DVB Logo
Home
မြန်မာသတင်း
ဟွန်ဒါဆိုင်ကယ် အရောင်းပြခန်း အယောင်ဆောင်ပြီး အွန်လိုင်းမှ ငွေကြေးလိမ်လည်နေ
DVB
·
April 6, 2023
ဟွန်ဒါဆိုင်ကယ် အရောင်းပြခန်း အယောင်ဆောင်ပြီး အွန်လိုင်းမှ ငွေကြေးလိမ်လည်နေ
Donate to DVB

မြန်မာပြည်တွင်းမှာ စျေးနှုန်းသက်သာပြီး အရည်အသွေးကောင်းတဲ့ ဆိုင်ကယ်တွေ၊ အရောင်းပြခန်းတွေ ဘန်းပြကာ ဆိုင်ကယ်ဝယ်သူတွေကို ပစ်မှတ်ထားပြီး ငွေကြိုလွှဲစနစ်နဲ့ ငွေကြေးလိမ်လည်မှုတွေရှိနေတယ်လို့ ကိုယ်တွေ့ကြုံရသူတွေထံက သိရပါတယ်။

မြဝတီမြို့၊ ဘားအံမြို့နဲ့ တာချီလိတ်မြို့တွေမှာ ဖွင့်လှစ်ထားတယ်ဆိုပြီး Honda Showroom အမည်ခံ ဖေ့စ်ဘွတ်ခ်စာမျက်နှာကနေ ယိုးဒယားနိုင်ငံထုတ် ဆိုင်ကယ်တွေ၊ သုံးဘီးဘက်ထရီဆိုင်ကယ်ပုံတွေတင်ပြီး လက်ရှိကာလပေါက်စျေးထက် သက်သာတဲ့ စျေးနှုန်းတွေနဲ့ ပြည်သူလူထုကို မက်လုံးပေးပြီး ငွေကြေးလိမ်လည်နေတာလို့ သိရပါတယ်။

ဆိုင်ကယ်ဝယ်ယူရာမှာလည်း အိမ်ရောက်ငွေချေစနစ်မရဘဲ အနည်းဆုံး ၃ သိန်းကျပ်ကနေ ၁၀ သိန်းကျော်အထိကို Wave Money, KBZ Pay တို့ကတဆင့် ငွေကြိုလွှဲပေးရပြီး ငွေလွှဲလက်ခံပြီးတာနဲ့ ဆိုင်ကယ်ဝယ်သူတွေရဲ့ အကောင့်ကို ဘလော့တာ၊ ဖုန်းစက်ပိတ်လိုက်တာတွေ လုပ်တယ်လို့ ကိုယ်တိုင်ကြုံခဲ့ရသူတဦးက ပြောပါတယ်။

“၇ လပိုင်း ၁ ရက်နေ့က Honda MWD Showroom ကနေ Honda Alpha 110 ဝယ်တော့ ငွေကြိုလွှဲရမယ်ပြောလို့ သုံးသိန်းကို wave money နဲ့ လွှဲပေးလိုက်တာ။ ပစ္စည်းပို့ပြီးမပြီး ဖုန်းဆက်မေးတော့ ဖုန်းကိုမကိုင်တော့ဘူး။ ဆိုင်ကယ်မှာတဲ့ အကောင့်ကိုလည်း ဘလော့သွားတာ” လို့ ကိုယ်တိုင်ကြုံရတဲ့ အမျိုးသမီးတဦးက ပြောပါတယ်။

မြဝတီဒေသခံတဦးကလည်း “Honda showroom နာမည်နဲ့ဆိုရင် သတိထားကြဖို့၊ မြဝတီမှာက Showroom ပိတ်ထားတာကြာပြီ၊ အရင်ဖွင့်ခဲ့တဲ့နေရာကိုလည်း ရောင်းချဖို့ စာကပ်ထားတာဖြစ်တယ်” လို့ သတိပေး ပြောဆိုပါတယ်။

နေပြည်တော်ကနေ ဝယ်ယူခဲ့တဲ့ အမျိုးသားတဦးက “ပြီးခဲ့တဲ့ ဇွန်လ ၁၆ ရက်ကလည်း မြဝတီက Honda myanmar showroom Page မှာ 50cc ဆိုင်ကယ်တစီးကို ၆ သိန်းကျပ်နဲ့ တင်ထားတာတွေ့လို့ ဝယ်ဖို့မေးတော့ kpay နဲ့ ငွေလွှဲရောက်မှ ဆိုင်ကယ်ကို ကားနဲ့တင်ပို့ပေးမယ် ပြောတယ်။ ၆ သိန်းတိတိလွှဲပြီး ခဏလေးပဲရှိသေးတယ်၊ ဖုန်းရော မက်ဆင်ဂျာရော အားလုံးကို ဘလော့သွားတာ” လို့ ပြောပါတယ်။

တာချီလိတ် ဒေသခံတဦးက “ဖေဖော်ဝါရီ ၂၀ ရက်က သူတို့တင်ထားတဲ့ Honda Myanmar ကို မယုံလို့ လူကိုယ်တိုင် တာချီလိတ် ပုန်းထွန် ၁ လမ်းထိ သွားခဲ့တယ်။ ပုန်းထွန် ၁ လမ်းမှာ အမှတ် ၂၈ ဆိုတာလည်း မရှိဘူး။ တာချီလိတ်မှာ အိမ်အမှတ်တွေက အကုန်လုံး မျဥ်းစောင်းနဲ့ပဲ၊ အဲ့နားရောက်တော့ ဖုန်းကို မကိုင်တော့တာ၊ ပုန်းထွန် ၁ လမ်းမှာ ဘာဆိုင်ကယ် showroom မှ မရှိဘူး” လို့ ပြောပါတယ်။

အခုလို ငွေကြေးလိမ်လည်မှုတွေ ပြုလုပ်နေတဲ့ Honda Showroom အမည်ခံ ဖေ့စ်ဘွတ်ခ်စာမျက်နှာတွေကို လူမှုကွန်ရက်စာမျက်နှာ အသုံးပြုသူ တော်တော်များများ Like နဲ့ Follow အများအပြား လုပ်ထားတာကိုလည်း တွေ့ရပါတယ်။

မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းပြီးနောက် နိုင်ငံအနှံ့အပြားမှာ အုပ်စုဖွဲ့လုယက်မှုတွေ၊ ဓားပြတိုက်မှုတွေ၊ အွန်လိုင်းကနေတဆင့် ငွေကြေးလိမ်လည်မှု စတဲ့ ဒုစရိုက်မှုမျိုးစုံ ရှိနေတာဖြစ်ပါတယ်။

စစ်ကောင်စီအနေနဲ့ အခုလို ပြည်သူတွေကြုံတွေ့နေရတဲ့ ဒုစရိုက်မှုတွေနဲ့ မလုံခြုံမှုတွေကို အရေးယူဖြေရှင်းပေးနိုင်ခြင်း မရှိဘဲ လျစ်လျူရှုထားလို့ ဝေဖန်မှုတွေလည်း ရှိနေပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013