DVB Logo
Home
မြန်မာသတင်း
ဂန့်ဂေါတွင် စစ်တပ်က လက်နက်ကြီးပစ်ခတ်သဖြင့် ပြည်သူ ၇၀၀၀ ကျော် ထွက်ပြေး၊ မြိုင်မြို့နယ်၌ ၈ တန်းကျောင်းသူ ၁ ဦး ကျည်ထိမှန် ဒဏ်ရာရ
DVB
·
April 8, 2023
ဂန့်ဂေါတွင် စစ်တပ်က လက်နက်ကြီးပစ်ခတ်သဖြင့် ပြည်သူ ၇၀၀၀ ကျော် ထွက်ပြေး၊ မြိုင်မြို့နယ်၌  ၈ တန်းကျောင်းသူ ၁ ဦး ကျည်ထိမှန် ဒဏ်ရာရ
Donate to DVB

မကွေးတိုင်း၊ ဂန့်ဂေါမြိုနယ်အတွင်းမှာရှိတဲ့ ကျေးရွာ‌တွေကို ဧပြီ  ၇ ရက် မနက် ၉ နာရီကျော်လောက်က ဂန့်ဂေါမြိုအခြေစိုက် စစ်ကောင်စီရဲ့ ခလရ (၅၀)က စစ်ကြောင်းထိုး ဝင်ရောက်လာတဲ့အပြင် လက်နက်ကြီးပစ်ခတ်တာတွေကြောင့် ဒေသခံရွာသား  ၇၀၀၀ ကျော် ထွက်ပြေး တိမ်းရှောင်နေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

အဲ့ဒီစစ်ကြောင်းဟာ ပိုဦးကျေးရွာကို မနက်ပိုင်းလောက်မှာ စတင်ဝင်ရောက်လာပြီး ဘုန်းကြီးကျောင်းနဲ့ စာသင်ကျောင်းဝန်းကျင်မှာရှိတဲ့ အိမ်တွေကို ဝင်ရောက်ရှာဖွေခဲ့တာဖြစ်ပါတယ်။

ဒေသခံတဦးက "စစ်ကြောင်းက ပိုဦးရွာကို အရင်ဝင်တယ်။  အခု အဲ့ဒီရွာကနေ ထွက်လာတာ လာပိုရွာနားကို ရောက်နေပြီ ရွာထဲကို လက်နက်ကြီး လက်နက်ငယ်‌‌ တွေနဲ့ ပစ်ပြီး ဝင်လာကြလို ရွာသားတွေ ကြောက်လန့်ပြီး ထွက်ပြေးကုန်ပြီ"လို့ ပြောပါတယ်။

စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီး‌တွေ ရွာထဲ ပစ်ခတ်တဲ့အတွက်  လာပိုရွာမှာရှိတဲ့  နေအိမ်နှစ်လုံး မီလောင်ခဲ့တဲ့အပြင် လာပို ကျေးရွာ၊ ပိုဦး‌ကျေးရွာ၊ ရွာစည်ကျေးရွာနဲ့ မြင်းဇာကျေးရွာစတဲ့ ကျေးရွာ‌တွေက ဒေသခံပြည်သူ  ၇၀၀၀ ကျော် ထွက်ပြေးတိမ်းရှောင်နေရတယ်လို ဒေသခံတွေ ဆီက သိရပါတယ်။

မြိုင်မြို့နယ်မှာလည်း ဧပြီ ၈ ရက် မနက်ပိုင်းက စစ်ကောင်စီဘက်က လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့လို့ ၈ တန်းကျောင်းသူတယောက် ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

သရက်ကန်ပျူစခန်းက လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့လို့ မြေရင့်ကျေးရွာက နေအိမ် ၁ အိမ်ပေါ်ကို ကျရောက်ပေါကွဲပြီး ၈ တန်းကျောင်းသူ ၁ ယောက် ဒဏ်ရာရရှိကာ နေအိမ်မှာလည်း အနည်းငယ်ထိခိုက် ပျက်စီးသွားတယ်လို့ ​မြေရင့်ကျေးရွာ ဒေသခံတယောက်က  ပြောပါတယ်။

ဒဏ်ရာရရှိခဲ့တဲ့ သူကတော့ အသက် ၁၄ နှစ်ဝန်းကျင်  အရွယ် ၈ တန်းကျောင်းသူ မထောစုလှိုင်ဖြစ်ပြီး ဦးခေါင်းကို လက်နက်ကြီး ကျည်စထိမှန် ဒဏ်ရာရရှိကာ ဒဏ်ရာအခြေနေကတော့ မစိုးရိမ်ရဘဲ နီးစပ်ရာ ဆေးခန်းတခုမှာ ဆေးဝါးကုသမှု ခံယူနေရတယ်လို့ ဆိုပါတယ်။

သရက်ကန်ပျူစခန်းက စစ်ကောင်စီတပ်သားတွေနဲ့ ပျူစောထီးတွေဟာ စစ်ကောင်စီ ကားတန်းဖြတ်တာနဲ့ လမ်းမပေါ်တက်ချိန်တွေမှာ လက်နက်ကြီးတွေနဲ့ ပစ်ခတ်ပြီး ပတ်ဝန်းကျင်ကျေးရွာတွေကို နေတိုင်းပစ်ခတ်လေ့ရှိတယ်လို့ ဒေသခံက ပြောပါတယ်။

ဒေသခံ တဦးက “ဒီနေ့မနက်ပိုင်းမှာတော့ အဲဒီပျူစခန်းက လက်နက်ကြီး ၄ လုံးလောက် ပစ်တာ။ မြေရင့်ရွာမှာ ၁ လုံးကျရောက်ပေါက်ကွဲပြီး နှမ်းဆီကန်ရွာဘေးနားမှာလည်း ကျရောက်ပေါက်ကွဲ ခဲ့တယ်”လို့ ပြောပါတယ်။

မြိုင်မြို့နယ်မှာ ဧပြီ ၇ ရက် မနက်ပိုင်းကလည်း စစ်ကောင်စီတပ်သားတွေနဲ့ ပျူစောထီးတွေ မိုင်းဆွဲ တိုက်ခိုက်ခံရပြီး ၁ ယောက်သေဆုံးကာ ၃ ယောက်ဒဏ်ရာရရှိခဲ့တယ်လို့ မြိုင်ပကဖကနေ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013