DVB Logo
Home
မြန်မာသတင်း
စစ်အုပ်စု အကြမ်းဖက်ပစ်ခတ်သတ်ဖြတ်မှုကြောင့် အပြစ်မဲ့ကျဆုံးပြည်သူ ၃,၂၂၅ ဦးထိ မြင့်တက်
DVB
·
April 7, 2023
စစ်အုပ်စု အကြမ်းဖက်ပစ်ခတ်သတ်ဖြတ်မှုကြောင့် အပြစ်မဲ့ကျဆုံးပြည်သူ ၃,၂၂၅ ဦးထိ မြင့်တက်
Donate to DVB

မြန်မာနိုင်ငံမှာ အာဏာသိမ်း ၂ နှစ်ကျော်အကြာ စစ်ကောင်စီတပ်တွေ အကြမ်းဖက် ပစ်ခတ်သတ်ဖြတ်မှုတွေကြောင့် နိုင်ငံတဝန်း အပြစ်မဲ့ကျဆုံးပြည်သူ ၃,၂၂၅ ယောက်နဲ့ ဖမ်းဆီးထိန်းသိမ်းခံရသူပေါင်း ၂၁,၂၇၆ ယောက်ထိ ရှိလာခဲ့ပြီဖြစ်တယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (အေအေပီပီ) က ထုတ်ပြန်ပါတယ်။

ဒီစာရင်းဟာ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်မှ ၂၀၂၃ ခုနှစ်၊ ဧပြီ ၇ ရက်အထိ အေအေပီပီက ကောက်ယူမှတ်တမ်းပြုစုထားတာဖြစ်ပြီး အမှန်တကယ် ကျဆုံးသူတွေဟာ ဒီထက်ပိုနိုင်တယ်လို့ ဖော်ပြပါတယ်။

နွေဦးတော်လှန်ရေးကာလအတွင်း ဒီနေ့အထိ ၁၇,၃၉၇ ယောက် လက်ရှိ ချုပ်နှောင်ခံထားရဆဲ ဖြစ်ပြီး အဲဒီထဲက ၅,၅၆၆ ယောက်ကတော့ ထောင်ဒဏ် ချမှတ်ခံထားရပါတယ်။

တော်လှန်ရေးနဲ့ဆက်စပ်ပြီး သေဒဏ်ချမှတ်ခံထားရကာ အကျဉ်းထောင်တွေထဲ ထိန်းသိမ်းခံနေရသူ အရေအတွက်ကတော့ ၁၀၉ ယောက် ရှိနေပြီး မျက်ကွယ် သေဒဏ်ချမှတ်ခံထားရသူ ၄၂ ယောက် အပါအဝင် ၁၂၁ ယောက်ကတော့ မျက်ကွယ်ပြစ်ဒဏ် ချမှတ်ခံထားရတာကြောင့် သေဒဏ်ချမှတ်ခံထားရသူ စုစုပေါင်း ၁၅၁ ယောက် ရှိလာခဲ့ပြီ ဖြစ်ပါတယ်။

လတ်တလောအချိန်ထိ ဖမ်းဆီးခံရပြီး ပြန်လည်လွတ်မြောက်လာသူ ဦးရေကတော့ ၃,၈၅၇ ယောက် ရှိခဲ့တယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ ဧပြီ ၅ ရက်မှာ မုံရွာသပိတ်ခေါင်းဆောင် ကိုဝေမိုးနိုင်ကို မုံရွာခရိုင် ထောင်တွင်းတရားရုံးကနေ ရာဇသတ်ကြီးဥပဒေပုဒ်မ ၅၀၅-က နဲ့ ထောင်ဒဏ် ၃ နှစ်၊ ရာဇသတ်ကြီးဥပဒေပုဒ်မ ၁၄၈ နဲ့ ထောင်ဒဏ် ၃ နှစ်၊ ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၉၅ နဲ့ ထောင်ဒဏ် ၂၀ နှစ်၊ ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၉၇ နဲ့ ထောင်ဒဏ် ၇ နှစ်နဲ့ ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၂၃ နဲ့ ထောင်ဒဏ် ၁ နှစ် စုစုပေါင်း ၃၄ နှစ် ချမှတ်ခဲ့တယ်လို့ သိရပါတယ်။ အဆိုပါ ၃၄ နှစ်ကို တပေါင်းတည်းကျခံစေဖို့ ချမှတ်ခဲ့တာကြောင့် ထောင်ဒဏ် နှစ် ၂၀ ကျခံရမှာဖြစ်ပြီး အရင်ကလည်း ထောင်ဒဏ် ၁၂ နှစ် ချမှတ်ခံထားရတာကြောင့် လက်ရှိမှာတော့ ထောင်ဒဏ် ၃၂ နှစ်အထိ ချမှတ်ခံထားရတယ်လို့ ဆိုပါတယ်။ ဒါ့အပြင် ကိုဝေမိုးနိုင်ဟာ အကြမ်းဖက်စစ်အုပ်စုက မတရားစွဲဆိုထားတဲ့ အမှုတွေကို ဆက်လက်ရင်ဆိုင်ဖို့ ကျန်ရှိနေသေးတယ်လို့လည်း အေအေပီပီက ပြောပါတယ်။

ဒါ့အပြင် ဧပြီ ၅ ရက် တရက်တည်းမှာပဲ ညနေ ၄ နာရီလောက်က ရှမ်းပြည်နယ်၊ နောင်ချိုမြို့နယ်၊ သံဘိုကျေးရွာအနီးမှာ အကြမ်းဖက်စစ်အုပ်စုတပ်နဲ့ ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့တို့ကြား အပြန်အလှန် ပစ်ခတ်မှုတွေ ဖြစ်ပွားခဲ့ရာ အကြမ်းဖက် စစ်အုပ်စုတပ်ဘက်က ပစ်ခတ်ခဲ့တဲ့ လက်နက်ကြီးကျည်ဟာ ကျေးရွာထဲက နေအိမ်တလုံးပေါ် ကျရောက်ပေါက်ကွဲခဲ့တာကြောင့် အသက် ၁၁ လအရွယ် စိုင်းဝါဝါထွန်းနဲ့ ၁၄ နှစ်အရွယ် အမဖြစ်သူ နန်းမအေးတို့ကို ကျည်စထိမှန်ကာ သေဆုံးခဲ့တယ်လို့ သိရပါတယ်။ သူတို့ရဲ့ မိဘနှစ်ယောက်လည်း ပြင်းထန်စွာ ထိခိုက်ဒဏ်ရာ ရရှိခဲ့တာကြောင့် ပြင်ဦးလွင်ဆေးရုံဆီ ပို့ဆောင်ကာ ဆေးကုသမှု ခံယူနေတယ်လို့ ဆိုပါတယ်။

အရပ်ဘက်အဖွဲ့အစည်းတွေက ခေါင်းဆောင်တွေ၊ အရပ်သားတွေ၊ တက်ကြွလှုပ်ရှားသူတွေ၊ သတင်းသမားတွေ၊ CDM လှုပ်ရှားနေတဲ့ ဝန်ထမ်းတွေ စတဲ့ နယ်ပယ်အသီးသီးမှ ဘယ်သူမဆို ဖမ်းဆီး၊ ထိန်းသိမ်း၊ တရားစွဲဆိုခံထားရတာတွေနဲ့ ပတ်သက်လို့ နွေဦးတော်လှန်ရေး ကာလအတွင်း ကျဆုံးသွားသူတွေရဲ့ အချက်အလက်တွေကို သိရှိပါက အေအေပီပီကို ဆက်သွယ်အသိပေး အကြောင်းကြားနိုင်ပါတယ်။

ဒါ့အပြင် ကျဆုံးအချက်အလက်တွေကို ဖော်ပြပါ [email protected] အီးမေးလ်နဲ့ အဖမ်းအဆီး အချက်အလက်တွေကို [email protected] အီးမေးလ်တွေဆီလည်း တိုက်ရိုက်ပေးပို့ ဆက်သွယ်အကြောင်းကြားနိုင်ကြောင်း အသိပေးထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013