အရာတော်မြို့နယ် ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) ရဲ့ ကျောင်းသားထုအခွင့်အရေး တာဝန်ခံဖြစ်တဲ့ ဗကသရဲဘော် ကိုထက်အောင်ထွန်းကို စစ်ကောင်စီတရားရုံးက ထောင်ဒဏ် ၁၁ နှစ် မတရားအမိန့်ချမှတ်လိုက်တယ်လို့ ဗကသ အဖွဲ့က ဧပြီ ၄ ရက်မှာ ထုတ်ပြန်ပါတယ်။
ကိုထက်အောင်ထွန်းကို မုံရွာမြို့နယ်တရားရုံးက မတရားစွဲဆိုထားတဲ့ ရာဇသတ်ကြီးပုဒ်မ ၅၀၅(က)၊ ၅၀(ည) ပုဒ်မ တို့နဲ့ မတ် ၂၉ ရက်က ထောင်ဒဏ် ၁၁ နှစ် အမိန့်ချလိုက်သလို ကိုထက်အောင်ထွန်းရဲ့ဇနီး မခိုင်ဇာလင်းကိုလည်း ထောင်ဒဏ် ၅ နှစ် အမိန့်ချလိုက်တယ်လို့ ဆိုပါတယ်။
ဗကသရဲဘော် ကိုထက်အောင်ထွန်းနဲ့ ဇနီးဖြစ်သူ မခိုင်ဇာလင်းတို့ဟာ ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလ ၆ ရက်က အရာတော်-မုံရွာလမ်းမမှာ စစ်တပ်ရဲ့ အကြမ်းဖက် ဖမ်းဆီးခြင်းခံခဲ့ရတာဖြစ်ပြီး လက်ရှိ မုံရွာအကျဉ်းထောင်မှာ အကျဉ်းကျခံနေရတယ်လို့ ဗကသ ထုတ်ပြန်ချက်အရ သိရပါတယ်။