Home
မြန်မာသတင်း
သထုံခရိုင် လ.ဝ.က ရုံး မီးရှို့ခံရ
DVB
·
April 4, 2023
339807683_780659440354392_2718602843183379509_n
336649495_879744709988906_5660982143513689190_n
339410868_239045955322981_4036449658642755741_n

မွန်ပြည်နယ်၊ သထုံမြို့ အောက်ကျင်းရပ်ကွက်ရှိ သထုံခရိုင် လူမှုဝင်မှုကြီးကြပ်ရေးဦးစီးဌာန လ.ဝ.ကရုံးဟာ မနေ့ ဧပြီ ၃ ရက် နေ့လယ် ၃ နာရီခွဲလောက်မှာ မီးရှို့ခံလိုက်ရတယ်လို့ ဒေသခံတွေနဲ့ စစ်ကောင်စီ ဌာနဆိုင်ရာ ဝန်ထမ်းတွေက ပြောပါတယ်။

သထုံမြို့လယ်ကောင်မှာရှိတဲ့ လ,ဝ.က ရုံးထဲ လက်နက်ကိုင်ထားတဲ့ အမျိုးသား ၅ ဦး ဝင်ရောက်လာပြီး ရုံးထဲမှာရှိနေတဲ့ ရုံးဝန်ထမ်း ၄ ဦးကို လက်ပြန်ကြိုးတုပ်ပြီးနောက် နှစ်ထပ်ရုံး အဆောက်အဦ နေရာအနှံ့ မီးရှို့ကာ ပြန်လည်ထွက်ခွာသွားတယ်လို့ ဆိုပါတယ်။

လ.ဝ.ကရုံး မီးရှို့ခံရတာကြောင့် အဆောက်အဦ တခုလုံးနီးပါး မီးလောင်ပျက်စီးခဲ့ပြီး ရုံးအနီးက နေအိမ် ၂ လုံးမှာလည်း မီးအနည်းငယ် ကူးစက်လောင်ကျွမ်းမှု ဖြစ်ပေါ်ခဲ့ပါတယ်။

စစ်တပ်ထောက်ခံသူ တယ်လီဂရမ်အကောင့်မှာတော့ လ.ဝ.က ရုံး မီးရှို့ဖျက်ဆီးမှုကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF တွေ လုပ်ဆောင်ခဲ့တာလို့ ဝါဒဖြန့်တာတွေ ရှိနေပါတယ်။

သထုံခရိုင် PDF တာဝန်ခံ ကိုအေးမင်းထွန်းကတော့ လ.ဝ.က ရုံး မီးရှို့မှုကို လုပ်ဆောင်ခဲ့တာ မရှိကြောင်းနဲ့ ပြည်သူပိုင်နေအိမ်တွေတဲ့ နီးကပ်တဲ့ အဆောက်အဦတွေနဲ့ ပြည်သူပိုင် ပစ္စည်းတွေကို မီးရှို့တာတွေ လုပ်ဆောင်မှာ မဟုတ်ဘူးလို့ ဒီဗွီဘီကို ပြောပါတယ်။

လုံခြုံရေးတင်းကျပ်ထားတဲ့ သထုံမြို့ရဲ့ မြို့လယ်ကောင်မှာရှိတဲ့ သထုံခရိုင် လ.ဝ.က ရုံး မီးရှို့ခံရတဲ့ ဖြစ်စဉ်အပေါ်  ဒေသခံတွေကြားမှာ သုံးသပ်ချက်အမျိုးမျိုး ထွက်ပေါ်နေပါတယ်။

သထုံခရိုင် လ.ဝ.က ရုံးဟာ စစ်တပ်အာဏာသိမ်းပြီးနောက် ဒေသခံပြည်သူတွေထံကနေ ငွေကြေး အဆမတန် တောင်းယူတာတွေ ရှိနေတဲ့အတွက် ၂ ကြိမ်တိုင် ဗုံးဖောက်ခွဲ သတိပေးခံထားရဖူးပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024