
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်နဲ့ တရုတ်သမ္မတ ရှီကျင့်ဖျင်တို့အကြား အခုလအစောပိုင်းက ထိပ်သီးအစည်းအဝေးအပြီးမှာ ၂ နိုင်ငံအကြား တင်းမာမှုတချို့ လျော့ပါးသွားပေမဲ့ ဖိလစ်ပိုင်က တရုတ်ရဲ့ ပြင်းထန်တဲ့ ခြိမ်းခြောက်မှုအောက်မှာ ရှိနေဆဲပဲလို့ ဖိလစ်ပိုင်ကာကွယ်ရေးဝန်ကြီးက မေ ၃၀ ရက်မှာ ပြောပါတယ်။
ဖိလစ်ပိုင်ကာကွယ်ရေးဝန်ကြီး ဂီလ်ဘာတို တီယိုဒိုရိုက ရိုက်တာသတင်းဌာနနဲ့ အင်တာဗျူးမှာ ပြောလိုက်တာဖြစ်ပြီး အမေရိကန်နဲ့ တရုတ်တို့လို နိုင်ငံတွေက တင်းမာမှုတွေကို လျှော့ချဖို့ ကြိုးစားတာက သဘာဝကျတယ်လို့လည်း သူက ပြောပါတယ်။
ဒါပေမဲ့ ဖိလစ်ပိုင်လို နိုင်ငံတွေအတွက် နယ်မြေပိုင်ဆိုင်မှုနဲ့ နိုင်ငံရေးအရပါ တရုတ်နိုင်ငံရဲ့ ခြိမ်းခြောက်မှုကို ခံနေရပြီး တရုတ်ရဲ့ ကျူးကျော်မှုကို ခုခံတွန်းလှန်ဖို့ကလွဲလို့ ရွေးချယ်စရာမရှိဘူးလို့လည်း သူက ဆက်ပြောပါတယ်။
တီအိုဒိုရိုက “ကျနော့်နိုင်ငံအပေါ် ကျနော့်ရဲ့တာဝန်အတွက် ကျနော် လုပ်နေတဲ့အရာကို ဆက်လုပ်နေတာ အကောင်းဆုံးပါပဲ”လို့ ပြောပါတယ်။
အမေရိကန်နဲ့ အပြန်အလှန်ကာကွယ်ရေးစာချုပ်ရှိတဲ့ ဖိလစ်ပိုင်နဲ့ တရုတ်တို့ဟာ မကြာသေးမီနှစ်တွေအတွင်း တောင်တရုတ်ပင်လယ်မှာ ရေကြောင်း ပဋိပက္ခတွေ အတော်များများ ဖြစ်ခဲ့တာပါ။
၂၀၁၆ ခုနှစ်မှာ နိုင်ငံတကာ ခုံသမာဓိရုံးရဲ့ ဆုံးဖြတ်ချက်က တရုတ်ရဲ့ တောင်းဆိုချက်တွေကို ပျက်ပြယ်စေခဲ့ပေမဲ့ တရုတ်ပြည်မကြီးအစိုးရက ပိုင်ဆိုင်မှုအဖြစ် အပြည့်အဝ ပိုင်ဆိုင်တယ်လို့ အခိုင်အမာ ပြောနေဆဲပါ။
အာရှရဲ့ အကြီးဆုံးကာကွယ်ရေးဖိုရမ် ဖြစ်ပြီး စင်ကာပူနိုင်ငံမှာ ကျင်းပတဲ့ ရှန်ဂရီလာဆွေးနွေးပွဲနဲ့ ဆက်စပ်တဲ့ မိန့်ခွန်းအတွင်း တီယိုဒိုရိုက အမေရိကန်ရဲ့ ဖိလစ်ပိုင်အပေါ် ကတိကဝတ်ဟာ ထရမ့်ပ်-ရှီ ထိပ်သီးအစည်းအဝေး ဒါမှမဟုတ် အရှေ့အလယ်ပိုင်း စစ်ပွဲကြောင့် ထိခိုက်ခံရရင် အဓိပ္ပာယ်မရှိဘူးလို့ ပြောပါတယ်။
သမ္မတ ဖာဒီနန်မားကို့စ်ဂျူနီယာရဲ့ သမ္မတသက်တမ်း ကုန်ဆုံးမဲ့ ၂၀၂၈ ခုနှစ် သမ္မတရွေးကောက်ပွဲမှာ တီယိုဒိုရိုဟာ ဖိလစ်ပိုင်ရဲ့ သမ္မတရွေးကောက်ပွဲမှာ ဝင်ပြိုင်ဖို့ အလားအလာရှိတဲ့ ကိုယ်စားလှယ်လောင်းတယောက်လည်း ဖြစ်တယ်လို့ သတင်းတွေက ဖော်ပြပါတယ်။
Source: Reuters










