DVB Logo
Home
မြန်မာသတင်း
ထိုင်းရောက် မြန်မာအလုပ်သမားများ ဆက်လက်ဖမ်းဆီးခံနေရ
DVB
·
June 17, 2014
ထိုင်းရောက် မြန်မာအလုပ်သမားများ ဆက်လက်ဖမ်းဆီးခံနေရ
Donate to DVB

ထိုင်းနိုင်ငံမှာ ရွှေ့ပြောင်းအလုပ်သမားတွေကို နှိမ်နင်းဖြိုခွဲဖို့ မူဝါဒ မချမှတ်ထားဘူးလို့ စစ်တပ်ဦးဆောင်တဲ့ အမျိုးသားငြိမ်းချမ်းရေးနဲ့ တရားဥပဒေ စိုးမိုးရေးကောင်စီက ဇွန်လ ၁၆ ရက်နေ့ နေ့စွဲနဲ့ ထုတ်ပြန်ထားပေမယ့်လည်း အောက်ခြေမှာတော့ စစ်ဆေးဖမ်းဆီးတာတွေ ရှိနေပါတယ်။

[caption id="attachment_58464" align="alignright" width="300"]ထိုင်း-မြန်မာ နယ်စပ် မဲဆောက်မြို့တွင် ဇွန်လ ၁၂ ရက်နေ့က တရားမ၀င် မြန်မာအလုပ်သမားများကို ဖမ်းဆီးစဉ် ထိုင်း-မြန်မာ နယ်စပ် မဲဆောက်မြို့တွင် ဇွန်လ ၁၂ ရက်နေ့က တရားမ၀င် မြန်မာအလုပ်သမားများကို ဖမ်းဆီးစဉ်[/caption]

ထိုင်းနိုင်ငံ ချင်းမိုင်မြို့က နိုက်ဘဇား လို့ခေါ်တဲ့ ညဈေးတန်းမှာ ဇွန်လ ၁၆ ရက်နေ့ ညနေ ၃ နာရီလောက်က အရပ်ဝတ်ရဲတွေ ၀င်ရောက်စစ်ဆေးသွား တဲ့ အတွက် သူနဲ့အတူ စုစုပေါင်း  မြန်မာအလုပ်သမား ၈ ဦး အဖမ်းခံခဲ့ရတယ်လို့ ကုန်တင်ကုန်ချ အလုပ်သမား ကိုသိန်းတန်က ဒီဗွီဘီကို ပြောပါတယ်။

“ကျနော်တို့က ရဲစခန်းထိရောက်သွားတယ်လေ။ ကျုံးထဲက ကွန်မိုင်းရဲစခန်း။ ကျနော်က ရက်ကြေးပေးထားတယ်။ ရက်ကြေးလာကောက်သူက ကျနော့်ကို လာပြီး အာမခံပေးတော့ လွတ်လာတယ်။ ကျန်တဲ့ လင်မယား ၂ ယောက်ကော၊ နောက် ၄ ယောက်က အလုပ်ရှင် မလာသေးလို့ မထွက်ရသေးဘူး။”

သူတို့အားလုံးကို ကောင်မိုင်းရဲစခန်းခေါ်သွားပြီး အလုပ်ရှင်တွေက သွားရွေးပေးတဲ့အတွက် ၄ ဦးကို မနေ့ညနေ ၅ နာရီက ပြန်လွှတ်ပေးပြီး ကျန်တဲ့ ၄ ဦးကတော့ ခုထိမလွတ်သေးဘူးလို့ ဆိုပါတယ်။

နိုက်ဘဇားညဈေးမှာ အလုပ်သမားတွေ ရာနဲ့ချီရှိပြီး အများစုက မြန်မာအလုပ်သမားတွေဖြစ်ကြောင်း၊ အများစုက အလုပ်ရှင်အစစ်မဟုတ်တာ၊ လက်မှတ်ထဲက ခွင့်ပြုတဲ့အလုပ်၊ ခွင့်ပြုတဲ့ အလုပ်တည်နေရာ မတူညီကြတဲ့အတွက် ရဲတွေက ရှောင်တခင်ဝင်စစ်တိုင်း ပါသွားလိုက်၊ ပြန်လွတ်လိုက် ဖြစ်နေတယ်လို့ အလုပ်သမား တခြား တဦးက ပြောပါတယ်။

အလားတူ ဘန်ကောက်ခရိုင် ပတူနမ့် ဈေးမှာလည်း မနေ့က ရဲတွေဝင် စစ်တဲ့အတွက် တလတ်ချောဝ်း (မနက်ဈေး) နဲ့ စီတီကွန်ပလက်၊ ပလက်တီနမ်ဖက်ရှင်မောလ် စတဲ့ နေရာ ၂ ခုက မြန်မာအလုပ်သမားပေါင်း ၄၀ ကျော်ပါသွားကြောင်း၊ အချို့က ဘတ် ၂၅၀၀ ပေးပြီး  ပြန်လွတ်လာတယ်လို့  အလုပ်သမား ကိုနိုင်က ပြောပါတယ်။

အလုပ်သမားတွေအဖမ်းခံရတာနဲ့ ပတ်သက်ပြီး အကူအညီတောင်းဖို့ ဖေ့စ်ဘုတ်လူမှုကွန်ရက်စာ မျက်နှာမှာပျံ့နှံ့နေတဲ့ မြန်မာသံရုံးဖုန်းနံပါတ်တွေကို ဆက်သွယ်ရာမှာ သံရုံးကိုသွားခိုင်းတဲ့အတွက် အဆင်မပြေလို့ ကိုယ့်ပြဿ နာကိုယ်ရှင်းခဲ့ရတယ်လို့ ကိုနိုင်က ပြောပါတယ်။

“နေ့တိုင်းလို ၀င်ဖမ်းတယ်၊ မနေ့က သံရုံးကိုဖုန်းဆက်တာလည်း ဘာမှမကူညီပေးနိုင်ဘူး။ အစ်ကိုတို့ဆီလာခဲ့ပါလားတဲ့။ ရဲလာဖမ်းပါတယ်ဆိုနေမှ သူတို့ဆီဘယ်လိုသွားလို့ရမှာလဲ။ ညီလေးတို့ဘယ်နားမှာရှိတယ်၊ အစ်ကိုတို့ လာဖြေရှင်းပေးမယ်၊ မဟုတ်ရင် အဲဒီက တာဝန်ရှိသူတယောက်ယောက်နဲ့ ဖုန်းပြောမယ်ဆို တော်သေးတယ်။ အခုက ရဲဖမ်းလို့ သူတို့ဆီသွားလို့ရရင် အဲဒီသွားမယ့်အစား လုံခြုံတဲ့နေရာ သွားအိပ်နေလိုက်မှာပေါ့။”

ထိုင်းနိုင်ငံမှာ လတ်တလော တရားမ၀င်အလုပ်သမားဖမ်းဆီးမှုတွေနဲ့ ပတ်သက်တဲ့ သတင်းတွေ ထွက်ပေါ်နေတဲ့အတွက် အလုပ်သမားအများစု အလုပ်မဆင်းရဲတာ၊ အပြင်မထွက်ရဲတာ၊ ပုန်းရှောင်နေရတာတွေရှိကြောင်း၊  ထိုင်းတောင်ပိုင်း ဖူးကက်၊ ရနောင်း နဲ့ ဖန်ငမှာလည်း အလုပ်ရှင်ကိုယ်တိုင်က ရာဘာတောထဲမှာ တမင်ရှောင်ခိုင်းထားတယ်လို့  အလုပ်သမားအရေးဆောင်ရွက်နေသူတွေက ပြောပါတယ်။

တာာ့ခ်ခရိုင် မဲဆောက်မြို့မှာလည်း လတ်တလော တရားမ၀င်အလုပ်သမား ဖမ်းဆီးမှုတွေနဲ့ ပတ်သက်ပြီး  ဒီကနေ့ မနက်က စစ်တပ်၊ ရဲနဲ့ အာဏာပိုင်တွေက အလုပ်သမားအဖွဲ့၊ လူမှုအဖွဲ့အစည်းကိုယ်စားလှယ်တွေ ခေါ်ယူရှင်းလင်းခဲ့ပါတယ်။

အာဏာပိုင်တွေက သူတို့အနေနဲ့ ပြီးခဲ့တဲ့ ရက်သတ္တပတ်အတွင်း မဲဆောက်မှာ ဖမ်းဆီးမှု ၃ ကြိမ် ပြုလုပ်ခဲ့ပြီး အဓိကအ လူကုန်ကူးမှု၊ မူးယစ်ဆေးဝါးမှုနဲ့ ဆက်နွှယ်တာကို စစ်ဆေးဖမ်းဆီးတာဖြစ်ကြောင်း၊ စစ်ဆေးရင် ရဲ၊ စစ်တပ် နဲ့ အုပ်ချုပ်ရေး ၃ ဖွဲ့ပါရှိမှာဖြစ်ကြောင်း၊ အဖွဲ့မစုံဘဲ လာဖမ်းရင်၊ ခြိမ်းခြောက်ခံရရင် တိုင်ကြားနိုင်ကြောင်း ပြောခဲ့တယ်လို့ တွေ့ဆုံပွဲ တက်ခဲ့သူ  ရောင်ခြည်ဦးအလုပ်သမားအဖွဲ့ ဥပဒေရေးရာ တာဝန်ခံ မဇင်မာသက်က ပြောပါတယ်။

ထိုင်းအလုပ်သမားဒုဝန်ကြီး နိုင်းကျီလဆဒီး ဆုခွန်းထနချတ်ကလည်း ဇွန်လ ၁၈ ရက်နေ့ ချွန်းဘူရီခရိုင်ကို ကွင်းဆင်းပြီး သက်ဆိုင်ရာ ခရိုင်ဝန်၊ အလုပ်ရှင်အသင်းတွေနဲ့ တွေ့ဆုံကာ ကောလာဟလသတင်းကြောင့် အလုပ်သမားတွေကြား ထိတ်လန့်စိုးရိမ်မှုတွေ၊ အစုလိုက်အပြုံလိုက် အိမ်ပြန်နေတဲ့ကိစ္စ ဆွေးနွေးမယ်လို့ ထိုင်းသတင်းတွေမှာ ထုတ်ပြန်ထားပါတယ်။

ဒါ့အပြင်  ရွှေ့ပြောင်းအလုပ်သမား စီမံခန့်ခွဲမှု စနစ်ကျရေး ဆောင်ရွက်မှုတွေနဲ့ ပတ်သက်ပြီး  မှန်ကန်တဲ့ သတင်း အချက်အလက်တွေ  ရရှိဖို့၊ ကောလာဟလတွေ မယုံကြည်ဖို့  မြန်မာ၊ လော၊ ကမ္ဘောဒီးယား ၃ ဘာသာနဲ့ လက်ကမ်းစာစောင် ထုတ်လုပ်ဖြန့်ဝေဖို့ ညွှန်ကြားထားကြောင်း ထိုင်းရတ်သတင်းမှာ ဖော်ပြပါတယ်။

ထိုင်းနိုင်ငံက  နိုင်ငံခြား ရွှေ့ပြောင်းအလုပ်သမား စနစ်တကျရှိရေး စီမံဆောင်ရွက်သွားဖို့ ဇွန်လ ၁၀ ရက်နေ့က  ထုတ်ပြန်ကြေညာပြီးတဲ့နောက် မြန်မာအလုပ်သမား  ၁၀၀၀ ကျော် ဖမ်းဆီးခံခဲ့ရပြီး ရာနဲ့ချီတဲ့အလုပ်သမားတွေ နယ်စပ်ပြန်ပို့ခံခဲ့ရပါတယ်။

ကမ္ဘောဒီးယားနိုင်ငံသားအလုပ်သမားတွေကတော့  မိမိသဘောဆန္ဒအလျောက် နေရင်းနိုင်ငံ ပြန်နေကြတာ ဇွန်လ ၁၇ ရက်နေ့အထိ စုစုပေါင်း ၁ သိန်း ၄ သောင်းရှိသွားပြီလို့ ထိုင်းသတင်းတွေမှာ ဖော်ပြပါတယ်။

ထိုင်းနိုင်ငံမှာ မြန်မာ၊ လော နဲ့ ကမ္ဘောဒီးယား ၃ နိုင်ငံက ရွှေ့ပြောင်းအလုပ်သမားပေါင်း ၂ သန်းကျော်ရှိပြီး အဲဒီထဲမှာ မြန်မာက ၁ သန်း ၇ သိန်းကျော်၊ ကမ္ဘောဒီးယားက ၄ သိန်းနီးပါး နဲ့ လောနိုင်ငံသားက ၁ သိန်းနီးပါး ရှိတယ်လို့  ထိုင်းအလုပ်သမားဝန်ကြီးဌာန ၀က်ဘ်ဆိုက်မှာ ဖော်ပြထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013