
နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်ကို စစ်အာဏာရှင်က ပြန်လွှတ်ပေးမှုနောက်ကွယ်မှာ နိုင်ငံတကာအမြင် ပြောင်းလဲစေဖို့ ရည်ရွယ်ထားတဲ့ နိုင်ငံရေးအသုံးချမှုရှိနေတယ်လို့ သုံးသပ်ချက်တွေ ထွက်ပေါ်နေသလို လူထုကြား အမြင်ကွဲပြားမှုတွေကိုလည်း ဖြစ်စေနိုင်ကြောင်း နိုင်ငံရေး အသိုက်အဝန်းက ပြောပါတယ်။
မြန်မာနှစ်သစ်ကူး နှစ်ဆန်း ၁ ရက်က အကျဉ်းသားတွေကို ပြစ်ဒဏ် လွတ်ငြိမ်းခွင့်ပေးရာမှာ သမ္မတဦးဝင်းမြင့် ပါဝင်လာတာက နိုင်ငံတကာရဲ့ အမြင်ပြောင်းလဲဖို့ နိုင်ငံရေးအသုံးချမှုဖြစ်တဲ့အပြင် အမျိုးသားညီညွတ်ရေးအစိုးရနဲ့ ပြည်သူတွေကြားသွေးခွဲဖို့ ရည်ရွယ်ထားကြောင်း စောင့်ကြည့်လေ့လာသူတွေက ပြောပါတယ်၊
နိုင်ငံတော်သမ္မတဦးဝင်းမြင့်နဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့ကို ၂၀၂၀ ရွေးကောက်ပွဲ ရလဒ်အရ ပြည်သူ့ရွေးကောက်ခံ နိုင်ငံတော်သမ္မတနဲ့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်အဖြစ် ဆက်လက်အသိအမှတ်ပြုထားကြောင်းကိုလည်း အမျိုးသားညီညွတ်ရေးအစိုးရ NUG က ဧပြီ ၁၈ ရက်မှာ ထုတ်ပြန် ထားတာရှိပါတယ်။
ဒီထုတ်ပြန်ချက်ထွက်ရှိလာပြီနောက်မှာတော့ လူထုကြားထဲ NUG က ယာယီ သမ္မတကြီးနဲ့ လူထုက ရွေးကောက်ထားတဲ့ သမ္မတ ၂ ယောက်အပေါ် မေးခွန်းတွေ ရှိနေခဲ့ကြပါတယ်၊ ဒီလိုငြင်းခုံဆွေးနွေးမှုတွေကနေ စိတ်ဝမ်းကွဲမှုတွေထိဖြစ်အောင် စစ်ခေါင်းဆောင်က ရည်ရွယ်ထားကြောင်း မြန်မာနိုင်ငံလုံဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) ဦးဆောင်ကော်မတီဝင် ကိုသိုက်ထွန်းက သုံးသပ်ပါတယ်။
“ဒါ သူတို့က သဘောထားကြီးတယ်ဆိုတာ နိုင်ငံတကာကို ပြဖို့အတွက် လုပ်ဆောင်တဲ့ လုပ်ရပ် ဖြစ်တယ်ပေါ့။ အဲဒီတော့ သမ္မတကြီး ဦးဝင်းမြင့်ကို ဒီတိုင်း လွတ်လပ်စွာနဲ့ လွှတ်ပေးလိုက်မယ် ဆိုရင်ပေါ့နော် သူတို့ရဲ့ လည်ပင်းကို သူတို့ ကြိုးကွင်းပြန်စွပ်နိုင်တယ်လို့ ယူဆတဲ့ ယူဆချက်တွေကို ကျနော်တို့ တွေ့ရတယ်ပေါ့နော်။ ဒါက စစ်တပ်က သူတို့ရဲ့ သက်ရှူပေါက် ခဏတာရအောင် ကျနော်တို့ အချင်းချင်းကြားထဲမှာပဲ ပြောရမယ် ဆိုရင်တော့ ဟို ငြင်းခုံမှုတွေနဲ့ ဟို အမြင်မတူမှုတွေ ဖြစ်လာအောင် ဒါ ရည်ရွယ်ချက်ရှိရှိကို ဒါ လုပ်နေတဲ့ လုပ်ရပ်တခုပဲ ဖြစ်တယ်ပေါ့။ လွတ်ငြိမ်းဆိုတာကတော့ ဒါ အသုံးချခံ သက်သက်သာလေး ဖြစ်တယ်လို့ ကျနော် ဒီလို မြင်တာပေါ့။”
ဒါ့အပြင် NUG က ဦးဝင်းမြင့်ကို သမ္မတအဖြစ် တင်မြှောက်ထားလို့ ပြည်တွင်းမှာ စစ်အာဏာရှင်ရဲ့ တင်းကျပ် စောင့်ကြည့်မှုအောက်မှာရှိနေတဲ့ ဦးဝင်းမြင့် အပေါ် အကျပ်အတည်းတွေ ဖြစ်စေနိုင်တယ်လို့လည်း သုံးသပ်တာတွေ ရှိပါတယ်။
စစ်တပ်က နိုင်ငံရေးအကျဉ်းသားတွေကို ခေတ်အဆက်ဆက် နိုင်ငံရေးအသုံးချခံအဖြစ် အသုံးပြုနေခဲ့တာ ဖြစ်ပြီး အခုမှာလည်း နိုင်ငံတော်သမ္မတကြီးကို ဒီနည်းလမ်းအတိုင်း အသုံးပြုနေတာ ဖြစ်ကြောင်းနဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် အပါအဝင် နိုင်ငံရေးအကျဉ်းသားတွေ အားလုံးလွတ်မြောက်ဖို့ ဆက်လက်ဖိအားပေးနေဖို့လိုကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ NUG ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်က ပြောပါတယ်။
“သူတို့က ဒီလိုမျိုး မတရားဖမ်းဆီးထားတဲ့ လူတွေကို နိုင်ငံရေးအကျဉ်းသားတွေကို နိုင်ငံရေးအရ တစုံတရာ လိုချင်မှု ရှိလာတဲ့အခါမှာ နေအိမ်အကျယ်ချုပ် ထားလိုက်တာမျိုး နောက်ပြီးတဲ့အခါမှာ လွတ်ငြိမ်းချမ်းသာ ဆိုတဲ့ စကားလုံးကြီး သုံးပြီးတော့ ကျနော်တို့ လွှတ်တာမျိုး ဒါမျိုးတွေကို လုပ်ခဲ့တာ အခုမှမဟုတ်ပါဘူးနော် ကျနော်တို့ ရှေ့က သမိုင်းတွေမှာ သမိုင်းကြောင်းတွေမှာလည်း ဒါမျိုးတွေ ရှိခဲ့တာ ဖြစ်ပါတယ်။ လက်ရှိ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်ကို မိသားစုနဲ့ ပြန်လည်ဆုံတွေ့ခွင့် ရခဲ့တယ်။ ဒါ ဝမ်းသာစရာကိစ္စ ဖြစ်တယ်။ ဒါပေမဲ့ အဲဒီ ဒီဟာကို အခြေခံပြီးတော့ နိုင်ငံတကာကနေပြီးတော့ အသိအမှတ်ပြုမှုကို ဒါ တစုံတရာ လိုချင်လို့သာ ဒီလိုလုပ်တာ ဖြစ်တယ်။ ကျန်ရှိနေသေးတဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်နဲ့တကွ နိုင်ငံရေးအကျဉ်းသားတွေ အားလုံး အမြန်ဆုံး လွတ်မြောက်ဖို့အတွက်ကို ဒီထက်ပိုတဲ့ ဖိအားတွေကို ဆက်တိုက် ထပ်ပြီးတော့ ကျနော်တို့ ပေးသွားဖို့ အရေးကြီးပါတယ်။”
မြန်မာနှစ်သစ်ကူးအထိမ်းအမှတ်လွတ်ငြိမ်းမှာ ပြည်သူ ရွေးကောက်တင်မြှောက်ထားတဲ့ သမ္မတကြီး ဦးဝင်းမြင့်နဲ့ နိုင်ငံရေးအကျဉ်းသားတချို့ ပါဝင်လာတာဟာ “မြန်မာနိုင်ငံမှာ ယုံကြည်မှု တည်ဆောက်ရေးနဲ့ အားလုံးပါဝင်တဲ့ ဆွေးနွေးပွဲတွေအတွက် အပြုသဘောဆောင်တဲ့ ခြေလှမ်းတခု ဖြစ်ကြောင်း”နဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် သက်ကြီးရွယ်အိုနဲ့ နာမကျန်းသူတွေနဲ့ ကျန်ရှိနေသေးတဲ့ နိုင်ငံရေးအကျဉ်းသားအားလုံးကို လွှတ်ပေးဖို့ အရေးကြီးကြောင်း ဖိလစ်ပိုင် နိုင်ငံခြားရေးဝန်ကြီးဌာနက ဧပြီ ၁၉ ရက်မှာ ထုတ်ပြန်ခဲ့ပါတယ်။










