DVB Logo
Home
မြန်မာသတင်း
ရန်ကုန်​လေဆိပ်တွင် Grab တက္ကစီများကြောင့် အခြားတက္ကစီသမားများ မကျေမနပ်ဖြစ်
DVB
·
April 3, 2023
ရန်ကုန်​လေဆိပ်တွင် Grab တက္ကစီများကြောင့် အခြားတက္ကစီသမားများ မကျေမနပ်ဖြစ်
Donate to DVB

ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှာ ဧပြီ ၃ ရက်ကစပြီး Grab တက္ကစီတွေ ဝင်ရောက်နေရာယူနေတာကြောင့် နစ်နာဆုံးရှုံးမှုတွေနဲ့ ကြုံနေရတယ်လို့ လွန်ခဲ့တဲ့နှစ်ပေါင်းများစွားကတည်းက လေဆိပ်မှာ အခြေချ ပြေးဆွဲနေတဲ့ တခြားတက္ကစီ ယာဉ်မောင်းတွေက ပြောပါတယ်။

ရန်ကုန်လေဆိပ်မှာ အထိုင်ချ ပြေးဆွဲနေတဲ့ အငှားယာဉ်မောင်းအသင်းဝင်တဦးက “ပုံမှန်လည်ပတ်နေတဲ့နေရာကို Grab က စီးပွားဝင်လုတာမျိုးဖြစ်တယ်။ ပြီးတော့ Grab နဲ့ဆိုရင် ကားငှားဖို့ဆိုရင်တောင် လုပ်ရမယ့်အဆင့်တွေကလည်း ပိုများလာနိုင်တယ်။ ပိုပြီးကြန့်ကြာသွားတယ်။ တကယ်နစ်နာတဲ့သူကလည်း ခရီးသည်တွေပဲ ဖြစ်နေမှာ” လို့ ပြောပါတယ်။

အခုရက်ပိုင်းမှာ အရင်ဆွဲနေကျ အပြင်ကားသမားတွေလူခေါ်တဲ့နေရာတွေကို Grab ကားတွေ အကုန်ဝင်ပြီး ရပ်ထားတဲ့အခြေအနေဖြစ်နေပြီး  လေဆိပ်လုံခြုံရေးတွေတော့ ကားရပ်ထားခွင့်မရှိကြောင်း တားမြစ်ထားတယ်လို့ ဆိုပါတယ်။။

“လက်ရှိဖြစ်နေတာက ပြီးခဲ့တဲ့ တလလောက် Grab Taxi က ကျနော်တို့ဆီလာပြီးတော့ Grab နဲ့ ပူးပေါင်းမယ်ဆိုပြီး အသင်းအစည်းအဝေးက ညွှန်ကြားလာတာတွေ ရှိခဲ့တယ်။ မနေ့ကစပြီး Grab နဲ့ ကျနော်တို့အသင်းက အစမ်းစဆွဲတယ်။ ဒါပေမဲ့ ကျနော်တို့က Application တွေနဲ့ ဆွဲနေတာမဟုတ်တော့ သုံးနည်းကို သိပ်နားမလည်ဘူး။ အဲ့ဒါကို Grab က ပူးပေါင်းဆောင်ရွက်မှု မရှိဘူး ဆိုပြီးတော့ ကျနော်တို့ ဒီနေ့မှာ ဆွဲနေတဲ့ Grab အကောင့်တွေကို ဘန်းပစ်လိုက်တယ်။ ဖွင့်လို့ကို မရတော့ဘူး။ ပြီးတော့ လေဆိပ်မှာ ကျနော်တို့ အမြဲတမ်း တန်းစီနေတဲ့ နေရာတွေကို Grab ကားတွေက နေရာယူလိုက်တယ်။ ပြောရရင်တော့ နေရာဝင်လုတာပေါ့။ ခင်ဗျားကောင်တာလည်း ခင်ဗျားတို့နဲ့ မဆိုင်တော့ဘူး။ နေရာကိုလည်း Grab က ယူလိုက်ပြီဆိုတဲ့ ပုံစံမျိုးပေါ့။ ဆိုင်းဘုတ်တွေချတယ်၊ လာသမျှ Grab ကားတွေမှာ တံဆိပ်တွေ အကုန်ကပ်ချလိုက်တယ်။ အခုလက်ရှိ တသက်လုံးဆွဲလာတဲ့ အစီး ၂၀၀ လောက် ကျနော်တို့က ငုတ်တုတ်ထိုင်နေရတယ်။”

ရန်ကုန်မြို့က တက္ကဆီယာဉ်မောင်းတဦးကလည်း “အများသူငါလုပ်နေတဲ့ စီးပွားရေးကို အခုလို ခြယ်လှယ်တာမျိုးတော့ မကောင်းဘူးပေါ့။ ကျနော်တို့ လေဆိပ်ရောက်တဲ့အခါ အော်ဒါရတဲ့အခါ တင်ချင်လည်း တင်မှာပေါ့။ Grab အနေနဲ့ ကုမ္ပဏီထောင်တာ၊ အသင်းဝင် ပြေးဆွဲနေတာတွေကို ကျနော်တို့ လက်ခံနိုင်ပေမဲ့ လေဆိပ်မှာ အခုလိုလုပ်လိုက်တာကတော့ တော်တော်လေး အဆင်မပြေဖြစ်ရတယ်” လို့ ပြောပါတယ်။

တက္ကဆီအငှားယာဉ်မောင်းတဦးကလည်း  “တခြားယာဉ်မောင်းတွေအတွက်လည်း အများကြီးထိခိုက်တယ်။ ကျနော်တို့ လေဆိပ်ရောက်လို့ အော်ဒါရတဲ့အခါလည်း တင်ချင်တာပဲလေ။ ပြောမယ်ဆိုရင် အပြင်တက္ကစီသမားတွေရဲ့ စီးပွားရေးကို တုတ်နဲ့ထိုးတာပဲ။ တက္ကစီသမားတွေ အကုန်လုံးကို တုတ်နဲ့ထိုးချလိုက်တာနဲ့ အတူတူပဲ။ ဒီကိစ္စက ဘယ်လိုမှ အားပေးစရာအကြောင်းမရှိဘူး” လို့ ပြောပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်လို့  Grab တက္ကစီ ဘက်က တာဝန်ရှိသူတွေကိုတော့ ဆက်သွယ်မေးမြန်းနိုင်ခြင်း မရှိသေးပါဘူး။

လတ်တလောအနေနဲ့ ရန်ကုန်လေဆိပ်မှာ Grab တက္ကစီကလွဲပြီး တခြားတက္ကစီတွေ ပြေးဆွဲခွင့်မရှိတော့ဘူးလို့ တားမြစ်တဲ့စာ ထုတ်ပြန်ထားတာ မရှိသေးပါဘူး။

ဒီကိစ္စ Grab ဘက်က လေဆိပ်အသင်းတက္ကဆီတွေနဲ့ လာညှိတာမျိုးတွေ မလုပ်သေးလို Grab တွေကို ရန်ကုန် တိုင်းမှူးရဲ့ခွင့်ပြုချက်နဲ့ လုပ်ဆောင်တာလို့လည်းဆိုပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013