DVB Logo
Home
Lead Story
စစ်တပ်ဟာ နိုင်ငံ့မူဝါဒ ချမှတ်ရမယ့် အဖွဲ့အစည်းမဟုတ်
DVB
·
April 5, 2023
စစ်တပ်ဟာ နိုင်ငံ့မူဝါဒ ချမှတ်ရမယ့် အဖွဲ့အစည်းမဟုတ်
Donate to DVB

ပြီးခဲ့တဲ့ ရက်သတ္တပတ်အတွင်း မြန်မာစစ်တပ်နဲ့ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေကြား တိုက်ခိုက်မှုတွေ ပြင်းထန်လာခဲ့ပြီးနောက် မြန်မာ-ထိုင်း နယ်စပ်က အခြေအနေတွေဟာ ပိုပိုပြီး စိုးရိမ်စရာ ဖြစ်လာနေကြောင်း ဘန်ကောက်ပို့စ်သတင်းစာ အယ်ဒီတာ့အာဘော်မှာ ရေးပါတယ်။

အခြေအနေ အတော်ဆိုးတာကြောင့် တာ့ခ်ခရိုင်  အုပ်ချုပ်ရေး အာဏာပိုင်တွေက မဲဆောက်-မြဝတီ နယ်စပ်ဖြတ်ကူးတံတားကို ပိတ်ထားခိုင်းခဲ့တာကြောင့် အကျိုးဆက်အနေနဲ့ ပြီးခဲ့တဲ့ ရုံးပိတ်ရက်မှာ အရောင်းအဝယ်ကောင်းတဲ့ နယ်စပ်ကုန်သွယ်ရေးလုပ်ငန်းတွေ ရပ်တန့်သွားခဲ့ရပါတယ်။

ပြီးခဲ့တဲ့ ကြာသပတေးနေ့မှာလည်း မဲဆောက်နယ်မြေအတွင်းက လေးထပ်တိုက် အဆောက်အဦတခုကို ထိုင်းစစ်တပ်က ဝင်ရောက်စီးနင်းစဉ်မှာ မြန်မာနိုင်ငံသား ၁၀၀ ကျော် ဖမ်းဆီးခံခဲ့ရပါတယ်။ သူတို့နဲ့အတူ စစ်ဝတ်စုံတွေ၊ တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ တံဆိပ်ပါ လက်ပတ်တွေ၊ ဒရုန်းတွေ၊ ဆေးဝါးနဲ့ ကုသရေးပစ္စည်းတွေနဲ့ ကျည်ဆန်တွေကိုပါ ဖမ်းဆီးရရှိခဲ့တယ်လို့ ဆိုပါတယ်။ အဲဒီဖြစ်စဉ်မှာ အမျိုးသား ၅၃ ဦး၊ အမျိုးသမီး ၄၀ ဦးနဲ့ ကလေးငယ်တွေကို တရားမဝင် နယ်စပ်ဖြတ်ကျော်ဝင်ရောက်မှုနဲ့ ဖမ်းဆီးထားကြောင်း သိရပါတယ်။ အဲဒီထဲက တချို့ဟာ မြန်မာစစ်ကောင်စီက အလိုရှိနေသူတွေဖြစ်ပြီး လောလောဆယ်မှာတော့ ထိုင်းမှာပဲ ဖမ်းဆီးထားဆဲဖြစ်တယ်လို့ ထိုင်းအာဏာပိုင်တွေက ပြောပါတယ်။

မြန်မာ့အထူးစီးပွားရေးဇုန်ရှိရာ မြဝတီနဲ့ ကီလိုမီတာ ၂၀ ခန့်အကွာမှာ တည်ရှိတဲ့ မဲဆောက်ဟာ အခုနှစ်ပိုင်းတွေအတွင်းမှာ မြန်မာနိုင်ငံက ရွှေ့ပြောင်းနေထိုင်သူတွေ စုဝေးရာဒေသ ဖြစ်လာခဲ့ပါတယ်။ ၂၀၂၁ ခုနှစ်မှာ စစ်တပ်က အာဏာသိမ်းလိုက်ပြီးနောက်ပိုင်း မဲဆောက်ဟာ မြန်မာ့တော်လှန်ရေးတပ်ဖွဲ့တွေ နိုင်ငံခြားထောက်ပံ့ကူညီမှု ရယူတဲ့နေရာ ဖြစ်လာတယ်လို့ ဒေသခံ လုံခြုံရေးဝန်ထမ်းတဦးက ပြောပါတယ်။

မည်သို့ပင်ဆိုစေ ဒီလိုစွပ်စွဲချက်တွေနဲ့ သံသယတွေ ရှင်းလင်းသွားအောင် စုံစမ်းစစ်ဆေးမှုတွေ ဆောင်ရွက်ရမှာဖြစ်ပြီး ထိုင်းအာဏာပိုင်တွေကလည်း ဒီကိစ္စကို တရားဥပဒေအတိုင်းသာ ဆောင်ရွက်ရမှာ ဖြစ်တယ်လို့ ဘန်ကောက်ပို့စ်မှာ  ရေးသားထားပါတယ်။

တင်းကျပ်တဲ့ စောင့်ကြည့်မှုအားနည်းတဲ့ မြန်မာ-ထိုင်း နယ်စပ်တလျှောက်က အခြေအနေတွေဟာ အမြင်အတိုင်း သုံးသပ်လို့မရအောင် ရှုပ်ထွေးပါတယ်။ ဒေသခံ ထိုင်းတွေနဲ့ ထိုင်းအရာရှိတွေကို အသုံးချပြီး မူးယစ်ဆေးဝါး၊ သဘာဝတောရိုင်းထုတ်ကုန်နဲ့ တရားမဝင် ကျွန်းသစ်တွေကို မှောင်ခိုရောင်းဝယ်တာအပြင် လူကုန်ကူးတာတွေကို ရာဇဝတ်မှု ကျူးလွန်သူတွေက နယ်စပ်တလျှောက် လုပ်ကိုင်နေခဲ့ကြတာ နှစ်ပေါင်းများစွာကြာခဲ့ပြီ ဖြစ်ပါတယ်။

အခုဖမ်းဆီးခံရတဲ့ သံသယရှိသူတွေကို ထိုင်းနိုင်ငံအတွင်းမှာပဲ ရုံးတင်တရားစွဲဆိုကာ သူတို့ကိုလည်း တရားဥပဒေအတိုင်း ခုခံချေပခွင့်ပေးဖို့ အလွန်အရေးကြီးပါတယ်။ သူတို့အတွက် အသက်သေလောက်သည်အထိ အန္တရာယ်များတဲ့ မြန်မာနိုင်ငံဘက်ကို လုံးဝပြန်ပို့လို့ မဖြစ်ပါဘူး။

ထိုင်းလုံခြုံရေးဝန်ထမ်းတွေအနေနဲ့ အခုနှစ် ဖေဖော်ဝါရီလ ၂၂ ရက်နေ့မှာ ထုတ်ပြန် အတည်ပြုခဲ့တဲ့ တရားမဝင် တိတ်တဆိတ် ဖမ်းဆီးခေါ်ဆောင်သွားတာနဲ့ နှိပ်စက်ညှဉ်းပန်းတာတွေကို တားဆီးကာကွယ်ရေး ဥပဒေအတိုင်း လိုက်နာဆောင်ရွက်ဖို့ လိုပါတယ်။

ဒီညှဉ်းပန်းနှိပ်စက်မှုဆန့်ကျင်ရေး ဥပဒေသစ်ဟာ ဒုက္ခသည်များဆိုင်ရာ သဘောတူညီချက်ကို ထောက်ပံ့အားဖြည့်ပေးတဲ့ ကုလသမဂ္ဂရဲ့ ညှဉ်းပန်းနှိပ်စက်မှုဆန့်ကျင်ရေး သဘောတူညီချက်မှာ ထိုင်းက ပါဝင်လက်မှတ်ရေးထိုးခဲ့ခြင်းပေါ်မှာ မူတည်ပြီး ဖြစ်ပေါ်လာခဲ့တာ ဖြစ်ပါတယ်။

အဲဒီဥပဒေမှာ မိမိနိုင်ငံ ပြန်ရောက်တဲ့အခါ နှိပ်စက်ခံရနိုင်ခြေ ရှိသူတွေကို ဖိအားပေး နေရပ်ပြန်ပို့ခြင်း မပြုရဘူးလို့ သတ်မှတ်ဖော်ပြထားပါတယ်။ ဒါဟာ ထိုင်းနိုင်ငံရဲ့ဥပဒေမှာ ဖိအားပေး နေရပ်ပြန်ပို့ခြင်းကို ပထမဆုံးတားမြစ်တဲ့ ဥပဒေလည်း ဖြစ်ပါတယ်။ အာဏာပိုင် အရာရှိတွေ၊ ရဲတွေနဲ့ စစ်သားတွေဟာ လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ ဥပဒေတွေနဲ့ လုံခြုံရေးမူဝါဒဆိုင်ရာ ဥပဒေတွေကို အကြောင်းပြပြီး ဖိအားပေး နေရပ်ပြန်ပို့တာတွေ လုပ်လို့မရတော့ပါဘူး။

သို့သော်လည်း ဒီဥပဒေရှိနေတာကို မသိကျိုးကျွံပြုနေတဲ့ ထိုင်းအစိုးရဟာ မြန်မာစစ်တပ်နဲ့ ရင်းနှီးတဲ့ဆက်ဆံရေး ရှိနေတာဟာလည်း စိုးရိမ်စရာကောင်းတဲ့ အခြေအနေတခု ဖြစ်ပါတယ်။

အဲဒီဥပဒေသစ်ကို အတည်မပြုခင် တလအလို ဇန်နဝါရီလ ၂၀ ရက်မှာပဲ ထိုင်းကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး ချလိုမ်ဖွန်း ဆီဆဝပ်ဟာ မြန်မာစစ်ခေါင်းဆောင်နဲ့ မြန်မာနိုင်ငံမှာတွေ့ဆုံပြီး သဘောတူညီမှုစာချုပ် အမြောက်အမြားကို လက်မှတ်ရေးထိုးခဲ့ကြပါတယ်။

အဲဒီသဘောတူညီမှုတွေထဲက တခုက မြန်မာနိုင်ငံရဲ့ ပဋိပက္ခတွေကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးခဲ့ကြတဲ့ ဒုက္ခသည်တွေကို ထိုင်းစစ်တပ်က မြန်မာနိုင်ငံကို ပြန်လည်ပို့ဆောင်ပေးဖို့ ဖြစ်ပါတယ်။

အတင်းအကျပ် ဖိအားပေး နေရပ်ပြန်ပို့ခြင်းကို တားမြစ်တဲ့ ဥပဒေကို ထိုင်းအစိုးရက ထုတ်ပြန်လုဆဲဆဲမှာ လက်မှတ်ရေးထိုးခဲ့ကြတဲ့ လက်နက်ကိုင်တပ်ဖွဲ့နှစ်ခုရဲ့ သဘောတူညီချက်ဟာ ထိုင်းဥပဒေကို ပြောင်ပြောင်တင်းတင်းပဲ ဖောက်ဖျက်ရာ ကျပါတယ်။

မြန်မာနိုင်ငံရဲ့ နိုင်ငံရေးအခြေအနေဟာ ပိုမိုဆိုးရွား ပြင်းထန်လာတာနဲ့အမျှ ထိုင်းအစိုးရဟာ မြန်မာနိုင်ငံနဲ့ပတ်သက်တဲ့ အခြေအနေအရပ်ရပ်ကို ကိုင်တွယ်ရာမှာ လူသားချင်း စာနာထောက်ထားမှု အခြေခံသဘောတရားတွေနဲ့ နိုင်ငံတွင်း ပြဋ္ဌာန်းထားတဲ့ ဥပဒေတွေအတိုင်း ဆောင်ရွက်သွားဖို့ လိုပါတယ်။ ထိုင်းနိုင်ငံရဲ့ နိုင်ငံခြားရေးနဲ့ နယ်စပ်ရေးရာ မူဝါဒတွေကို မြန်မာစစ်တပ်နဲ့ ထိုင်းစစ်တပ်ကြားထဲက ရင်းနှီးမှုအပေါ်မူတည်ပြီး ဆုံးဖြတ်လို့ မရပါဘူး။

ဥဿာဆန်း 

Ref: Bangkok Post

( ထိုင်းနိုင်ငံထုတ် ဘန်ကောက်ပို့စ်သတင်းစာမှာ ရေးသားဖော်ပြထားတဲ့ “Army mustn’t dictate policy” အယ်ဒီတာ အာဘော်ကို ဘာသာပြန်ဖော်ပြခြင်းဖြစ်သည်။)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013