖြစ်ပွားခဲ့တာလို့ မိုးမိတ်ခရိုင် KPDF တပ်ရင်းသတင်းနဲ့ ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။

"သူတို့က စခန်းထဲကနေပဲ ဘန်ကာကောင်းကောင်းနဲ့ ပြန်ခုခံတယ်။ သူတို့ဘက်က လက်နက်ကြီး လက်နက်ငယ်တွေနဲ့လည်း ပြန်ပစ်တယ်။”

တိုက်ပွဲ ဖြစ်ပွားချိန်မှာ စျေးသည်တစ်ဦး တိုက်ပွဲအတွင်းဖြတ်သွားတာကြောင့် ကျည်ထိမှန်သေဆုံးခဲ့ တယ်လို့ သိရပါတယ်။

"ကျနော်တို့ စစ်ဆင်ရေးပြုလုပ်မယ့်အချိန်မှာ ပန်းရောင်းတဲ့သူက ကားလမ်းမကိုဖြတ်ဖို့လုပ်တာ၊  လုပ်တော့ ကျနော်တို့ဒီဘက်က ဖြတ်​တောက်ရေးအဖွဲ့တွေက တားလိုက်တယ်။ တားလိုက်တာကို သူကလက်မခံပဲ ရှေ့ဆက်သွားတဲ့အချိန် ကျနော်တို့က ရန်သူနဲ့ထိပ်တိုက်တွေ့နေတော့ သူတိုက်ပွဲ ကြားမှာ အသက်ပေးလိုက်ရတာပါ” လို့ KPDF သတင်းနဲ့ ပြန်ကြားရေး တာဝန်ခံကပြောပါတယ်။

သေဆုံးသူက မိုးကုတ်မြို့ မင်းတံတားရပ်ကွက်မှာနေထိုင်သူဖြစ်ပြီး ရုပ်အလောင်းကို သွားသယ်သူခွင့် မရှိသေးဘူးလို့ သိရပါတယ်။

တိုက်ပွဲဖြစ်ပွားတာကြောင့် မိုးကုတ်မြို့ကနေ မိုင်းလုံကိုသွားတဲ့လမ်းကို စစ်ကောင်စီတပ်က လမ်းပိတ်ထားတယ်လို့ သိရပါတယ်။

မိုးကုတ်မြို့ဒေသခံတစ်ဦးက "လယ်ကြီးဂိတ်မှာ တိုက်ပွဲပြင်းထန်နေတယ်လို့ မြို့ထဲမှာကြားတယ်၊ ကျောက်ဖားဂိတ်မှာလည်း စစ်ဆေးတင်းကျပ်နေတာ၊ အနောက်ပိုင်းမှာဆို ကားတွေနဲ့ပတ်နေတာ။ လယ်ကြီးဘက်ကိုလည်း ကား ၃ စီးနဲ့ စစ်ကူသွားတာရှိတယ်” လို့ ပြောပါတယ်။

မိုးကုတ်ကနေ လယ်ကြီးဂိတ်ကို စစ်ကူလာတဲ့ စစ်ကား ၃ စီးကို အောက်ညောင်ကုန်းရွာအနီးမှာ ဧပြီ ၇ ရက်မနက် ၁၁ နာရီဝန်းကျင်က ထပ်မံမိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ မိုးမိတ်ခရိုင် KPDF တပ်ရင်းက သိရပါတယ်။

"မိုင်းဆွဲတဲ့အချိန်မှာသူတို့ဘက်က အင်အားအရမ်းများတယ်။ ကျနော်တို့မိုင်းဆွဲတဲ့ဘက်ကို သူတို့ဘက်က လက်နက်ကြီးတွေနဲ့ ရမ်းပစ်တာမျိုးတွေရှိတယ်"လို့ KPDF သတင်းနဲ့ပြန်ကြား ရေးတာဝန်ခံက ပြောပါတယ်။

မိုင်းလုံမြို့လယ်ကြီးဂိတ်စခန်းကို K.I.A K- PDF ( Kachin Region )၊ PDF (NUG)၊ ကျောင်းသားတပ်မတော် (A.B.S.D.F)၊ (ရှမ်းမြောက်ဒေသ) မဟာမိတ်တပ်ပေါင်းစုတို့ ပူးပေါင်းစစ်ဆင်ရေးပြုလုပ်ခဲ့တာဖြစ်ပြီး တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က ၇ ဦးသေဆုံး  ၇ ဦးထက်မနည်းဒဏ်ရာရရှိခဲ့တယ်လို့  မိုးမိတ်ခရိုင် KPDF တပ်ရင်းက ထုတ်ပြန်ထားပါတယ်။

စစ်ကူလာတဲ့စစ်ကောင်စီယာဉ်တန်းကို မိုင်းဆွဲတိုက်ခိုက်ရာမှာလည်း  စစ်ကောင်စီဘက်က ၄ ဦးသေဆုံး ၅ ဦးထက်မနည်းဒဏ်ရာရရှိသွားတယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။

အဆိုပါတိုက်ပွဲမှာ သေဆုံး ဒဏ်ရာရသူ အရေအတွက်ကို သီးခြားအတည်ပြုနိုင်ခြင်းမရှိသလို စစ်ကောင်စီကလည်း သတင်းထုတ်ပြန်တာမရှိပါဘူး။ 

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013