DVB Logo
Home
မြန်မာသတင်း
အမေရိကန်ရေတပ်သိပ္ပံနည်းပညာပြပွဲတွင် မြန်မာအမျိုးသမီး ဦးဆောင်သည့် 360Ed နည်းပညာလုပ်ငန်း ပါဝင်ပြသ
DVB
·
April 3, 2023
အမေရိကန်ရေတပ်သိပ္ပံနည်းပညာပြပွဲတွင် မြန်မာအမျိုးသမီး ဦးဆောင်သည့် 360Ed နည်းပညာလုပ်ငန်း ပါဝင်ပြသ
Donate to DVB

အမေရိကန်ရေတပ်က စီစဉ်တဲ့သိပ္ပံနည်းပညာပြပွဲမှာ မြန်မာအမျိုးသမီးတယောက် ဦးဆောင်လုပ်ကိုင်နေတဲ့   360Ed နည်းပညာလုပ်ငန်းလည်း ဖိတ်ကြားခံရပြီး ကလေးတွေအတွက် သိပ္ပံနည်းပညာသင်ကြားရေးဆိုင်ရာ  ထုတ်ကုန်တွေ ပါဝင်ပြသခဲ့ပါတယ်။

အမေရိကန်ရေတပ်က ကျောင်းသားလူငယ်တွေအတွက်စီစဉ်တဲ့ ၆ ကြိမ်မြောက် သိပ္ပံနဲ့ နည်းပညာပြပွဲကို ဒေသစံတော်ချိန် ဧပြီ ၂ ရက်က အမေရိကန်ပြည်ထောင်စု၊ မြို့တော်ဝါရှင်တန်ဒီစီ၊ National Harbor, Gaylord National Convention Centerမှာ ကျင်းပခဲ့ပါတယ်။

ဒီပြပွဲမှာပါဝင်ဖို့ အမေရိကန်ရေတပ်ဗိုလ်ချုပ်တွေက မြန်မာပိုင် 360Ed နည်းပညာ လုပ်ငန်းကို ဖိတ်ကြားခဲ့ပြီး ကျောင်းသားလူငယ်တွေအတွက် သိပ္ပံနဲ့နည်းပညာအထောက်အကူပြု ထုတ်ကုန် ၂ ခုဖြစ်တဲ့ Elements and Circuits တို့ကို ပါဝင်ပြသခဲ့တယ်လို့  360Ed ကိုတွဲဖက်ထူထောင်သူ ဒေါ်လှလှဝင်းက ပြောပါတယ်။ 

360Ed ရဲ့ထုတ်ကုန်တွေဟာ ကလေးတွေနားလည်ရခက်တဲ့ ဓာတုဗေဒအီကွေးရှင်းတွေကို ရှင်းလင်းတဲ့ပုံစံဖြစ်အောင် 3D ပုံစံနဲ့ ခွဲခြမ်းပြတဲ့ သင်ထောက်ကူပြုထုတ်ကုန်တွေဖြစ်ပါတယ်။

360Ed အမှုဆောင်အရာရှိချုပ်(စီအီးအို) ဒေါ်လှလှဝင်းက  “ ဖိတ်ခံရတာကတော့ ဒီကရေတပ်ဗိုလ်ချုပ်နှစ်ယောက်က ဒီပွဲကို ဦးစီးပြီး လုပ်တယ်။ ကျနော်နဲ့က ပြီးခဲ့တဲ့ ၃ ပတ်လောက်က ဆီလီကွန်ဗယ်လီမှာ ကျနော် Talk တခုပေးတဲ့အခါမှာ သူတို့လာနားထောင်ရင်းနဲ့ တွေ့ပြီးတော့ဖိတ်လိုက်တာပါ။ ဒီပွဲမှာတော့ ကျနော်တို့ရဲ့ Product (ထုတ်ကုန်) တွေထဲက သိပ္ပံနဲ့နည်းပညာဆိုင်ရာ Product ၂ ခု ကို လာပြဖြစ်ပါတယ်။ Elements နဲ့ Circuits ပေါ့။ ဒီ Productက ကျနော်တို့ မြန်မာပြည်မှာမြစ်ဖျားခံလာပြီးတော့ အခုတော့ အမေရိကမှာလည်း ရောင်းပါတယ်။  အမေရိကမှာဆိုရင် ကျနော်တို့ရဲ့ ဝက်ဆိုက်ကနေတဆင့် သို့မဟုတ် Amazon တို့ World Mart တို့ကနေ ဝယ်လို့ရပါတယ်”လို့ ပြောပါတယ်။

360Ed  ဟာစစ်တပ်အာဏာမသိမ်းခင်က မြန်မာနိုင်ငံတွင်းမှာလည်း မြန်မာကျောင်းသား ကျောင်းသူတွေအတွက်  နည်းပညာနဲ့ ပညာရေး ဝန်ဆောင်မှုလုပ်ငန်းတွေ ဆောင်ရွက်ခဲ့ပါတယ်။

အခုပြပွဲမှာတော့ အမေရိကန် ရေတပ်အာဏာပိုင်တွေဟာ သူတို့ရေတပ်နဲ့ ဆက်စပ်နေတဲ့နည်းပညာတွေ သိမှတ်စရာ တွေကိုစိတ်ဝင်တစားရှိတဲ့ အလယ်တန်းနဲ့အထက်တန်းအရွယ် ကျောင်းသားကျောင်းသူတွေအတွက် ရည်ရွယ်ပြီး အခုလို မိတ်ဆက်ကျင်းပနေတာဖြစ်ပါတယ်။

ပြပွဲကိုတက်ရောက်ဖို့ စာရင်းသွင်းခဲ့တဲ့ ကျောင်းသားလူငယ်ပေါင်း ၂၀၀၀၀ ကျော်အထိရှိခဲ့ပြီး ရေတပ်နဲ့ ဆက်စပ်တဲ့ နည်းပညာဆိုင်ရာအကြောင်းအရာတွေကို ရေတပ်အရာရှိတွေကိုယ်တိုင် ရှင်းလင်းပြသခဲ့တာကိုတွေ့ရပါတယ်။

ဒေါ်လှလှဝင်းက“ကလေးတွေကို အလယ်တန်းနဲ့ အထက်တန်းကစပြီးတော့ နည်းပညာတွေနဲ့ ရင်းနှီးအောင်၊ နောက်တသားတည်းဖြစ်တယ်ဆိုတဲ့ဟာကိုလည်း ပြချင်တယ်။ ကလေးတွေကို နည်းပညာနဲ့ ဖိတ်ခေါ်ပြီးတော့ တချိန်မှာ ရေတပ်မှာ တာဝန်ထမ်းချင်လာအောင်ပေါ့နော်။ မြန်မာပြည်မှာလည်း ကျနော်တို့ တွေ့ဖူးပါတယ်။ သင့်အား တပ်မတော်မှအလိုရှိသည်ဆိုတဲ့ ဆိုင်းဘုတ်ကြီးတွေ ဘာမှလည်း စိတ်ဝင်စားစရာ မကောင်းဘူး။ နောက် တပ်မတော်က ရွံမုန်းစရာကြီးပေါ့။  ဒီမှာတော့ တပ်မတော်လို့ ပြောလိုက်ရင် သူတို့က အရမ်းကိုလေးစားတယ်။ သူတို့နိုင်ငံကို ကာကွယ်စောင့်ရှောက်တယ်ပေါ့နော်။ Thank you for your service လို့ အမြဲတမ်းပြောလေ့ရှိတယ်၊  တပ်မတော်သားဆိုတဲ့ နာမည်ကြားလိုက်တာနဲ့လေ”လို့ ပြောပါတယ်။

ပြပွဲမှာ ကျောင်းသားအရွယ်လူငယ်တွေလက်လှမ်းမှီနိုင်မယ့် ဒရုန်းသရုပ်ပြသမှုတွေ၊ ကင်မရာနဲ့ နည်းပညာပြသမှုတွေ၊ အခြေခံသိပ္ပံလက်တွေ့စမ်းသပ်မှုတွေကိုပြသခဲ့ပါတယ်။

ကျောင်းသားလူငယ်တွေ သိပ္ပံနဲ့နည်းပညာကို ပိုပြီးစိတ်ဝင်စားလာအောင်နဲ့ သင်ထောက်ကူ နည်းပညာတွေပိုပြီး ရှင်းလင်းလွယ်ကူမယ့်ပုံစံတွေကို တီထွင်ဖန်တီးပြီး လူငယ်တွေကို ခင်းကျင်းပြသခဲ့တာတွေ့ရပါတယ်။

သုတချမ်းသာ

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013